မကွေးသတင်းအညာမြေ တော်လှန်ရေး

မကွေး ရေနံမှော်တွေဘက် ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာ ၅၀ ကျော် သုတ်သင်နိုင်၊

စစ်အုပ်စုက နှစ်လတာအတွင်း ပြည်သူ ၂၀ ကျော် ဖမ်းဆီး သတ်ဖြတ်ကာ ရွာ ၁၁ ရွာ မီးရှို့ဖျက်ဆီး၊

အီသာရမ်/MFP၊ ဩဂုတ် – ၁၅

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်ရှိ ရေနံမှော်၊ ရေနံတွင်းတွေရှိရာဘက် ဦးတည်ကာ မေလက စတင်ပြီး ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့တဲ့ အာဏာသိမ်း စစ်အုပ်စုကို အညာတမာ စစ်ဆင်ရေးအဖြစ် ဒေသခံ တော်လှန်ရေး တပ်တွေက ခုခံတိုက်ခိုက်ခဲ့ရာ နှစ်လကျော်ကြာ တိုက်ပွဲတွေအတွင်း စစ်အုပ်စု ၅၀ ကျော် သုတ်သင်နိုင်ခဲ့တယ်လို့ မကွေး ပြည်သူ့ကာကွယ်ရေး တပ်မတော် – MGY PDF က သတင်း ထုတ်ပြန်ပါတယ်။

ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်ထဲ အင်အား ၅၀၀ လောက်နဲ့ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ နှစ်လကျော်အတွင်း တိုက်ပွဲ အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားခဲ့ကာ စစ်အုပ်စု ၅၀ ကျော် သုတ်သင်နိုင်ခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်မဲ့ အလင်းဝင်လာတဲ့ ပေါ်တာဆွဲခံ စစ်သားသစ် လေးဦး ရှိပြီးသူတို့ကို သက်ဆိုင်ရာ မိသားစုထံ ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ MGY PDF က ထုတ်ပြန်ပါတယ်။

“စကစများသည် ဇွန်လဆန်းပိုင်းတွင် မြိုင်မြို့နယ် တွင်းမပျူစခန်းမှ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာ ၊ ထို့နောက် မြိုင်မြို့နယ် ကိုင်းတောမကျေးရွာသို့ ရောက်ရှိလာပြီး ကိုင်းတောမ – ဝက်ပုတ် – ဘောတုံ- ဘောင့်ပင် -သင်းမ – ယာကြီးပြင် – တောင်စုံ – မှန်ရင်း အစရှိသည့် ကျေးရွာ လမ်းပိုင်းများကို အသုံးပြုပြီး စစ်ကြောင်းထိုး လူသ-တ-် အကဖ လျက်ရှိရာ မိမိတို့ ” အညာတမာ” အင်အားစုများနှင့် ထိတွေ့မှု ကြီး၊ငယ် အကြိမ်ပေါင်း ၃၀ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါသည်” လို့ MGY PDF က ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ပေါက်နဲ့ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာကို စီးနင်းလုယက်၊ မီးရှို့ဖျက်ဆီးရာ ပြည်သူ့ နေအိမ် ၃၀၀ ခန့် မီးလောင်ပြာကျပြီး အပြစ်မဲ့ပြည်သူ ၂၄ ဦးကိုလည်း ဖမ်းဆီးကာ ရက်စက်စွာ သ-တ-်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

“အကဖ များ သွားရာလမ်းကြောင်းရှိ မိဘပြည်သူများ အနေဖြင့် စစ်ရေးအသိ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန်၊ “တို့တော့ မလုပ်လောက်ပါဘူး”ကွာ ဆိုပြီး ပေါ့ပေါ့ဆဆ မနေကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်” လို့ MGY PDF က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပေါ်တာဆွဲခံ စစ်သားသစ်တွေ အနေနဲ့လည်း နီးစပ်ရာ တော်လှန်ရေး အင်အားစုတွေထံ ချိတ်ဆက် အလင်းဝင်နိုင်တယ်လို့ အညာတမာ စစ်ဆင်ရေးက ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေကို “အညာတမာ” စစ်ဆင်ရေးစုဖွဲ့မှု အင်အားစုတွေဖြစ်တဲ့ မကွေး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်းများ၊ ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော်(BPLA)၊ ပခုက္ကူခရိုင် (၂/၆/၇/၉/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ်ရင်းများ၊ KG တပ်ဖွဲ့ ၊ ပခုက္ကူခရိုင် ပကဖ၊ ပေါက်ပကဖ၊ မြိုင်ပကဖ ၊ ရေစကြို ပကဖ ၊ ပခုက္ကူ ပကဖ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ၊ တိုင်းပကဖ စစ်ကြောင်း(၄) ၊ MRG တပ်ဖွဲ့၊ ကမ္မတပ်ပေါင်းစု ၊ ကမ္မလုံခြုံရေး အင်အားစု ၊ PLC တပ်ပေါင်းစု၊ မြိုင် ညီညွှတ်ရေး တပ်ပေါင်းစု၊ ဂဠုန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစုတို့ နှင့်အတူ ပြည့်သူလွတ်မြောက်ရေး တပ်မတော် (PLA) ၊ ယင်းမာပင်ခရိုင်အမှတ် (၇/၁၁/၁၂) တပ်ရင်းများ၊ ပုလဲပကဖ ၊ Myingyan Black Tiger တပ်ဖွဲ့နှင့် ဒေသတွင်း ညီအစ်ကိုတွေ စနစ်တကျ စုဖွဲ့ကာ ညီညီညွတ်ညွတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

‘အညာတမာ” စစ်ဆင်ရေးအင်အားစုကို ပခုက္ကူခရိုင်တွင်းရှိ ဒေသတွင်း တော်လှန်ရေး ညီအစ်ကို အင်အားစုတွေ စနစ်တကျစုဖွဲ့ထားတာ ဖြစ်ပြီး အများပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကာကွယ်ရေး၊ တော်လှန်ရေးရည်မှန်းချက်များ အောင်မြင်ရေး၊ စိုးမိုးဒေသများ ချဲ့ထွင်ရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ လက်ရှိအချိန်ထိ မြိုင်နဲ့ ပေါက်နယ် ရေနံတွင်းတွေရှိရာ ဦးတည် စစ်ကြောင်းထိုးနေပြီး လူသတ်၊ လုယက်၊ မီးရှို့တာ၊ လေကြောင်းဗုံးကြဲတာတွေ နေ့စဉ်ကျူးလွန်နေတာ ဖြစ်ပါတယ်။

အညာတမာ စစ်ဆင်ရေး အင်အားစု ရဲဘော်တွေနဲ့ တိုက်ပွဲက သိမ်းဆည်း ရရှိတဲ့ လက်နက်တွေ/Photo – MGY PDF

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မ​ကွေး #အညာတမာစစ်ဆင်ရေး #ရေနံတွင်း

Related Articles

Back to top button