မကွေးသတင်းအညာမြေ တော်လှန်ရေး

ယင်းမာပင်မှာ ၈၈၈၈ အကြို လူထုလှုပ်ရှားမှု ပြုလုပ်ကာ လူထုကို လှုံ့ဆော်၊

သုထက်/MFP၊ ဩဂုတ် – ၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ယင်းမာပင်မြိုနယ် သပိတ်အင်အားစုက ဦးဆောင်ပြီး  ၃၈ နှစ်ပြည့် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှု ပြုလုပ်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုံ့ဆော်မှုတွေကို ဩဂုတ် ၅ရက်က ပြုလုပ်ခဲ့တယ်လို့ ဦးဆောင်သူတွေက MFP ကိုပြောပါတယ်။

စစ်အာဏာရှင်စနစ် ကျဆုံးရေး တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သူတွေကို အောက်မေ့ သတိရသော အားဖြင့် ၈၈၈၈ အထိမ်းအမှတ်နေ့မှာ လူထုအနေနဲ့ အန္တရာယ်ကင်းတဲ့ နည်းလမ်းတွေနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလှုံ့ဆော်ခဲ့တာလို့ ယင်းမာပင် သပိတ်အင်အားစု ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“အဓိကတော့ ၈၈၈၈ အပါအဝင် တော်လှန်ရေးတိုင်း ပါဝင်ကြတဲ့ ကျဆုံးသူတွေကို မမေ့ဖို့၊ သူတို့ကို ရည်ရွယ်ပြီး ပန်းရှစ်ပွင့်၊ သောက်တော်ရေ ရှစ်ခွက်၊ ဆွမ်းဟင်း ရှစ်မျိုး၊ လူရှစ်ယောက် စတဲ့ ရှစ်ဂဏန်းပါ ကုသိုလ်ကောင်းမှု၊ ဘယ်အရာမဆို ပြုပေးဖို့ လှုံဆော်ခဲ့တယ်”

၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုအဖြစ် ယင်းမာပင်မြို့နယ်ထဲ လမ်းလျှောက်သပိတ်နဲ့ အထိုင်သပိတ်တွေ ပြုလုပ်ခဲ့ပြီး သပိတ်အဖွဲ့ဝင်တွေနဲ့အတူ ကျောင်းသားတွေ၊ ဆရာ ဆရာမနဲ့ ဒေသခံ ပြည်သူတွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ သွေးခွဲသပ်လျှိုမှုတွေကို သတိကြီးကြီးထားဖို့၊ နွေဦးတော်လှန်ရေးမှာ ဆက်လက် ပူးပေါင်းပါဝင် တော်လှန်ဖို့နဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ အချင်းချင်းကြား မညီညွတ်မှုနဲ့ အချင်းချင်း လုပ်ကြံသတ်ဖြတ်မှုတွေကိုလည်း ပြည်သူ့အားနဲ့ ထိန်းကျောင်းပေးကြဖို့လည်း တိုက်တွန်းခဲ့တယ်လို့ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။

“ပေးဆပ်သွားတဲ့ မျိုးဆက်အတွက် ဒို့မျိုးဆက်က သွေးကြွေးဆပ်”ဆိုတဲ့ စာသားကို အဓိက ဘန်နာအဖြစ် ကိုင်ဆွဲပြီး “အစိုးရဆိုတာ ​ပြည်သူကို ဝန်ဆောင်မှုပေးဖို့ ဖြစ်တယ်၊ ပြည်သူ ကြည်ဖြူရင် အခွန်၊ ပြည်သူ မကြည်ဖြူရင် အဆိပ်၊ သပိတ်အင်အားစုများ လှုပ်ရှားမှု သက်သက်ထက် ကျော်လွန်ကြ၊ တော်လှန်ရေးဆိုတာ သယံဇာတ ထုတ်ရန် သက်သက်မဟုတ်၊ အချင်းချင်း သေနတ်ပြောင်း လှည့်နေတာတွေ ချက်ချင်းရပ်၊ ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ့ယန္တရားကို ပြန်လည် ဖွဲ့စည်းကြ၊ တန်ပြန် တော်လှန်ရေးကို ဆန့်ကျင်ကြ၊ အမှားကြာ၍ အမှန်မဖြစ်ဖို့ လူထုအားနဲ့ ထိမ်းကြစို့ ဆိုတဲ့ စာသားဘန်နာတွေကိုလည်း ကိုင်ဆွဲချီတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ယင်းမာပင်မြို့နယ် သပိတ်အင်အားစုဟာ စစ်ကိုင်းတိုင်း သပိတ်အင်အားစုတွေနဲ့အတူ လူထုကို စည်းရုံးလှုံ့ဆော်မှုတွေ လုပ်နေပြီး ပြန်ကြားရေး အသံလွှင့် ဌာနေတွေနဲ့ ပူးပေါင်းကာ အိုင်ကွန်တွေက တဆင့်လည်း လှုံဆော်ခဲ့တယ်လို့ ဆိုပါတယ်။

ယင်းမာပင်နယ်မှာ ၈၈၈၈ အကြို လူထုလှုပ်ရှားမှု ပြုလုပ်စဉ်/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #ယင်းမာပင် #၈၈၈၈အရေးတော်ပုံ

Related Articles

Back to top button