မကွေးသတင်း

ဆောနယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုး ရန်ပြုလို့ ပြည်သူတွေ အသက်နဲ့ရင်းပြီး စပါးစိုက်နေကြရ၊

တပြင်းနဲ့ ကြီးရွာထဲ စစ်အုပ်စု စီးနင်းတပ်စွဲကာ လူသတ်၊ မီးရှို့၊ ဖောက်ထွင်းခိုးယူ စားသောက်နေ၊

လှိုင်း / MFP၊ သြဂုတ် – ၃

မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တောင်ယောဒေသ၊ ဆောမြို့နယ်ထဲ အာဏာသိမ်း စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းထိုး ရန်ပြုလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့ကလည်း ထမင်းမငတ်ရေးအတွက် အသက်နဲ့ရင်းကာ စပါးစိုက်ပျိုးနေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စစ်အုပ်စုဟာ ဆောမြို့နယ်၊ တပြင်းရွာထဲ မေလက စတင်ကာ စီးနင်းအထိုင်ချ တပ်စွဲထားသလို ကျောက်ထု – ထီးလင်း လမ်းပိုင်းပေါ်ရှိ အခက်အချာကျတဲ့ ကြီးကျေးရွာမှာလည်း ဇူလိုင်လယ်က စတင်ကာ စီးနင်းအထိုင်ချ တပ်စွဲလိုက်တာကြောင့် လယ်ဆော၊ နှော်၊ မိအယ် စတဲ့ ကျေးရွာတွေ အပါအဝင် အနီးဝန်းကျင် ရွာတွေက ပြည်သူတွေ အသက်လု ထွက်ပြေး နေကြရတာ ဖြစ်ပါတယ်။

စစ်အုပ်စုက စစ်ကြောင်းထိုး၊ လူသတ်၊ ရန်ပြုတာကြောင့် ဆောနယ်ရှိ ပြည်သူတွေအနေနဲ့ စိုက်ပျိုးပြီးစ မိုးစပါးခင်းတွေကို စွန့်ပစ်ကာ ထွက်ပြေးတိမ်းရှောင် ကြရသလို လယ်ယာတွေမှာ စပါး မစိုက်နိုင်သူတွေလည်း အများအပြား ရှိနေတယ်လို့ ကျောက်ထုနယ်ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

“မိုးစပါးက ရွှေအောင်သာ(ရွာ)ဘက်နားတွေကတော့ မစိုက်ရဲကြဘူးဗျ။ ကြီးနဲ့ လယ်ဆောကြားကတော့ စိုက်ကြတယ်။ ကြီးနဲ့ ရွှေအောင်သာ ကြားကတော့ မစိုက်ရဲကြဘူး။ ကာလံဒေသံ ကြည့်ရတာပေါ့။ ဆေးဖြန်းလို့ ရတဲ့အချိန်ကျရင် ဖြန်းမှာပေါ့။ ဆေးဖြန်းရပေမယ့် ဖြန်းလို့အခွင့်မသာဘူး၊ စစ်ကြောင်းနဲ့ ဘာညာနဲ့ဆိုရင်တော့ ဖြန်းမှာ မဟုတ်ဘူး။ စိုက်လို့ရတဲ့ အချိန်ကတော့ စိုက်နေကြတယ်”

ဆောမြို့နယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုး ရန်ပြုနေတာကြောင့် ဒေသခံတွေ အနေနဲ့ လယ်ယာမြေတွေမှာ ထယ်ရေးခင်းတာ၊ စပါးစိုက်ပျိုးတာ၊ ဆေးဖြန်းတာတွေ မလုပ်နိုင်ကြလို့ ဝင်ငွေ မရှိသလို စားဝတ်နေရေးလည်း ခက်ခဲနေပြီး စစ်ရှောင်တွေကို လာရောက်ကူညီထောက်ပံ့တာတွေလည်း မရှိသေးဘူးလို့ လောင်းရှည်ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အားလုံးတော့ စိုက်လို့ မရပါဘူး။ အနည်းအကျဉ်းတော့ စိုက်ကြပါတယ်။ တောင်သူ လုပ်မရကြတော့ ငွေကြေးကတော့ ခက်ခဲကြပါတယ်။ အခုအချိန်ထိတော့ စစ်ရှောင်တွေကို ကူညီတာ ဘာမှကို မရှိသေးပါဘူး”

တောင်ယောဒေသဟာ စပါးထွက်တဲ့ ဒေသဖြစ်ပေမယ့် လက်ရှိမှာတော့ ဆန်စျေးတက်ကာ ဆန်တစ်ပြည်ကို ၄၀၀၀ ကျပ် ဝန်းကျင် ပေါက်စျေးရှိနေတယ်လို့ ဆိုပါတယ်။

ယောဒေသတွင်း မိုးစပါးအဖြစ် ဆင်းသုခ၊ ရွှေမန်း၊ ဧရာမင်း စပါးမျိုးတွေ စိုက်ပျိုးကြတာ ဖြစ်ပြီး လက်ရှိမှာတော့ စစ်အုပ်စု ရန်ကြောင့် လယ်မြေအများစု မစိုက်ပျိုးနိုင်ဘဲ အနည်းစုကတော့ အသက်နဲ့ရင်းပြီး စပါးစိုက်နေကြရတယ်လို့ ဆိုပါတယ်။

