စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

စစ်ကိုင်း ပင်လည်ဘူးမှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲလို့ ထိခိုက်မှု များပြား၊

ဗိုလ်နဂါးရဲ့ BNRA က တပ်မှူးနှစ်ဦး ထွက်ပြေးပြီးနောက် သူတို့ ဆေးကုခဲ့တဲ့ ဆေးရုံ ဗုံးကြဲခံရတာဟုဆို၊

ဒေါ်လာ/MFP၊ ဩဂုတ် – ၁၆

စစ်ကိုင်းတိုင်းထဲက အမျိုးသား ညီညွတ်ရေးအစိုးရ – NUG သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပင်လည်ဘူး မြို့နယ်ရှိ ဆေးရုံ၊ စာသင်ကျောင်းနဲ့ နေအိမ်တွေကို ဒီကနေ့ အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲလို့ ထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်ပျက်စီးမှု အများအပြား ရှိတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဩဂုတ် ၁၆ရက် ဒီကနေ့ မွန်းလွဲ ၃နာရီဝန်းကျင်မှာ မန္တလေးမြို့နဲ့ ဟုမ္မလင်းမြို့ကနေ တက်လာတဲ့ တိုက်လေယာဉ်တွေနဲ့ ပင်လည်ဘူးနယ်ထဲရှိ ကျေးရွာ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေပေါ် ဗုံးပတ်ကြဲတာလို့ ဆိုပါတယ်။

“ပင်လည်ဘူး၊ (—)ရွာကို ခုနက လေယဉ်နဲ့ (ဗုံး) ၁၀ လုံးလောက် ကြဲသွားတယ်။ နေရာအနှံ့ မကြည့်ခဲ့ရဘူး၊ နေအိမ် ၁၅လုံး ပျက်စီးသွားတယ် ပြောတယ်။ ေ၊သဆုံး၊ ဒဏ်ရာရ တော်တော် များတယ် ပြောတယ်။ ဒလံကို (—)ရွာက ထမင်းတောင် ကျွေးလိုက်သေးတယ်တဲ့။ ရက်စက် လိုက်ကြတာကွယ်” လို့ ဒေသခံတစ်ဦးက လူမှုကွန်ယက်မှာ ဖော်ပြပါတယ်။

ဆေးရုံနဲ့ စာသင်ကျောင်း အပါအဝင် ရွာပေါ် ဗုံးပတ်ကြဲတာဖြစ်ပြီး ထိခိုက်၊ သေဆုံးမှု အတည်ပြုဖို့ ကြိုးစားနေဆဲလို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

“ဆေးရုံရယ်၊ စာသင်ကျောင်းရယ် ဗုံးကြဲသွားတာတဲ့။ ထိခိုက် သေဆုံးတာက ၁၀ ဦး ကျော်တယ်လို့တော့ ကြားတယ်”

တော်လှန်ရေး တပ်တွေက ဖမ်းဆီးထိန်းသိမ်းပြီး ပင်လည်ဘူးနယ်ထဲ ချုပ်နှောင်ကာ ဆေးဝါး ကုသပေးနေတဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA က တပ်မှူးတွေ ဖြစ်တဲ့ တကိုယ်တော် သုဘရာဇာနဲ့ သခင် ဒေါင်းညို ဆိုသူတို့ ဩဂုတ် ၁၅ရက်မှာ လူနာစောင့်ကို အဆိပ်ခတ်ကာ ထွက်ပြေးလွတ်မြောက် သွားပြီးနောက် သူတို့ ဆေးကုနေတဲ့ ဆေးရုံ ဗုံးကြဲခံရတာလို့ ယင်းမာပင်နယ် အခြေပြု တော်လှန်ရေး ရဲဘော်တစ်ဦးက လူမှုကွန်ယက်မှာ ဖော်ပြပါတယ်။

“ဒေါင်းညိုနဲ့ သုဘရာဇာ လွတ်သွားတဲ့ကိစ္စရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဟာ သူတို့ကို ဆေးကုသပေးတဲ့ ပလဘ (ပင်လည်ဘူး) တစ်နေရာကို လေကြောင်း တိုက်ခိုက်သွားပြီဖြစ်လို့ ပုလဲ-ယင်းမာပင်-ဆားလင်းကြီး လေကြောင်းအထူဂရုစိုက်ရန်” လို့ အထက်ပါ ရဲဘော်က သတိပေးထားပါတယ်။

ဗိုလ်နဂါးရဲ့ တပ်မှူးနှစ်ဦးကြောင့် ဗုံးကြဲခံရတာ ဟုတ်၊ မဟုတ်ကိုတော့ MFP အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်အုပ်စုနဲ့ ပူးပေါင်းသွားစဉ်ကလည်း ပုလဲ၊ ကနီနဲ့ ယင်းမာပင်နယ်ရှိ တော်လှန်ရေးတပ်စခန်းတွေ ရှိရာ နေရာတွေကို စစ်အုပ်စုက ဗုံးပတ်ကြဲတာ၊ မြေပြင်စစ်ကြောင်းထိုးတာတွေ လုပ်ခဲ့ပါသေးတယ်။

စစ်အုပ်စုဟာ သူတို့ စစ်ရှုံးထားတဲ့ ပင်လည်ဘူးနယ်ထဲကိုတော့ မကြာခဏ ဗုံးပတ်ကြဲနေပြီး ဒေသခံပြည်သူတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း ဗုံးကြဲ သတ်ဖြတ်မှုတွေ နေ့စဉ်ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၆ရက်မှာ စစ်ကိုင်းတိုင်း ပင်လည်ဘူးနယ်ထဲရှိ နေအိမ်၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #ပင်လည်ဘူး #ဆေးရုံစာသင်ကျောင်း #ဗုံးကြဲ

Related Articles

Back to top button