မကွေးသတင်း

ယောဒေသ ဆောမှာ စစ်အုပ်စုက ရွာပေါ် အကြောင်းမဲ့ ဒရုန်းနဲ့ ဗုံးကြဲလို့ ပြည်သူ လေးဦး သေဆုံး၊

ကျောက်ထု – ထီးလင်း လမ်းနဲ့ ဆော – လောင်းရှည် လမ်းတလျှောက် စစ်အုပ်စုက လူသတ်၊ မီးရှို့၊ ဗုံးပတ်ကြဲနေ၊

လှိုင်း / MFP၊ ဩဂုတ် – ၁၆

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ တောင်ယောဒေသ ဆောမြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုက မနေ့က နေ့လည်ပိုင်း ရွာပေါ် အကြောင်းမဲ့ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် အရပ်သားပြည်သူ လေးဦး သေဆုံးတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

သြဂုတ် ၁၅ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ဆောမြို့အနီးရှိ သီးကုန်းကျေးရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် အရပ်သားသုံးဦး ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရတဲ့ အရပ်သားတစ်ဦးလည်း ဆေးကုသနိုင်ဖို့ ကြိုးစားရင်း အဲ့ဒီ့ညပိုင်းမှာပဲ သေဆုံးတယ်လို့ ဆိုပါတယ်။

“စစ်တပ်က ဒရုန်းနဲ့ချလို့ သေတာက အရပ်သားတွေပါ။ သူတို့က အိမ်မှာ စပါးတွေကို သိမ်းနေကြတာပါ။ သူတို့ စစ်ရှောင်တဲ့ နေရာကို သယ်သွားကြမလို့ပါ။ အဲ့ဒီ့ရွာထဲမှာပဲ ဒရုန်းနဲ့ချခံရပြီး သုံးဦး ဆုံးပါတယ်၊ ညပိုင်းမှာ တစ်ဦး ဆုံးပါတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စုက ရွာပေါ် အကြောင်းမဲ့ ဒရုန်းနဲ့ ဗုံးကြဲလို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသူတွေဟာ အသက် ၅၀ အရွယ် ဦးနန်းမြိုင်၊ အသက် ၄၆ နှစ်အရွယ် ဒေါ်ဌေးဌေး၊ အသက် ၆၆ နှစ်အရွယ် ဒေါ်မြဝင်းတို့ ဖြစ်ပြီး ဒဏ်ရာရရှိတဲ့ ဦး​ခင်မောင်အေးလည်း အဲ့ဒီ့ညပိုင်းမှာပဲ ထပ်မံ သေဆုံးတာလို့ ဆိုပါတယ်။

အဲ့ဒီလို ရွာပေါ် ဗုံးကြဲတဲ့ စစ်အုပ်စုဟာ မိထ္တီလာမြို့ အခြေစိုက် တပ်မ ၉၉ ခေါ် အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်က အဖွဲ့ဖြစ်ပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိဘဲ ပြည်သူကို ပစ်မှတ်ထားကာ ရွာပေါ် ဗုံးကြဲတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ အပါအဝင် ချင်းပြည် တောင်ပိုင်းရှိ စစ်ရှုံးထားတဲ့ မြို့တွေ ပြန်ရရေးအတွက် မေလက စတင်ကာ ချင်းပြည်နဲ့ ထိစပ်နေတဲ့ ယောဒေသထဲ အင်အားထောင်ချီသုံး ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ စစ်အုပ်စုဟာ ချင်းနဲ့ မကွေးအစပ် ဒေသတွေကို စစ်ကြောင်းထိုးဖို့ မန္တလေးနဲ့ မိတ္ထီလာမြို့ကနေတဆင့် ပေါ်တာဆွဲ စုဆောင်းထားတဲ့ ထောင်ချီတဲ့ စစ်သားသစ်တွေကို ယောဒေသထဲ ပို့လွှတ်ကာ လေကြောင်းပစ်ကူသုံးပြီး ထိုးစစ်ဆင်နေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