ဆော – မင်းတပ် လမ်းပိုင်းပေါ်ရှိ ဆောမြို့နဲ့ အနီးတဝိုက်က မင်းလယ်၊ သီးကုန်း၊ တောင်ဘို့ကြီး၊ ကာက၊ လှော်ကား၊ ခင်ပြင်၊ ရင့်ရဲ့ချောင်း စတဲ့ ကျေးရွာတွေ၊ ကျောက်ထု – ထီးလင်း လမ်းပိုင်းပေါ်ရှိ ကြီးကျေးရွာ အပါအဝင် လယ်ဆော၊ နှော်နဲ့ မိအယ်ကျေးရွာက ဒေသခံပြည်သူ တစ်သောင်းဝန်းကျင်ဟာ စစ်အုပ်စု ရန်ကြောင့် ရက်ရှည် စစ်ရှောင်နေကြရပြီး မိုးထဲလေထဲမှာ ဖြစ်သလို နေထိုင်ကြရသလို လယ်ယာလုပ်ငန်းခွင်တွေလည်း မလုပ်ကိုင်နိုင်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုက ဒေသတွင်း ကျေးရွာတွေပေါ် တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးပတ်ကြဲနေလို့ ပြည်သူထိခိုက်သေဆုံးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“ကြီးနဲ့ ရွှေအောင်သာကြား၊ ရွှေအောင်သာနားတဝိုက်ကို ဖိုက်တာတွေနဲ့ လာကြဲတာမျိုးတွေ ရှိပါတယ်။ ဇူလိုင် ၃၁ ရက်နေ့က Y12 နဲ့ ကြီးရွာထဲက စစ်အုပ်စုအတွက် လက်နက်ခဲယမ်း၊ ရိက္ခာတွေကို လာ ချပေးသေးတယ်။ ဆောမြို့တဝိုက်ကိုလည်း ဗုံးကြဲတာတွေ လုပ်နေတယ်။ ၃၀ ရက်နေ့ကလည်း Y8 နဲ့ ထီးလင်း မြို့ပေါ်ကို ရိက္ခာချပေးသေးတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဇူလိုင် ၂၆ ရက်က ဆောမြို့နယ်၊ လောင်းရှည်မြို့အနီး၊ ကြံခင်းကျေးရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ အသက် သုံးနှစ်အရွယ် ကလေးနဲ့ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးတို့ နေအိမ်ထဲမှာပဲ ပွဲချင်းပြီး သေဆုံးကာ နောက်ထပ် ရွာခံပြည်သူ သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်ကလည်း ဆောမြို့နယ်၊ လောင်းရှည်မြို့နယ်ခွဲရှိ နတ်ကောင်းကျင်းနဲ့ ရင်းကဲကျေးရွာတွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ ကလေးသူငယ် အပါအဝင် အရပ်သားပြည်သူ သုံးဦး သေဆုံးပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်ရှိမှာ ဆောမြို့နယ် တပြင်းကျေးရွာထဲ မိတ္ထီလာမြို့ တပ်မ ၉၉ က စစ်ကြောင်းမှူး ဗိုလ်ကြီးအဆင့် သီဟအောင် ဦးဆောင်တဲ့ အင်အား ၁၅၀ ဝန်းကျင်ရှိ စစ်အုပ်စုက စီးနင်း အထိုင်ချတပ်စွဲထားပြီး ကြီးကျေးရွာမှာလည်း တပ်မ ၇၇ က စစ်ကြောင်းမှူး ဗိုလ်ကြီးအဆင့် ဇော်သူရ ဦးဆောင်တဲ့ အင်အား ၁၆၀ ခန့် စီးနင်းအထိုင်ချ တပ်စွဲထားတယ်လို့ ဒေသတွင်း သတင်းတွေ ဖော်ပြနေတဲ့ ယောအလင်းတန်းက အသိပေးထားပါတယ်။

တပြင်းရွာကို စီးနင်းတဲ့ စစ်အုပ်စုဟာ ကျောင်းထိုင်ဘုန်းကြီးနဲ့ CDM ကျောင်းဆရာ အပါအဝင် ဒေသခံပြည်သူ ခြောက်ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သလို ကြီးကျေးရွာကို စီးနင်းတဲ့ စစ်အုပ်စုကလည်း ဒေသခံပြည်သူ လေးဦးထက်နည်းကို သတ်ဖြတ်ထားပြီး ဖြစ်ပြီး ကျေးရွာတွေထဲက အချိန်မီ ထွက်မပြေးနိုင်ဘဲ ပိတ်မိနေသူနဲ့ ဓားစာခံ ဖမ်းဆီးခံထားရသူတွေလည်း ရှိကာ စစ်အုပ်စုက နေအိမ်တွေ ဖောက်ထွင်းပြီး မီးရှို့တာ၊ တန်ဘိုးရှိပစ္စည်း လုယက်တာ၊ ဆန်၊ ရိက္ခာနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ခိုးယူစားသောက်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေ အပါအဝင် ချင်းပြည်တောင်ပိုင်းရှိ စစ်ရှုံးမြို့၊ရွာတွေ ပြန်ရရေးအတွက် အာဏာသိမ်း စစ်အုပ်စုက မေလက စတင်ကာ မန္တလေးနဲ့ မိတ္ထီလာမြို့ကနေတဆင့် ချင်းနဲ့မကွေးအစပ်၊ ယောဒေသ ဆောမြို့နယ်ထဲ အင်အားထောင်ချီ စစ်ကြောင်းထိုးကာ ကျေးရွာတွေကို စီးနင်းပြီး လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ယောဒေသ လယ်ယာလုပ်ငန်းခွင်နဲ့ စစ်အုပ်စု ရန်ကြောင့် ထွက်ပြေးနေကြရတဲ့ ပြည်သူတွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ယော #ဆောမြို့နယ်

Related Articles

Back to top button