စစ်ကိုင်း ပင်လည်ဘူး ဗုံးကြဲခံရမှု ကလေးသူငယ် အပါအဝင် လေးဦး သေဆုံးကာ ဒါဇင်ချီ ဒဏ်ရာရ၊

တိုက်လေယာဉ် နှစ်စီးနဲ့ ရွာပေါ် အကြိမ်ကြိမ် ပျံဝဲ ဗုံးကြဲပြီး ထွက်ပြေးသူတွေကို စက်သေနတ်နဲ့ပါ လိုက်လံ ပစ်ခတ်၊
ဗိုလ်နဂါးရဲ့ BNRA က တပ်မှူးနှစ်ဦး ထွက်ပြေးပြီးနောက် သူတို့ ဆေးကုခဲ့တဲ့ ဆေးရုံ ဗုံးကြဲခံရတာဟုဆို၊
ဒေါ်လာ/MFP၊ ဩဂုတ် – ၁၇
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ထဲက အမျိုးသား ညီညွတ်ရေးအစိုးရ – NUG သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပင်လည်ဘူးမြို့နယ်ရှိ ကင်းပန်းကျေးရွာ ဆေးရုံ၊ စာသင်ကျောင်းနဲ့ နေအိမ်တွေကို မနေ့က မွန်းလွဲပိုင်း အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲသတ်ဖြတ်ရာ ကလေးသူငယ်နဲ့ အဖွားအို အပါအဝင် ရွာခံပြည်သူ လေးဦး သေဆုံးပြီး ခြေပြတ်လက်ပြတ်သူနဲ့ ဒဏ်ရာရသူ ဒါဇင်နဲ့ချီ ရှိတယ်လို့ ဒေသခံ သတင်း ရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဩဂုတ် ၁၆ရက် မွန်းလွဲ ၃နာရီဝန်းကျင်မှာ မန္တလေးမြို့နဲ့ ဟုမ္မလင်းမြို့ကနေ တက်လာတဲ့ တိုက်လေယာဉ် နှစ်စီးနဲ့ ပင်လည်ဘူးနယ်၊ ကင်းပန်းကျေးရွာရှိ ဆေးရုံ၊ စာသင်ကျောင်းနဲ့ နေအိမ်တွေပေါ် ဗုံး ရှစ်လုံးထက်မနည်း ကြဲချခဲ့သလို အိမ်ထဲက ထွက်ပြေးတဲ့ ပြည်သူတွေကို စက်သေနတ်တွေနဲ့ပါ တရစပ် လိုက်လံ ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
“လေယာဉ်နှစ်စီး သုံးလေးပတ်တွေ လိမ်ပြီးတော့ အဝေးကြီးကို သွားပြီးတော့ အဲ့ဒီရွာကို စိုက်ပြီးတော့ ကြဲသွားတာ။ လေယာဉ် နှစ်စီး၊ ဗုံးရှစ်လုံး၊ နှစ်ခေါက်စီ ကြဲသွားတယ်။ နောက်တစ်ခေါက်က ထွက်ပြေးတာတွေကို စက်သေနတ်နဲ့ လမ်းတလျှောက် ပစ်သေးတယ်” လို့ ကင်းပန်းရွာပေါ် စစ်အုပ်စုက ဗုံးပတ်ကြဲတဲ့ဖြစ်စဉ် မြင်တွေ့ခဲ့ရတဲ့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ဗုံးထိမှန်လို့ အသက်ကိုးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အပျိုအရွယ် အမျိုးသမီးငယ်တစ်ဦး၊ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနဲ့ အဖွားအိုတစ်ဦးတို့ သေဆုံးကာ ခြေပြတ်လက်ပြတ်သူတွေ အပါအဝင် ဒဏ်ရာရသူ ၁၃ ဦးထက်မနည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အများကြီး သေကြပြီလို့ ထင်တာ။ ခြေပြတ်လက်ပြတ်တွေဆိုတော့လည်း မထူးပါဘူး” လို့ အထက်ပါ ဒေသခံက MFP ကို ပြောပါတယ်။
