
စစ်ကိုင်းတိုင်း ၁၃ မြို့နယ်က လူနှစ်သိန်းကျော် ရေမြုပ်နေတာ ၁၀ရက် ရှိလာပြီး သေဆုံးသူ ၃၀ ရှိ၊
သုထက်/MFP၊ ဩဂုတ် – ၁၄
စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန် ရွာသွန်းမှုနဲ့ အာဏာသိမ်း စစ်အုပ်စုက ဆည်ရေ ဖောက်ချတာ ကြောင့် မြို့နယ် ၁၃ ခုရှိ မြို့၊ရွာ ၂၀၀ ကျော်က ပြည်သူ နှစ်သိန်းကျော် ရေကြီးနစ်မြုပ်နေတာ ၁၀ရက်နီးပါ ရှိလာပြီး စားနပ်ရိက္ခာ၊ အမိုးအကာ စတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ ကိုယ် တိုင် ရေဘေးကြုံရသူတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက MFP ကို ပြောပါတယ်။
ဩဂုတ် ၇ရက်မှာ မူးမြစ်ရေ တဟုန်ထိုး မြင့်တက်လာကြောင့် ကိုယ်လွတ်ရုန်း ထွက်ပြေးကြရပြီး ပစ္စည်းပစ္စယတွေ ရွှေ့ပြောင်းသယ်ယူနိုင်တာ မရှိခဲ့ဘူးလို့ ရွှေဘိုနယ်ခံ ရေဘေးသင့်ပြည်သူတစ်ဦးက ပြောပါတယ်။
“ရေက သဖန်းဆိပ် (ဆည်)၊ ကင်းတပ် (ဆည်) အဲ့ကနေ ကာဘိုး (ဆည်)ကနေ လာတာ။ ရုတ်တရက် ထိုးတက်လာတော့ ဘာမှ သယ်ချိန်၊ ရွှေ့ချိန် မရလိုက်ဘူး။ စပါးစိုက်ခင်းတွေ ရေမြုပ်တယ်။ တချို့က စပါးတွေ စိုက်နေဆဲတွေ ရေမြုပ်တာ။ ပျိုးခင်းတွေလည်း မြုပ်တယ်။ ပျိုးတွေက ရေအောက်မြုပ်နေတာ တစ်ပါတ်လောက် ရှိသွားပြီ။ ပျက်ပြီ။ နောက်ထပ် စိုက်ဖို့ဆိုရင် မျိုးစပါး မရှိသေးဘူး၊ ဘာမျိုး စိုက်လို့ရမယ်ဆိုတာလည်း မသိရသေးဘူး။ ပြီးတော့ ဒီဘက်မှာ ငရုတ်နဲ့ ခရမ်းချဉ်လည်း စိုက်ကြတော့ စိုက်ပြီးသား ရေမြုပ်တာလည်း ရှိတယ်၊ ပျိုးပင်တွေလည်း ရေမြုပ်တယ်”

ရွှေဘိုနယ်ဟာ သဖန်းဆိပ်ဆည်ရဲ့ အောက်ဘက် မူးမြစ်ရိုးမှာ တည်ရှိပြီး သဖန်းဆိပ်ဆည်က ရေတွေဟာ မူမြစ်တလျှောက် ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း စတဲ့ မြို့နယ်တွေကို ဖြတ်ပြီးမှ ရွှေဘိုနယ်ထဲ ရောက်တာ ဖြစ်ပါတယ်။
ရေဘေးကြောင့် လမ်း၊တံတားတွေလည်း ပျက်စီး၊ ရေကျော်ကာ သွားလာရေး မလွယ်ကူဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ရေမတက်တဲ့ ကျေးရွာတွေက ပြည်သူအချင်းချင်း ကူညီတဲ့ ထမင်းထုပ်လေးတွေနဲ့ တော်လှန်ရေး အင်အားစုတွေက လာရောက်ပေးဝေတဲ့ ထမင်း၊ဟင်း၊ စားသောက်စရာတွေပေါ် မှီခိုကာ ရေဘေးရှောင်နေကြရတာလို့ အထက်ပါ ရွှေဘိုနယ်ခံ ရေဘေးသင့်ပြည်သူက ပြောပါတယ်။
ဩဂုတ် ၅ရက်နဲ့ ၆ရက်တွေမှာ စစ်အုပ်စုက သဖန်းဆိပ်ဆည်ရေ ဖောက်ချတာကြောင့် ဆည်ရဲ့ အောက်ဘက် မူးမြစ်ရိုးတလျှောက်ရှိ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ရွှေဘို၊ ဝက်လက်၊ ဒီပဲယင်း၊ အရာတော်၊ စစ်ကိုင်း၊ မြင်းမူ စတဲ့ မြို့နယ်တွေ ရေမြုပ်နေသလို မိုးရွာသွန်းမှု များတာကြောင့် ကောလင်း၊ ဗန်းမောက်၊ မြောင် စတဲ့ မြို့နယ်တွေလည်း ရေဘေးဒုက္ခ ကြုံနေကြရတာ ဖြစ်ပါတယ်။

