
စစ်အုပ်စုက သုံးရက်ဆက် ဗုံးကြဲလို့ ပင်လည်ဘူးမှာ သေဆုံးသူ ဒါဇင်ချီရှိလာ၊
ဒေါ်လာ/MFP၊ ဩဂုတ် – ၁၈
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ မိုင်းတုံးတာကြီးကျေးရွာအနီး ရွှေလုပ်ကွက်ကို အာဏာသိမ်း စစ်အုပ်စုက ဒီကနေ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီးနောက် လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပါ ပစ်ခတ်လို့ အမျိုးသမီးတွေ အပါအဝင် ပြည်သူ ရှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဩဂုတ် ၁၈ရက် ဒီမနက် ၁၁နာရီခွဲလောက်မှာ ပင်လည်ဘူးမြို့နယ် မြောက်ခြမ်း၊ မိုင်းတုံးတာကြီး ကျေးရွာ အနီးရှိ ရွှေတူးဖော်ရေး လုပ်ကိုင်နေသူတွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီးနောက် ထပ်မံ ပျံဝဲကာ စက်သေနတ်နဲ့ပါ လိုက်လံပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“မနက် ၁၁ခွဲလောက်ကပါ။ အေးအေးခိုင် ရွှေလုပ်ကွက်ကို ထိတာပါ။ ရှစ်ဦး သေဆုံးလို့ သိရပါတယ်။ သေဆုံးသူတွေထဲ အမျိုးသမီတွေ ပါတယ်။ ရွှေလုပ်သားများ သေဆုံးပါတယ်။ ဒဏ်ရာရသူ များတယ်လို့ သိရပါတယ်။ လေယာဉ်ပေါ်က စက်သေနတ်နဲ့ ပစ်လို့ တော်တော်များတယ် သိရပါတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

အဲ့ဒီ ဗုံးကြဲခံရတဲ့ မိုင်းတုံးတာကြီးကျေးရွာဟာ ပင်လည်ဘူးမြို့နဲ့ ၁၅မိုင်ခန့် ကွာဝေးပြီး မနေ့က စစ်အုပ်စု ဗုံးကြဲခဲ့တဲ့ မံစီရွာအနီးမှာ တည်ရှိကာ ရွှေတူးဖော် လုပ်ကိုင်နေသူတွေကို ဘာကြောင့် ဗုံးကြဲတယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
“ဘာလို့ ကြဲတာလဲ မသိရပါ။ ပင်လည်ဘူးကို ဗုံးကြဲနေတာ သုံးရက်ရှိပါပြီ” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိမှာလည်း စစ်အုပ်စုက ပင်လည်ဘူးနယ်ထဲ တိုက်လေယာဉ်တွေ ဆက်လက် ပျံဝဲနေဆဲမို့ ပြည်သူတွေ ထိန်လန့်ကြောက်ရွံ့နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လေယာဉ်သံတော့ ကြားနေရဆဲပါ။ ဒေသခံတွေကတော့ နီးစပ်ရာ တောထဲနဲ့ ဆွေမျိုးများ နေအိမ်၊ တဲတိုက်တွေမှာ တိမ်းရှောင်နေရပါတယ်” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ဩဂုတ် ၁၆ရက်က စလို့ ပင်လည်ဘူးနယ်ထဲ ပြည်သူကို ပစ်မှတ်ထားကာ သုံးရက်ဆက် ဗုံးကြဲတာ ဖြစ်ပြီး ဗုံးဒဏ်ကြောင့် ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူ ၁၂ ဦး ထက်မနည်း သေဆုံးကာ ဒဏ်ရာရသူလည်း အများအပြား ရှိနေပါတယ်။
ဩဂုတ် ၁၆ရက်က ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာရှိ ဆေးရုံ၊ စာသင်ကျောင်းနဲ့ နေအိမ်တွေပေါ် စစ်အုပ်စုက တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံး ရှစ်လုံးထက်မနည်း ကြဲချခဲ့သလို အိမ်ထဲက ထွက်ပြေးတဲ့ ပြည်သူတွေကို စက်သေနတ်တွေနဲ့ပါ လိုက်လံ ပစ်ခတ်ခဲ့ရာ အသက်ကိုးနှစ်အရွယ် မိန်းကလေးငယတစ်ဦး၊ အပျိုအရွယ် အမျိုးသမီးတစ်ဦး၊ လူလတ်ပိုင်း အမျိုးသားတစ်ဦးနဲ့ အသက် ၆၀ အရွယ် အဖွားတစ်ဦးတို့၊ စုစုပေါင်း လေးဦး သေဆုံးပြီး ခြေပြတ်လက်ပြတ်သူနဲ့ ဒဏ်ရာရသူ ၁၃ ဦး ရှိခဲ့ပါတယ်။
ဩဂုတ် ၁၇ရက်မှာလည်း ပင်လည်ဘူးနယ် မြောက်ခြမ်းရှိ မံစီရွာ ဆေးရုံကို ပစ်မှတ်ထားကာ ရွာပေါ် ဗုံးကြဲခဲ့သလို လက်ဆည်ကန်၊ မြေသာရွာနဲ့ မြစေတီရွာတွေပေါ်လည်း စစ်အုပ်စုက ဗုံးပတ်ကြဲခဲ့ပါတယ်။

