
Phoenix/MFP၊ သြဂုတ် – ၁၂
မန္တလေးမြို့မှာ လူငယ်လူရွယ်တွေကို ဖမ်းဆီး၊ ပေါ်တာဆွဲ၊ ငွေညှစ်ကာ အာဏာသိမ်း စစ်အုပ်စုအတွက် အသေခံ စစ်သားသစ် စုဆောင်းပေးနေတဲ့ ရပ်ကွက်ရာအိမ်မှူးဆိုသူကို စစ်ထဲကနေ မသေဘဲ ပြန်လာနိုင်တဲ့ လူငယ်တစ်ဦးက ဓားနဲ့ထိုးမှု မနေ့ညက ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဩဂုတ် ၁၁ ရက် ည ၇နာရီကျော်အချိန် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံ အလယ်ရပ်ကွက်ရှိ စစ်အုပ်စုခန့် ရာအိမ်မှူး အသက် ၆၀ ကျော်အရွယ် ဦးနိုင်ဝင်းဆိုသူ လက်ဖက်ရည်ဆိုင် ထိုင်နေချိန် လူငယ်တစ်ဦးက ဓားနဲ့ ဝင်ထိုးတာလို့ ဆိုပါတယ်။
ဦးနိုင်ဝင်းဟာ စစ်အုပ်စုနဲ့ ပူးပေါင်းကာ လူငယ်တွေကို ပေါ်တာဆွဲ၊ ငွေညှစ်နေသူဖြစ်ပြီး ငွေမပေးနိုင်သူတွေကို အသေခံစစ်သားအဖြစ် အသုံးချနိုင်ဖို့ စစ်အုပ်စုလက်အပ်နေသူ ဖြစ်တယ်လို့ မန္တလေးမြေပြင် ကင်းထောက်အဖွဲ့ Mdy Revolution က ဖော်ပြပါတယ်။
“နိုင်ဝင်းက ရပ်ကွက်နေပြည်သူများကို စစ်မှုထမ်းကြေးဟုဆိုကာ အဓမ္မ ငွေညှစ်နေပြီး ထိုသို့ ငွေကြေး အများအပြား တောင်းခံခြင်းကို မကျေနပ်သဖြင့် တိုက်ခိုက်ခဲ့ခြင်းဟု ကနဦး သိရ၊ ထို့ပြင် နိုင်ဝင်းမှာ အမှတ် ၈ ရဲစခန်းမှ ရဲများနှင့် ပူးပေါင်းပြီး ရပ်ကွက်အပေါ် အနိုင်ကျင့်ခြင်း၊ လှည့်ကင်း ပတ်ကင်းများတွင် လိုက်ပါခြင်းများ ကျူးလွန်နေသူ ဖြစ်ကြောင်း သိရ” လို့ Mdy Revolution က ဖော်ပြပါတယ်။

အဲ့ဒီ ဦးနိုင်ဝင်းကို ဓားနဲ့ ထိုးတဲ့ လူငယ်ဟာ စစ်မှုထမ်း အပတ်စဉ် ၂ ကနေ (၂၀၂၄ ဧပြီမှာ အသေခံ စစ်သားအဖြစ် စုဆောင်းခံရသူ) ပြန်လာသူ ဖြစ်တယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။
ဦးနိုင်ဝင်းဆိုသူ အသက်မသေဘဲ ဆေးရုံပို့ထားရပြီး ကျူးလွန်သူ လူငယ်ကိုတော့ သူ့ရဲ့ နေအိမ်မှာ သွားရောက် ဖမ်းဆီးခဲ့ကာ အမှတ် ၈ ရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။
မန္တလေးမြို့ အပါအဝင် နိုင်ငံတဝန်းမှာ ၂၀၂၄ မတ်လက စလို့ တစ်လကို လူ ၅၀၀၀ နှုန်း စစ်အုပ်စုက စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး စုဆောင်းရရှိလာသူတွေကို ရက်တို စစ်သင်တန်းပေး၊ လက်နက် ထုတ်ပေးကာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေဆီ ပို့လွှတ်ပြီးနောက် စစ်တိုက်ခိုင်းတာ ဖြစ်ပါတယ်။
စစ်အုပ်စုအတွက် အသေခံ စစ်သားအဖြစ် အသုံးချနိုင်ဖို့ ဦးနိုင်ဝင်းလို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လူရှာပေးရပြီး ဆင်းရဲသား၊ အလုပ်သမားတွေကို ပစ်မှတ်ထား ပေါ်တာဆွဲဖမ်းဆီးကာ ငွေမပေးနိုင်သူတွေကို စစ်အုပ်စုလက် အပ်တာ ဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမှာ စစ်အုပ်စုအတွက် စစ်သားသစ် စုပေးနေတဲ့ ရာအိမ်မှူးတွေကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