ရေဘေးကြောင့် ကျွန်းလှမြို့နယ်က ရှစ်ဦး၊ ဒီပဲယင်းမြို့နယ်က ခုနစ်ဦး၊ ကောလင်းမြို့နယ်က ခြောက်ဦး၊ တန့်ဆည်မြို့နယ်က လေးဦး၊ ဝက်လက်မြို့နယ်က နှစ်ဦး၊ ရွှေဘိုမြို့နယ်က တစ်ဦး၊ ကန့်ဘလူမြို့နယ်က တစ်ဦး၊ ခင်ဦးမြို့နယ်က တစ်ဦး၊ စုစုပေါင်း ၃၀ ဦး သေဆုံးခဲ့ပါတယ်။
ရေဘေးကြောင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ ပြတ်တောက်ပြီး သွားလာရေး ခက်ခဲတာကြောင့် ကူညီကယ်ဆယ်ရေး မရောက်ရှိနိုင်သေးတဲ့ ကျေးရွာတွေ ကျန်ရှိနေသေးသလို ရေဘေးသင့်ပြည်သူတွေ အတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါး စတဲ့ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု၊ အရေးပေါ်ကူညီတုန့်ပြန်ရေးအဖွဲ့ဝင် ကိုဇွဲမင်းထက် က MFP ကို ပြောပါတယ်။

“လက်ရှိ ရေဘေးသင့်ပြည်သူတွေ အရေးတကြီး လိုအပ်နေတာကတော့ စားဝတ်နေရေးနဲ့ ဆေးဝါး စောင့်ရှောက်မှု ပေါ့နော်။ ဒါတွေ အရေးတကြီး လိုအပ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကူညီကယ်ဆယ်ရေးတွေကတော့ တောက်လျှောက်လုပ်နေတယ် ပေါ့နော်။ လုံလောက်လားလို့ ပြောရင်တော့ ပြည့်စုံလုံလောက်မှုတော့ မရှိဘူး ပေါ့လေ။ ဒါပေမဲ့ အခက်အခဲ အမျိုးစုံကြားထဲကနေတော့ အတတ်နိုင်ဆုံး ကျွန်တော်တို့ ကူညီဆောင်ရွက်မှုတွေတော့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ စိန်ခေါ်ချက်တွေကတော့ သွားတဲ့အခါမှာ၊ ထမင်းထုပ်တွေ သွားပို့တဲ့အခါမှာ ကျွန်တော်တို့ စက်လှေ အခက်အခဲတွေ ရှိတယ်။ တစ်နေရာနဲ့ တစ်နေရာ သွားဖို့ကို ရေတွေက လုံးဝကို လွှမ်းမိုးနေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သွားလာရေးတွေ ကျွန်တော်တို့ ခက်ခဲတယ်”
အာဏာသိမ်း စစ်အုပ်စုကတော့ စစ်ကိုင်းတိုင်းအတွင်းရှိ ရေဘေးသင့်ပြည်သူတွေကို လေကြောင်း ဗုံးကြဲတာတွေလည်း ဆက်လက် ကျူးလွန်နေသလို ရေဘေး ကူညီကယ်ဆယ်ရေး လုပ်မယ့် သူတွေကိုလည်း ခြိမ်းခြောက်နှောင့်ယှက် ဟန့်တားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးမြို့နယ် မြောက်ခြမ်းရှိ ရေမြုပ်နေတဲ့ ကွမ်းတိုင်ကျေးရွာကို ဩဂုတ် ၁၁ ရက်မှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ သုံးကြိမ် ဗုံးကြဲသလို ဝက်လက်နယ်ကိုလည်း တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ နေ့စဉ် ဗုံးကြဲနေတာ ဖြစ်ပါတယ်။
ဩဂုတ် ၁၂ရက်အထိ စာရင်းအရ စစ်ကိုင်းတိုင်း ၁၄ မြို့နယ်က အိမ်ထောင်စု ငါးသောင်းကျော်၊ လူဦးရေ နှစ်သိန်းကျော် ရေဘေးသင့်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရေကြီးနစ်မြုပ်မှုဒဏ် ခံနေကြရတဲ့ စစ်ကိုင်းတိုင်း၊ မူးမြစ်ရိုးတလျှောက်က ကျေးရွာတွေနဲ့ ရေဘေးလွတ်ရာ ခိုလှုံနေကြသူတွေ/Photo – ဒေသခံ တော်လှန်ရေး အင်အားစု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။



