
MN၊ ကျီးညို/MFP၊ ဩဂုတ် – ၁၈
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မူးမြစ်ဘေးမှာ တည်ရှိပြီး ရေကြီးနစ်မြုပ်နေတဲ့ ကောင်းသစ် ကျေးရွာကို မနေ့က မနက်ပိုင်း အာဏာသိမ်း စစ်အုပ်စုက ဒရုန်းနှစ်စီးနဲ့ ဗုံးကြဲသတ်ဖြတ်တာကြောင့် ရွာခံ ပြည်သူ တစ်ဦး သေဆုံးကာ ဒဏ်ရာရသူ ၁၀ ဦး ရှိတယ်လို့ အရာတော်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ – ပကဖ သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၁၇ရက် မနေ့က မနက် ၁၁နာရီကျော်အချိန် အရာတော်နယ်၊ မူးမြစ်ရိုးရှိ ရေဘေးသင့်နေတဲ့ ကောင်းသစ်ကျေးရွာကို စစ်အုပ်စုက ရွှေဘို လေ့ကျင့်ရေး ၈ ခေါ် ရွှေဘိုမြို့ အမှတ် ၈ စစ်တန်းမြင့် လေ့ကျင့်ရေးကျောင်းက တက်လာတဲ့ ဒရုန်း နှစ်စီးနဲ့ ဗုံးကြဲတာလို့ ဆိုပါတယ်။
“ပထမဆုံး တစ်စီးက တိုက်တော့ နှစ်ယောက် ထိသွားတယ်၊ အဲ့ဒီ ထိသွားတာကို လူတွေ ဝိုင်းအုံ ကြည့်နေတဲ့ အချိန် နောက်ထပ်တစ်စီး ထပ်တိုက်တာ” လို့ ကောင်းသစ်ရွာ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခံရမှု အခြေအနေကိုသိတဲ့ ဒေသခံအမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

ကောင်းသစ်ရွာ တိုက်ခိုက်ခံရမှုကြောင့် ရွာခံပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသား ရှစ်ဦး၊ စုစုပေါင်း ၁၀ ဦး ဒဏ်ရာရပြီး အဲ့ဒီထဲက လေးဦးဟာ ဒဏ်ရာ ပြင်းထန်တယ်လို့ ဆိုပါတယ်။
“ကောင်းသစ်ရွာကို မနေ့က နေ့ခင်း ၁၂ နာရီလောက်မှာ လေကြောင်းတိုက်တာ။ တစ်ဦး သေဆုံး တာကတော့ အသက် ၃၇ နှစ်အရွယ် ရှိတဲ့ အမျိုးသမီးပါ။ သူ့မှာ ကလေးလေး တစ်ယောက်လည်း ရှိပါသေးတယ်။ ဒီ ရေဘေးပြီးသွားရင် အလှူပေးမယ်လို့ အားတင်ထားတယ်လို့လည်း သိရတယ်ဗျ”လို့ အရာတော်နယ် ပကဖ တာဝန်ရှိသူက MFP ကို ပြောပါတယ်။
ကောင်းသစ်ရွာဟာ မူးမြစ်ရိုးမှာ တည်ရှိတာကြောင့် ရေကြီးနစ်မြုပ်နေတာ ဖြစ်ပြီး ရေအနည်းငယ် ပြန်ကျချိန် အခုလို ဗုံးကြဲသတ်ဖြတ်ခံရတာလို့ အထက်ပါ ဒေသခံက MFP ကို ပြောပါတယ်။
“ကောင်းသစ်ရွာက မူးမြစ်ဘေးက ရွာဆိုတော့ ရေကြီးတာပေါ့၊ ရေကျတာလေးမှ တစ်ရက်လား ရှိသေးတာ။ အဲ့ဒီလို ရေဘေးသင့်နေတဲ့အချိန် ခုလို တိုက်ခိုက်ခံရတာပဲ”

စစ်အုပ်စုဟာ ဩဂုတ် ၁၇ရက် မနေ့က ကောင်းသစ်ကျေးရွာကို ဗုံးကြဲပြီးနောက် ညပိုင်းမှာ အရာတော်နယ် ကြွေပုဂံကျေးရွာကို မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က တက်လာတဲ့ ဒရုန်းနှစ်စီးနဲ့ ဆက်လက် ဗုံးကြဲလို့ ပြည်သူတစ်ဦး ဒဏ်ရာရတယ်လို့ အရာတော်မြို့နယ် ပကဖ ထုတ်ပြန်ပါတယ်။
ရေကြီးနစ်မြုပ်လို့ ပြေးစရာမြေမရှိ ဖြစ်နေတဲ့ အညာဒေသ ပြည်သူတွေကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ နေ့စဉ် ဗုံးကြဲသတ်ဖြတ်နေပြီး ယခု ရက် သတ္တပတ်အတွင်း ဝက်လက်၊ အရာတော်၊ ခင်ဦး၊ မတ္တရာနဲ့ စဉ့်ကူးနယ်တွေ ဗုံးကြဲခံရကာ လေးဦး ထက်မနည်း သေဆုံးခဲ့ပါတယ်။
ဩဂုတ် ၁၈ရက် ဒီမနက်ပိုင်း ဝက်လက်နဲ့ မတ္တရာနယ်အစပ်၊ ဧရာဝတီမြစ်ရိုးရှိ ရေမြုပ်နေတဲ့ ညောင်ပင်ကြီးတော၊ ကူကောင်းနဲ့ ဒေါင်းကျွန်းရွာတွေပေါ် စစ်အုပ်စုက မန္တလေးမြို့ တံတားဦးက တက်လာတဲ့ တိုက်လေယာဉ် နှစ်စီးနဲ့ သုံးကြိမ်ထက်မနည်း ဗုံးပတ်ကြဲ သတ်ဖြတ်ရာ ဒေါင်းကျွန်းရွာခံ အသက် ၆၀ အရွယ် ဒေါ်မာရီ ဆိုတဲ့ ပြည်သူတစ်ဦး သေဆုံးတယ်လို့ ဝက်လက်မြို့နယ် ပအဖ နဲ့ ဒေသခံ မြေပြင်ကင်းထောက်အဖွဲ့ Wetlet Info Network က ထုတ်ပြန်ပါတယ်။

“အကြမ်းဖက် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားပြည်သူများကို အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေပါသဖြင့် မိဘပြည်သူများ အနေဖြင့် လေကြောင်း သတိ၊ လေကြောင်း အသိဖြင့် နေထိုင်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်” လို့ ဝက်လက်မြို့နယ် ပအဖ က တိုက်တွန်းပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ရေဘေးသင့် အညာဒေသ အပါအဝင် နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း ဗုံးကြဲမှုတွေ နေ့စဉ်ကျူးလွန်နေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၇ရက်က စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ ရေဘေးသင့် ကောင်းသစ်ကျေးရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲလို့ ထိခိုက်ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – အရာတော် ပကဖ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #အရာတော် #ဆေးရုံစာသင်ကျောင်း #ဗုံးကြဲ



