စစ်ကိုင်းသတင်း

စစ်ကိုင်း ပင်လည်ဘူးနယ် ဆေးရုံနဲ့ ကျေးရွာတွေပေါ် စစ်အုပ်စု ဆက်လက် ဗုံးပတ်ကြဲနေ၊

နှစ်ရက်အတွင်း ဆေးရုံနှစ်ရုံနဲ့ ရွာလေးရွာ ဗုံးကြဲခံရပြီး ထိခိုက်သေဆုံး၊ ပျက်စီးမှုတွေ များပြား၊

တိုက်လေယာဉ်တွေနဲ့ ရွာပေါ် ဗုံးကြဲရာမှာ ထွက်ပြေးသူတွေကို စက်သေနတ်နဲ့ပါ လိုက်လံ ပစ်ခတ်၊

ဒေါ်လာ/MFP၊ ဩဂုတ် – ၁၇

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်ရှိ ဆေးရုံဆေးခန်း၊ စာသင်ကျောင်းနဲ့ နေအိမ်တွေပေါ် အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ လိုက်လံ ဗုံးပတ်ကြဲနေပြီး မနေ့ကနဲ့ ဒီနေ့ နှစ်ရက်အတွင်း ဆေးရုံနှစ်ရုံနဲ့ ကျေးရွာလေးရွာ ဗုံးကြဲခံခဲ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေ က MFP ကို ပြောပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ – NUG သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပင်လည်ဘူးနယ်ထဲ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက ပြည်သူကို ပစ်မှတ်ထားကာ ဗုံးပတ်ကြဲ သတ်ဖြတ်နေတာ ဖြစ်ပြီး ဩဂုတ် ၁၆ရက်မှာ ကင်းပန်းရွာ ဆေးရုံ၊ ကျောင်းနဲ့ နေအိမ်တွေပေါ် တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ခဲ့သလို ဒီကနေ့ ဩဂုတ် ၁၇ရက်မှာလည်း မံစီ ခေါ် မံစီလေးရွာ ဆေးရုံနဲ့ လူနေအိမ်တွေ၊ လက်ဆည်ကန်ရွာ၊ မြေသာရွာနဲ့ မြစေတီရွာတွေပေါ် ဗုံးပတ်ကြဲတာလို့ ဆိုပါတယ်။

ဩဂုတ် ၁၆ရက် မွန်းလွဲ ၃နာရီဝန်းကျင်မှာ မန္တလေးမြို့နဲ့ ဟုမ္မလင်းမြို့ကနေ တက်လာတဲ့ တိုက်လေယာဉ် နှစ်စီးနဲ့ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာရှိ ဆေးရုံ၊ စာသင်ကျောင်းနဲ့ နေအိမ်တွေပေါ် ဗုံး ရှစ်လုံးထက်မနည်း ကြဲချခဲ့သလို အိမ်ထဲက ထွက်ပြေးတဲ့ ပြည်သူတွေကို စက်သေနတ်တွေနဲ့ပါ တရစပ် လိုက်လံ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ကလေးသူငယ်နဲ့ အဖွားအို အပါအဝင် ရွာခံပြည်သူ လေးဦး သေဆုံးပြီး ခြေပြတ်လက်ပြတ်သူနဲ့ ဒဏ်ရာရသူ ဒါဇင်နဲ့ချီ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ် ၁၇ရက် ဒီကနေ့ မွန်းလွဲ ၂နာရီဝန်းကျင်မှာလည်း ပင်လည်ဘူးနယ် မြောက်ခြမ်းရှိ မံစီရွာ ဆေးရုံကို ပစ်မှတ်ထားကာ ရွာပေါ် ဗုံးပတ်ကြဲခဲ့သလို မွန်းလွဲ ၃နာရီကျော်အချိန်မှာ လက်ဆည်ကန်၊ မြေသာရွာနဲ့ မြစေတီရွာတွေပေါ် ဗုံးပတ်ကြဲခဲ့တယ်လို့ ဆိုပါတယ်။

မံစီရွာ ဆေးရုံနဲ့ နေအိမ်တွေ ဗုံးကြဲခံရမှူမှာ အိုးအိမ်အဆောက်အအုံ ပျက်စီးမှု အများအပြား ရှိပြီး လူသေဆုံး၊ ထိခိုက်မှုတော့ မကြားရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“မံစီကိုက (ဗုံး) ဘယ်နှလုံးလဲ မသိဘူး။ ပျက်စီးတာများတော့ ဗုံးအလုံးရေလည်း များမယ် ထင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီ မံစီရွာဟာ ပင်လည်ဘူးမြို့နဲ့ ၁၄ မိုင်ခန့် ကွာဝေးသလို မနေ့က ဗုံးကြဲခံရတဲ့ ကင်းပန်းရွာနဲ့လည်း အလှမ်းဝေးပြီး မိုးရွာရေကြီးလို့ ဒေသခံပြည်သူတွေ ရေဘေးဒုက္ခကြုံနေရချိန် ဗုံးကြဲခံရတာလို့ ဆိုပါတယ်။

မနေ့က ကင်းပန်းရွာ ဗုံးကြဲခံရမှုကြောင့် လေးဦး သေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရကာ ဆေးရုံ၊ စာသင်ကျောင်းနဲ့ အိုးအိမ် ၁၅ လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။

ဒီကနေ့ မံစီ၊ မြင်သာနဲ့ မြစေတီရွာတွေ ဗုံးကြဲခံရမှုနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုကို MFP အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းစ ကတည်းက ပင်လည်ဘူးနယ်ထဲ ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်ထားသလို စစ်ရှုံးကာ မြို့ကို စွန့်လွှတ်ရပြီးနောက် ပင်လည်ဘူးနယ်ထဲ မကြာခဏ ဗုံးပတ်ကြဲနေပြီး ပြည်သူတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ပင်လည်ဘူးနယ်ထဲ မိုးသည်းထန်ရွာလို့ ကျေးရွာတချို့ ရေကြီးနစ်မြုပ်နေသလို ဗုံးခိုကျင်းတွေပါ ရေမြုပ်နေတာကြောင့် စစ်အုပ်စုရဲ့ လေကြောင်းအန္တရာယ်ကြား ပြည်သူတွေ ပိုမို ဒုက္ခရောက်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“(အိုင်ကွန်တွေကတဆင့် တိုက်လေယာဉ်တွေ) ပင်လည်ဘူးနယ်ထဲ လာပြီ ဆိုတာနဲ့ ဗုံးခိုကျင်းထဲ ဆင်းပြေးရတော့တာ။ အဘိုးအဖွား၊ ကလေးသူငယ် တတွဲတလောင်းနဲ့။ ညဖက်တွေဆိုလည်း ကောင်းကောင်း မအိပ်ရဘူး။ လေကြောင်းက ရှိသေးတယ်ကြားတယ်။ တချို့တွေက လယ်တောတဲတွေမှာ သွားအိပ်ကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း ဗုံးကြဲ သတ်ဖြတ်မှုတွေ နေ့စဉ်ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၆နဲ့ ၁၇ရက်မှာ ပင်လည်ဘူးနယ် ဆေးရုံနဲ့ စာသင်ကျောင်း အပါအဝင် ကျေးရွာတွေပေါ် စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #ပင်လည်ဘူး #ဆေးရုံစာသင်ကျောင်း #ဗုံးကြဲ

Related Articles

Back to top button