မေလက စတင်ပြီး ယောဒေသကနေ ချင်းပြည်ဘက် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုဟာ ချင်းပြည်ဘက်ကို မထိုးဖောက် နိုင်တာကြောင့် ဇူလိုင် လဆန်းပိုင်းက စလို့ ဆောမြို့နယ်၊ ကျောက်ထု – ထီးလင်း ကားလမ်းနဲ့ ဆော – လောင်းရှည် ကားလမ်းပိုင်းတလျှောက် အင်အားရာချီနဲ့ စစ်ကြောင်းတွေ ဖြန့်ခွဲကာ လူသတ်၊ လုယက်၊ မီးရှို့တာအပြင် အရပ်သားနေထိုင်ရာ နေရာတွေကို ဒရုန်းတွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေတာ ဖြစ်ပါတယ်။

စစ်အုပ်စု ရန်ကြောင့် ဆော – မင်းတပ် လမ်းပိုင်းပေါ်ရှိ ဆောမြို့နဲ့ အနီးတဝိုက်ရှိ မင်းလယ်၊ သီးကုန်း၊ တောင်ဘို့ကြီး၊ ကာက၊ လှော်ကား၊ ခင်ပြင်၊ ရင့်ရဲ့ချောင်းကျေးရွာနဲ့ လက်ရှိ စစ်အုပ်စု စီးနင်း တပ်စွဲထားတဲ့ ကျောက်ထု – ထီးလင်းလမ်းပိုင်းပေါ်ရှိ ကြီးကျေးရွာ အပါအဝင် လယ်ဆော၊ နှော်နဲ့ မိအယ်ကျေးရွာတွေက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၂၆ ရက်ကလည်း ဆောမြို့နယ်၊ ကြံခင်းကျေးရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲို့ အရပ်သား နှစ်ဦးက နေရာမှာတင် ပွဲချင်းပြီး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်အုပ်စုဟာ မေလလယ်ပိုင်းက စတင်ပြီး ပခုက္ကူ – မင်းတပ်လမ်းပိုင်းပေါ်ရှိ တပြင်းကျေးရွာကို စီးနင်းချိန် ဘုန်းတော်ကြီး အပါအဝင် ရွာခံ အရပ်သား ခြောက်ဦးကို သတ်ဖြတ်ခဲ့သလို ဇူလိုင်လထဲမှာလည်း ကြီးကျေးရွာကို စီးနင်းချိန် ရွာခံ အရပ်သား လေးဦးကို သတ်ဖြတ်ခဲ့ပါတယ်။

ဆောမြို့နယ်ထဲ ရောက်နေတဲ့ မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် – လပခ နဲ့ မိတ္ထီလာ တပ်မ ၉၉ က စစ်အုပ်စုဟာ ဒေသတွင်း ထင်တိုင်းကျဲ သတ်ဖြတ်နေတာဖြစ်ပြီး လမ်းဘေးမှာ ဖြစ်သလိုမြှုပ်နှံထားတဲ့ အလောင်းတွေ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကြီး၊ လယ်ဆော (ရွာ)နားတွေမှာလည်း အလောင်းတွေကို လမ်းဘေးတွေမှာ ဖြစ်သလို မြုပ်ထားကြ တယ်။ ရွာသားလား၊ စစ်တပ်ဘက်က အလောင်းတွေလားတော့ သဲသဲကွဲကွဲ မသိရဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေတဲ့ စစ်အုပ်စုဟာ ထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့ တောင်ယောဒေသထဲက ဆော – လောင်းရှည်လမ်းပိုင်း၊ ကျောက်ထု – ကြီး – ရွှေအောင်သာလမ်းပိုင်းနဲ့ ကျောက်ထုမြို့ ဝန်းကျင်တဝိုက်ကို လေကြောင်းကနေ ပေါင် ၅၀၀ နဲ့ ပေါင် ၃၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်နေတဲ့အပြင် ဒရုန်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေလည်း ဆက်တိုက် လုပ်ဆောင်တာကြောင့် ဒေသခံတွေအနေနဲ့ စစ်အုပ်စု စစ်ကြောင်းနဲ့ အနီးတဝိုက်မှာ နေထိုင်ခြင်း မပြုဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားကြပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မကွေး #ယော #ဆောနယ်စစ်ဘေးရှောင်

Related Articles

Back to top button