ကင်းပန်းရွာရဲ့ ရွာဦးပိုင်းရှိ ဆေးရုံနဲ့ ဆေးရုံရဲ့ လမ်းတဖက်ခြမ်းရှိ စာသင်ကျောင်းနဲ့ နေအိမ်တွေကို အဓိက ပစ်မှတ်ထား ဗုံးကြဲတာ ဖြစ်ပြီး အိမ်ထဲကနေ ထွက်ပြေးတဲ့ပြည်သူတွေကိုပါ လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ တရစပ် ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။
“ပထမတစ်ခေါက် (လေယာဉ်) အသံ မကြားရဘူး၊ ဘယ်လို လေယာဉ်မျိုးတွေလဲ၊ ကျွန်တော်က တခြားရွာက၊ ရွာကနီးတော့ အကျယ်ကြီး ကြားရတယ်၊ ဗုံးခိုကျင်းထဲ ပြေးရတာ။ မိုးတွေက ရွာ၊ ရေတွေက အပြည့်ကြီး၊ အဲ့ဒီထဲ ဆင်းပုန်းနေရတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဗုံးထိမှန်လို့ စာသင်ကျောင်းနဲ့ အိုးအိမ် ၁၅ လုံးထက်မနည်း ပျက်စီးတယ်လို့ ဆိုပါတယ်။
တော်လှန်ရေး တပ်တွေက ဖမ်းဆီးထိန်းသိမ်းကာ ပင်လည်ဘူးနယ်ထဲ ဆေးဝါး ကုသပေးနေတဲ့ ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် – BNRA က တပ်မှူးတွေ ဖြစ်တဲ့ တကိုယ်တော် သုဘရာဇာနဲ့ သခင် ဒေါင်းညို ဆိုသူတို့ ဩဂုတ် ၁၅ရက်မှာ လူနာစောင့်ကို အဆိပ်ခတ်ကာ ထွက်ပြေး လွတ်မြောက် သွားပြီးနောက် သူတို့ ဆေးကုနေတဲ့ ဆေးရုံရှိရာ ကင်းပန်းရွာကို ဩဂုတ် ၁၆ရက်မှာ စစ်အုပ်စုက အထက်ပါအတိုင်း ဗုံးပတ်ကြဲတာလို့ တော်လှန်ရေး ရဲဘော်တချို့က ပြောပါတယ်။
“ဒေါင်းညိုနဲ့ သုဘရာဇာ လွတ်သွားတဲ့ကိစ္စရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဟာ
သူတို့ကို ဆေးကုသပေးတဲ့ ပလဘ (ပင်လည်ဘူး) တစ်နေရာကို လေကြောင်း တိုက်ခိုက်သွားပြီဖြစ်လို့
ပုလဲ-ယင်းမာပင်-ဆားလင်းကြီး လေကြောင်းအထူဂရုစိုက်ရန်” လို့ ယင်းမာပင်နယ် အခြေပြု တော်လှန်ရေး ရဲဘော်တစ်ဦးက လူမှုကွန်ယက်မှာ ဖော်ပြပါတယ်။
အဲ့ဒီ BNRA တပ်မှူးနှစ်ဦးကို ထွက်မပြေးခင်အချိန်ထိ ကင်းပန်းရွာက ထမင်းကျွေးမွေး စောင့်ရှောက် ခဲ့တာလို့လည်း ဒေသခံတွေက ပြာပါတယ်။

ဗိုလ်နဂါးရဲ့ တပ်မှူးနှစ်ဦးကြောင့် ဗုံးကြဲခံရတာ ဟုတ်၊ မဟုတ်ကိုတော့ MFP အနေနဲ့ အတည် မပြုနိုင်သေးပါဘူး။
စစ်အုပ်စုဟာ သူတို့ စစ်ရှုံးထားတဲ့ ပင်လည်ဘူးနယ်ထဲကို မကြာခဏ ဗုံးပတ်ကြဲနေပြီး ဒေသခံ ပြည်သူတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း ဗုံးကြဲ သတ်ဖြတ်မှုတွေ နေ့စဉ်ကျူးလွန်နေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း ပင်လည်ဘူးနယ်၊ ကင်းပန်းရွာ နေအိမ်၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေကို ဩဂုတ် ၁၆ရက်မှာ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ၊ Pinlebu New Gen
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #ပင်လည်ဘူး #ဆေးရုံစာသင်ကျောင်း #ဗုံးကြဲ



