မကွေးသတင်း

မြစ်ရေတက်လာတာကြောင့် ပခုက္ကူခရိုင်အတွင်းက စစ်အုပ်စုမီးရှို့သွားတဲ့ ကျေးရွာတွေ ရေဘေးထပ်မံရှောင်တိမ်းနေကြရ

‌အီသာရမ်/MFP၊ဩဂုတ်-၁၃

မကွေးတိုင်း၊ပခုက္ကူခရိုင်အတွင်းက ရေစကြိုနဲ့ မြစ်ခြေဒေသတွေက စစ်အုပ်စုမီးရှို့ဖျက်ဆီးတာခံခဲ့ရတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ရေ ထိုးတက်လာတာကြောင့် ထပ်မံရှောင်တိမ်း နေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

ဩဂုတ်လ ပထမအပတ်ကစပြီး ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနီးက ကျေးရွာတွေဖြစ်တဲ့ ဆွဲကြီးကျေးရွာ၊ ရွာသာအေးကျေးရွာ၊အင်းဝိုင်းကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ ဧရာဝတီမြစ်ရေ တရိပ်ရိပ်တက်လာပြီး အခုဆိုရင် အဲဒီကျေးရွာက ဒေသခံပြည်သူတွေ ဘေးလွတ်ရာစတင် ရှောင်နေကြရပြီလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်အုပ်စုစစ်ကြောင်း မီးရှို့ဖျက်ဆီးတာခံခဲ့ရတဲ့ မြစ်ခြေမြို့အနီးတဝိုက်က ကျေးရွာ ၂၀ ခန့်က ပြည်သူတွေဟာ ဧရာဝတီမြစ်ရေ တက်လာတာကြောင့် အခုရက်ပိုင်းမှာ ရေဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေမှာ ထပ်မံရေဘေးရှောင်နေကြရတာလို့ ဆိုပါတယ်။

“ဆွဲကြီးဘက်ဆိုရင်လည်း မီးလောင်ထားတာနဲ့ဆိုတော့ သိပ်တော့ နေစရာတော့ မရှိပါဘူး၊နေစရာမရှိတော့ရေက ဒီတိုင်းပဲ ရွာတွေထဲကို လူတရပ်မြုပ်တဲ့နေရာက မြုပ်တာပေါ့ဗျာ၊တချို့နေရာတွေကျတော့ မမြုပ်သေးဘူး၊ အိမ်မီးလောင်တဲ့ အိမ်တွေကတော့ မနေတော့ဘူးလေ၊အိမ်မီးမလောင်သေးတဲ့အိမ်တွေကျတော့ ပစ္စည်းတွေဘာတွေတင်ပြီး ပုံမှန်အရကို ဘုန်းကြီးကျောင်းတွေမှာနေကြရတာကို” လို့မြစ်ခြေဒေသခံတစ်ဦးက ပြောပါတယ်။

ဧရာဝတီမြစ်ရေ တတ်လာလို့ ရေဘေးရှောင်ရတဲ့ မြစ်ခြေမြို့အနီးက ကျေးရွာတွေက ပြီးခဲ့တဲ့ မေလမှာ စစ်အုပ်စုစစ်ကြောင်းက တစ်လခန့်အကြာ စစ်ကြောင်းထိုးမွှေနှောက်ပြီး ဒေသခံပြည်သူ ၄၀ ခန့်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကာ ကျေးရွာနေအိမ် တစ်ထောင်ကျော်ခန့်ကို မီးရှို့ဖျက်ဆီးတာခံထားရတာကြောင့် နေထိုင်စရာအိမ်မရှိသေးဘဲ ဖြစ်သလိုနေထိုင်နေရချိန် အခုလို ရေဘေးပါထပ်မံကြုံတွေ့ လာရတာဖြစ်ပါတယ်။

ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်းမှာလည်း ချင်းတွင်းမြစ်ရေနဲ့ ဧရာဝတီမြစ်ရေက နှစ်စဉ်ရေထက် ပိုတက်လာနေပြီး ကျေးရွာတချို့ကတော့ မြစ်ရေကြောင့် ကမ်းပြိုကာ ရွာလုံးကျွတ် ပြောင်းရွှေနေထိုင် နေရတာမျိုးတွေလည်း ရှိနေပြီး၊ အရင်ပုံမှန်နှစ်တွေမှာ ရေမတက်တဲ့ကျေးရွာတွေကိုပါ ရေတွေ ဝင်ရောက်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာတွေက အခုလက်ရှိဝင်နေတဲ့ရွာတွေက ပုံမှန်ဆိုတာထက်ရေတွေက များနေတာဗျ၊တချို့ရွာတွေဆိုရင် လေးငါးနှစ်လောက် ရေမဝင်တာကြာပြီပေါ့နော် ဒါပေမယ့် ဒီနှစ်မှာ ရေတော်တော်ဝင်တယ်ဗျ၊ မြစ်ကမ်းနားဘေးက ရွာတွေဆိုရင် ဒီရေမကြီးခင်က ရေတတ်နေလို့ ရွာလုံးကျွတ် ကမ်းပြိုသွားတဲ့ ကျေးရွာတွေလည်းရှိတယ်ပေါ့နော်၊အခုက ကမ်းပြိုတာကျော်ပြီး တအားများပြီးတော့ အကုန်လုံးရေတွေ ဝင်နေပြီ၊ရေလည်ကျွန်းဆိုရင် ရွာတော်တော်များများလည်းရေဝင်ကုန်ပြီဗျ၊ချင်းတွင်းမြစ်ကမ်းဘက်ဆိုရင်လည်း ဟိုဘက်ဒီဘက် အကုန်လုံးရေတွေဝင်ကုန်ပြီဗျ၊ရေက ဒီနှစ်ကတော်တော်များတယ်ဗျ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြစ်ရေတက်လာတာကြောင့် မြစ်ကမ်းနားက ကျေးရွာတွေမှာ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေ ဆုံးရှုံးသွားရပြီး ပြန်လည်စိုက်ပျိုးဖို့ ခက်ခဲဦးမယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ရေးသာမက ရေဘေးပါ ကြုံတွေ့နေရတဲ့ ပခုက္ကူခရိုင်အတွင်းမှာ မြစ်ရေတတ်လာတဲ့ ကျေးရွာတွေအတွက် နေထိုင်စားသောက်ရေးအတွက် ကြိုတင်စီစဉ်ထားပြီး အခုအချိန်မှာ ရေတက်လာတဲ့အခြေအနေကို စောင့်ကြည့်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပခုက္ကူမြို့နယ် လူသားချင်း စာနာထောက်ထားရေးရာတာဝန်ခံ ကိုစိုးထွဋ်ဝင်း က ပြောပါတယ်။

“မြစ်ရေတတ်လာနဲ့အမျှပေါ့နော် ကျွန်တော်တို့ နေရေးထိုင်ရေးနဲ့စားရေးသောက်ရေးတချို့ကိုတော့ ကျွန်တော်တို့ စီစဉ်ထားမယ်ပေါ့လေ ဒါပေမယ့် အခုချိိန်က စောင့်ကြည့်ဆဲကာလပဲ ရှိပါသေးတယ်၊ရွေ့ပြောင်းနေရတဲ့ အခြေအနေရှိလားဆိုတာ မြေပြင်ကို ထောက်လှမ်းပြီး စောင့်ကြည့်ဆဲကာလဖြစ်ပါသေးတယ်၊ဒါနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ နေရေးထိုင်ရေးစားရေးသောက်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုတွေတော့ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ထားပါတယ်”လို့သူက ဆိုပါတယ်။

စစ်အုပ်စုစစ်ကြောင်း ဝင်ရောက်မွှေနှောက်နေတာ တစ်လခန့်ကြာမြင့်နေပြီဖြစ်တဲ့ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာတော့ ရေဘေးမကြုံရပေမယ့် စစ်အုပ်စုက စစ်ကြောင်းထိုး ဗုံးကြဲသတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေဆဲဖြစ်ပြီး ဒေသခံပြည်သူ ၃၀ ခန့်ကို သတ်ဖြတ်ထားသလို နေအိမ် ၂၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးထားကာ တော်လှန်ရေးတပ်တွေနဲ့လည်း နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်းအတွင်းမှာ ရေစကြိုမြို့နယ်က အိမ်ထောင်စု ၂၁၅ စု၊လူဦးရေ ၈၅၈ ဦး ရေးဘေး‌ခံစားနေရပြီး ဧရာဝတီမြစ်ရေတက်လာနိုင်တဲ့အတွက် အနီရောင်အဆင့်အနေနဲ့ ဆက်လက်စောင့်ကြည့်နေတဲ့ ဇုန်ထဲမှာ ထည့်သွင်းထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MoSLHA) က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကစပြီး မိုးရက်ဆက် ရွာသွန်းကာ ဆည်ရေတွေ ဖောက်ထုတ်နေတာကြောင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်း မြို့နယ်ပေါင်း ၂၁ မြို့နယ်က လူဦးရေ လေးသိန်းခွဲကျော် ရေဘေးသင့်နေပြီး ပြည်သူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကာ စစ်ကိုင်းတိုင်းအတွင်းမှာ လူဦးရေ နှစ်သိန်းနှစ်သောင်းကျော်နဲ့ အများဆုံးခံစားနေရတယ်လို့လည်း (MoSLHA) က ထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button