ကင်းပန်းရွာ ဗုံးကြဲခံရမှုကြောင့် လေးဦး သေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရကာ ဆေးရုံ၊ စာသင်ကျောင်းနဲ့ အိုးအိမ် ၁၅ လုံးထက်မနည်း ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပြီး မံစီ၊ မြင်သာနဲ့ မြစေတီ ရွာတွေ ဗုံးကြဲခံရမှုနဲ့ ပတ်သက်ပြီး ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုကို MFP အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လက်ရှိမှာ ပင်လည်ဘူးနယ်ထဲ မိုးသည်းထန်ရွာလို့ ကျေးရွာတချို့ ရေကြီးနစ်မြုပ်နေသလို ဗုံးခိုကျင်းတွေပါ ရေမြုပ်နေတာကြောင့် စစ်အုပ်စုရဲ့ လေကြောင်းအန္တရာယ်ကြား ပြည်သူတွေ ပိုမို ဒုက္ခရောက်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“(အိုင်ကွန်တွေကတဆင့် တိုက်လေယာဉ်တွေ) ပင်လည်ဘူးနယ်ထဲ လာပြီ ဆိုတာနဲ့ ဗုံးခိုကျင်းထဲ ဆင်းပြေးရတော့တာ။ အဘိုးအဖွား၊ ကလေးသူငယ် တတွဲတလောင်းနဲ့။ ညဖက်တွေဆိုလည်း ကောင်းကောင်း မအိပ်ရဘူး။ လေကြောင်းက ရှိသေးတယ် ကြားတယ်။ တချို့တွေက လယ်တောတဲတွေမှာ သွားအိပ်ကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပင်လည်ဘူးမြို့ကို ၂၀၂၄ စက်တင်ဘာက စတင်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရ – NUG ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။
စစ်ရှုံးပြီး ပင်လည်ဘူးကို လက်လွှတ်ထားရတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ပင်လည်ဘူးနယ်ထဲ မကြာခဏ ဗုံးပတ်ကြဲနေပြီး ပြည်သူတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း ဗုံးကြဲ သတ်ဖြတ်မှုတွေ နေ့စဉ်ကျူးလွန်နေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။


ဩဂုတ် ၁၈ရက်မှာ ပင်လည်ဘူးနယ် မိုင်းတုံးတာကြီးရွာအနီး ရွှေလုပ်ကွက်ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး၊ စက်သေနတ်နဲ့ပါ ပစ်ခတ်လို့ ထိခိုက်သေဆုံး၊ ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ (ပေးပို့)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #ပင်လည်ဘူး #ဆေးရုံစာသင်ကျောင်း #ဗုံးကြဲ



