မကွေးသတင်းအညာမြေ တော်လှန်ရေး

ယောဒေသ တိုက်ပွဲမှာ သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ ထပ်မံ သိမ်းဆည်းရရှိ၊

အလင်းဝင်သူတွေကို မိသားစုထံ ပြန်အပ်နှံ၊

ချင်း – မကွေး အစပ်၊ ယောဒေသမှာ စစ်အုပ်စု စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်တာ လနဲ့ချီကြာလာပြီး စစ်အုပ်စု အသေအပျောက် များကာ စစ်သုံ့ပန်း၊ လက်နက်ခဲယမ်းနဲ့ ယာဉ်ယန္တရားတွေ သိမ်းဆည်း ရရှိ၊

ဒေါ်လာ/MFP၊ ဩဂုတ် – ၁၅

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသထဲ အာဏာသိမ်း စစ်အုပ်စုက စစ်ကြောင်းထိုးလို့ ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပြီး ဇူလိုင် ၂၉ရက်ကနေ ဩဂုတ် ၁ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ ထပ်မံ သိမ်းဆည်း ရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF၊ ဂန့်ဂေါခရိုင်စစ်ဌာနက သတင်း ထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၉ ရက်က ဆောမြို့နယ်၊ ဆောမြို့အတွင်းကနေ လောင်းရှည်မြို့ဘက် စစ်ကူထွက်လာတဲ့ စစ်အုပ်စုကို PDF ခရိုင်စစ်ဌာနတွေ၊ တပ်ရင်းတပ်ဖွဲ့တွေက ဟန့်တား တိုက်ခိုက်ရာ စစ်အုပ်စု အထိနာကာ ရှေ့မတိုးနိုင်ဘဲ တပ်လန်ကျသွားပြီး အဲ့ဒီ တိုက်ပွဲအတွင်း စစ်အုပ်စုရဲ့ ခြေမြန်တပ်ရင်း (ခမရ) ၅၇၃ က တပ်သားအဆင့် တစ်ယောက်ကို ဖမ်းမိကာ MA1 သေနတ် တစ်လက်၊ ကျည်၊ မိုင်းနဲ့ ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၃၁ ရက်မှာလည်း တပ်လန်ကျတဲ့ စစ်အုပ်စုက ထပ်မံ အင်အား ဖြည့်ကာ ပြန်လည် ထိုးစစ်ဆင်လို့ တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ တိုက်ပွဲအတွင်း MA1 သေနတ် တစ်လက်နဲ့ ဖုန်း တစ်လုံး သိမ်းဆည်းရမိတယ်လို့ ဂန့်ဂေါခရိုင် စစ်ဌာနက ဖော်ပြပါတယ်။

ဒါ့အပြင် အဲ့ဒီ ဆောနယ်တိုက်ပွဲတွေအတွင်း ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရသူ ပစ ခေါ် ပြည်သူ့စစ်မှုထမ်းတချို့ ရန်သူ စစ်အုပ်စုလက်က ထွက်ပြေးလာပြီး အလင်းဝင်လာသူတွေကိုလည်း ကောင်းမွန်သွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး မိဘထံ ပြန်လိုသူများကိုလည်း မိသားစုထံ ဆက်သွယ်ချိတ်ဆက်ကာ ပြန်ပို့ပေးနေတယ်လို့ PDF ဂန့်ဂေါခရိုင်စစ်ဌာနက ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ အပါအဝင် ချင်းပြည် တောင်ပိုင်းရှိ စစ်ရှုံးထားတဲ့ မြို့တွေ ပြန်ရရေးအတွက် မေလက စတင်ကာ ချင်းပြည်နဲ့ ထိစပ်နေတဲ့ ယောဒေသထဲ အင်အားထောင်ချီသုံး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ချင်းနဲ့ မကွေးအစပ် ဒေသတွေကို စစ်ကြောင်းထိုးဖို့ မန္တလေးနဲ့ မိတ္ထီလာမြို့ကနေတဆင့် ပေါ်တာဆွဲ စုဆောင်းထားတဲ့ ထောင်ချီတဲ့ စစ်သားသစ်တွေ ပို့လွှတ်ကာ လေကြောင်းပစ်ကူသုံးပြီး ထိုးစစ်ဆင်နေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ယောဒေသ၊ ဆောမြို့နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အများအပြား သေကာ သုံ့ပန်း ကိုးယောက် ဖမ်းမိသလို ကားသုံးစီး အပါအဝင် လက်နက် ခဲယမ်း အများအပြား သိမ်းဆည်း ရရှိထားတယ်လို့ PDF စစ်ရုံးချုပ်က ဇူလိုင် ၂၈ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။

ယောဒေသမှာ ဇူလိုင် ၁၆ရက်ကနေ ၂၅ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စုထံကနေ MA-1 သေနတ် လေးလက်၊ MA-3 သေနတ် သုံးလက်၊ ရှော့ဂန်းသေနတ်- နှစ်လက်၊ RPG ပြောင်း- နှစ်လက်၊ GBP-128 မိုင်းရှင်းစက်ပုံး- သုံးပုံး၊  ကား သုံးစီး၊ Drone Jumper- တစ်ခု၊ Drone Controller- တစ်ခု၊ ဒရုန်းပစ္စည်းထည့် ပုံးကြီး- တစ်ပုံး၊ ဆေးပစ္စည်း- နှစ်အိတ်၊ ဆန်အိတ်- ၅၅ အိတ်၊ ကြက်သွန်ဖြူ- ၁၅ အိတ်၊ ရွှေဖီဦးအထုပ်ကြီး-၁၄ အိတ်၊ Starlink-တစ်လုံး အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဖော်ပြပါတယ်။

မေလက စတင်ပြီး ချင်းနဲ့ မကွေးအစပ်၊ ယောဒေသထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ချင်းပြည်ဘက်ကို မထိုးဖောက်နိုင်တာကြောင့် ဇူလိုင် လဆန်းပိုင်းကစလို့ ဆောမြို့နယ်၊ ကျောက်ထု – ထီးလင်း ကားလမ်းနဲ့ ဆော – လောင်းရှည် ကားလမ်းပိုင်းတလျှောက် အင်အားရာချီနဲ့ စစ်ကြောင်းတွေ ဖြန့်ခွဲ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အပြင် အရပ်သားနေထိုင်ရာ နေရာတွေကို ဒရုန်းတွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေတာကြောင့် ကားလမ်းတလျှောက် ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးနဲ့ ချင်းပြည်အစပ် ယောဒေသ တိုက်ပွဲတွေအတွင်း သိမ်းဆည်း ရမိတဲ့ လက်နက်ခဲယမ်းတွေ/Photo – PDF ဂန့်ဂေါခရိုင် စစ်ဌာန

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ယော #ဆောနယ်စစ်ဘေးရှောင်

Related Articles

Back to top button