မန္တလေးသတင်း

ဧရာဝတီနဲ့မူးမြစ်ဆုံရာ မြင်းခြံ ငါန်းဇွန်မှာ ရွာ ၂၀ က စစ်ရှောင်တွေ ရေဘေးဒုက္ခ ထပ်ကြုံ၊

စားနပ်ရိက္ခာ၊ ရေနဲ့ အမိုးအကာတွေ လိုနေပြီး ကူညီကယ်ဆယ်သူမရှိ ဖြစ်နေ၊

MN/MFP ၊ ဩဂုတ် – ၁၂

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ဧရာဝတီနဲ့ မူးမြစ်တို့ မြစ်နှစ်စင်းဆုံရာ နေရာမှာ ရေကြီး နစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ကျေးရွာ ၂၀ ကျော်က ထောင်သောင်းချီတဲ့ စစ်ဘေးရှောင်တွေ ရေဘေးဒုက္ခ ထပ်မံ ကြုံနေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဩဂုတ် ၈ ရက်က စပြီး တဟုန်ထိုး မြစ်ရေတက်လို့ ငါန်းဇွန်နယ် အနောက်ခြမ်း ဧရာဝတီမြစ်ရိုး တလျှောက် ရွာ ၂၀ ကျော်က စစ်ဘေးရှောင် ပြည်သူတွေ ရေဘေးလွတ်ရာ အရေးပေါ် ပြောင်းရွှေ့ကြရ ကာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေ၊ အမိုးအကာ စတဲ့ အကူအညီတွေ လိုအပ်နေပြီး လက်ရှိ အချိန်ထိ ကူညီထောက်ပံ့သူလည်း မရှိဘူးလို့ ဆိုပါတယ်။

“အခု အကူအညီ မရကြသေးတာတွေကတော့ ဒေသအခေါ် ကျွန်း ၁၂ ရွာလို့ ခေါ်တဲ့ ဧရာဝတီမြစ်ကမ်း တောင်ဘက်က ရွာတွေပါ။ အခု ရှောင်နေကြရတာက စစ်ဘေးရှောင်နေကြရတဲ့ ရွာတွေ အကုန်လုံးပဲ။ အခုက ရေက အရမ်းတက်လာတော့ သူတို့နေလို့မရတော့ နေရာက ခဏခဏ ရွှေ့နေကြရတာ။ အခု ရေဝင်နေတဲ့ ရွာတွေက ဧရာဝတီမြစ်ကမ်းဘေး ကပ်လျက်ရွာတွေ၊ နောက်ပြီးတော့ အခု မူး(မြစ်)က ရေတိုးနေတဲ့ နေရာကနေလည်း သူတို့ရွာတွေနဲ့ဆို နှစ်မိုင်ကျော်လောက်ပဲ ဝေးတာ။ အခု ရေဝင်နေတဲ့ ရွာတွေက အရင်ကလည်း ဧရာဝတီမြစ်ရေ တက်ရင် ရေဝင်နေကျဆိုပေမဲ့ အခုကတော့ စစ်ကိုင်းတိုင်းထဲက ဆည်တွေကနေ ရေတွေ လွှတ်ချထားတာဆိုတော့ အတော်လေးကို ရေကြီးတာက ဆိုးသွားတာ။ အခု မူးက လာနေတဲ့ ရေတွေရောဆိုတော့ အရင်ကထက် ရေကြီတာ ပိုဆိုးနေတာ။ ဒီနေ့ထိ အဲဒီ ကျွန်း ၁၂ ရွာက စစ်ရှောင်ပြည်သူတွေဆီကို အကူအညီတွေ မလာလို့ အခက်အခဲတွေ ဖြစ်နေကြတယ်။ နောက်ပြီးတော့ ကျွန်တော်တို့နယ်မှာက ဓာတ်ဆီကလည်း လိုသလောက် ဝယ်လို့က မရဘူး။ စက်လှေကလည်း ရေတက်လာရင် ဓာတ်ဆီနဲ့မှ သွားလို့ရတာဆိုတော့ အခက်ခဲတွေကတော့ အများကြီးပဲ”လို့ ငါန်းဇွန်နယ်ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

မြစ်နှစ်စင်းဆုံပြီး ရေကြီးနစ်မြုပ်နေတာကြောင့် ငါန်းဇွန်နယ်အနောက်ခြမ်းရှိ ဆင်တပ်၊ ရေလယ်သောင်၊ အောင်သုခ၊ လင်္ကာဒီပ၊ ခေါင်းပို၊ လက်ပံသာ၊ အောင်သာ၊ မြောက်ကျွန်း၊ ဆင်ဖြူကုန်း၊ ကန်သာ၊ ရေဆင်း၊ ထနောင်းကုန်း၊ မရိုးကုန်း၊ နတ်ကြီး၊ ကြည်ကုန်း၊ သကျင်၊ ပေါက်တော၊ ငါန်းမြာကြီး စတဲ့ ကျေးရွာ ၂၀ ကျော်က စစ်ရှောင်ပြည်သူတွေ ကွင်းပြင်မှာ တိမ်းရှောင်နေထိုင် ကြရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက ငါန်းဇွန်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာကြောင့် အဲ့ဒီ ရွာ ၂၀ ကျော်က ပြည်သူတွေ ဧရာဝတီမြစ်ဘေးတလျှောက် စစ်ဘေးရှောင် ခိုလှုံနေထိုင်ကြရတာ နှစ်နဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပြီး လတ်တလောမှာ ရေဘေးမှာ ထပ်မံ ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။

ငါးဇွန်နယ်ရဲ့ ဧရာဝတီမြစ်တဖက်ကမ်း၊ စစ်ကိုင်းတိုင်းဘက်ခြမ်းမှာလည်း သဖန်းဆိပ်ဆည်ကနေ ရေလွှတ်ချထားလို့ မူးမြစ်ရေကြီးကာ ကျေးရွာ အများအပြား ရေကြီးနစ်မြုပ်နေပြီး လူသေဆုံးတာ၊ အိုးအိမ်နဲ့ လမ်းတံတားတွေ ရေစီးမျောပါ ပျက်စီးတာတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

မြင်းခြံ ငါးဇွန်နယ်မှာ စစ်ဘေးရှောင်ရင်း ရေဘေးသင့်နေတဲ့ ပြည်သူတွေ/Photo – ဒေသခံ (ပေးပို့)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ငါန်းဇွန် #မန္တလေးမြင်းခြံ #ရေဘေးဒုက္ခ

Related Articles

Back to top button