စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ကလေး-တမူးလမ်း ပြန်ထိန်းချုပ်ပြီးနောက် စစ်အုပ်စုက ကလေး-ဂန့်ဂေါလမ်းကို ဆက်လက် စစ်ကြောင်းထိုး၊

တိုက်ပွဲတွေ ဖြစ်နေပြီး နှစ်ဖက် အကျအဆုံးရှိ၊

ကလေး – တမူးလမ်းတလျှောက် ရွာတွေက သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတာ နှစ်နဲ့ချီကြာလာပြီး စားသောက်နေထိုင်ရေး ခက်ခဲ၊

ရွှေဥ/MFP၊ သြဂုတ်-၁၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ တမူးမြို့ကို ဆက်သွယ်ထားပြီး မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါတဲ့ ကလေး-တမူးလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် အာဏာသိမ်း စစ်အုပ်စုက ကလေး-ဂန့်ဂေါလမ်း ပြန်ရရေး အင်အား အများအပြားနဲ့ ဆက်လက် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

သြဂုတ် ၁၅ ရက်မှာ ကလေးမြို့ကနေ စစ်အုပ်စု အင်အား ၄၀၀ ကျော်၊ စစ်ယာဉ်တန်းတွေနဲ့အတူ ကလေး-ဂန့်ဂေါလမ်းကို ဦးတည် စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။

အဲ့ဒီ ကလေး – ဂန့်ဂေါလမ်း ဦးတည် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ကလေးမြို့နယ် နတ်ချောင်းကျေးရွာနဲ့ ချောင်းခွကျေးရွာတွေအနီး တော်လှန်ရေး အင်အားစုတွေက ကြားဖြတ်တိုက်ခိုက် ရာ စစ်အုပ်စု ထိခိုက်သေဆုံးမှု ရှိသလို တော်လှန်ရေးတပ်တွေ ဘက်ကလည်း ရဲဘော် နှစ်ဦး ကျဆုံးကာ ဒဏ်ရာရသူ ၁၀ ဦး ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“တိုက်ပွဲက နတ်ချောင်းရွာ လမ်းတလျှောက်ဖြစ်တာ။ သူတို့ဘက်လည်း အထိအခိုက် ရှိတယ်။ ကလေးခရိုင် တပ်ရင်း (၁)က ရဲဘော်တစ်ယောက် ကျတယ်။ Local -PDF ထဲက တစ်ယောက်ကျတယ်” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ စစ်အုပ်စုကို ကင်းထောက်သွားတဲ့ တော်လှန်ရေးရဲဘော် လေးဦးလည်း စစ်ကြောင်းနဲ့ တိုးကာ အဝိုင်းခံခဲ့ရပြီး နှစ်ဦး လွတ်မြောက်လာပေမဲ့ ကျန်နှစ်ဦးကတော့ သတင်းအစအန မရဘဲ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ဒီလို နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ စစ်အုပ်စုက နတ်ချောင်းနဲ့ ချောင်းခွကျေးရွာတွေကို လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲလို့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ ကလေးမြို့နယ် ကျေးရွာတွေကိုလည်း လက်နက်ကြီးနဲ့ ရမ်းကာ ပစ်ခတ်နေပြီး သြဂုတ် ၁၆ ရက်မှာ မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ ကျောက်ဖူးကျေးရွာကို စစ်အုပ်စု လက်နက်ကြီးနဲ့ ထုလို့ ရွာခံ အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသားငါးဦး ထိခိုက်ဒဏ်ရာ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၁၂ရက်ကလည်း ချောင်းခွကျေးရွာ နာရေးကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲလို့ နာရေး လိုက်ပါ ပို့ဆောင်သူ အမျိုးသမီးတစ်ဦး သေဆုံးသလို သေဆုံးသူရဲ့ ခင်ပွန်းလည်း ဒဏ်ရာရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“နာရေးဗုံးကြဲတာက အန်တီက နောက်ကျောမှန်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်။ သူ့ယောက်ျားကတော့ ခြေထောက် ဒဏ်ရာရတယ်။ ဆေးကုဖို့သွားတာ လမ်းမှာ စစ်တပ်က ပိတ်ထားလို့ သွေးစက်လက်နဲ့ အကြာကြီး နေရတယ်”လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

လက်ရှိမှာ စစ်အုပ်စုက နတ်ချောင်းကျေးရွာအတွင်း ဆက်လက် တပ်စွဲထားပြီး ချင်းပြည်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့မှာ အထိုင်ချတပ်စွဲထားတဲ့ တပ်မ ၉၉ က တပ်ရင်းတွေကို ကလေးမြို့နယ်ရှိ တပ်မ ၉၉၊ တပ်မ ၇၇၊ တပ်မ ၃၃တို့က စစ်အုပ်စုနဲ့ အချိန်းအပြောင်း လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

“ဝေဘူလတပ်တွေကို ရွှေ့ပြောင်းတယ်။ အဲ့ဒီနေရာက ချင်းနဲ့ ကလေးအစပ်ဆိုတော့ စစ်တပ်က ထောက်ပို့ မလုပ်နိုင်ဘူး။ တပ်တွေ ပြောင်းတာတွေ လုပ်တယ်။ အင်အား ၁၀၀ နဲ့ ၈၀ ကြားရှိမှာ ထိုင်ထားတာက”

တချိန်တည်းမှာပဲ ကလေး တမူးလမ်းတလျှောက် စစ်အုပ်စုက တွေ့သမျှပြည်သူကို ဖမ်းဆီးသတ်ဖြတ်၊ ရန်ပြုနေဆဲမို့ ထောက်ကြန့်၊ ထိုမာ၊ ကြာအင်း၊ သာယာကုန်း၊ နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစို၊ ရန်ကြီး‌အောင်၊ ၆မိုင်၊ ကံသာ၊ ကံကြီး၊ နန်းစောင်းပု၊ ကံသာယာ၊ မော်လိုက်ကလေး၊ ကြံစက်ကုန်း၊ ရာဇဂြိုလ် စတဲ့ ကျေးရွာ ၃၀ ကျော်က နှစ်နဲ့ချီကြာ စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ပြည်သူတွေ ကျေးရွာတွေထဲ ပြန်မဝင်ရဲသေးဘဲ တောတောင်အတွင်း ဆက်လက် ခိုလှူံ နေထိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးသူတွေက ပြောပါတယ်။

ကလေး – တမူးလမ်းကို ပြန်လည် ထိန်းချုပ်နိုင်တဲ့ စစ်အုပ်စုက စားနပ်ရိက္ခာနဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ပိတ်ဆို့ဖြတ်တောက်ထားလို့ ကလေးနယ်က စစ်ဘေးရှောင် လူဦးရေ ၅၀,၀၀၀ ကျော် ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ အကူအညီပေးသူတစ်ဦးက ပြောပါတယ်။

“ပထမ စစ်ကြောင်းဝင်တုန်းက စပါးတွေက မရိတ်ကြရဘူး။ ကျန်တဲ့ စပါးတွေက စစ်တပ်က ရိတ်သွားတာ။ စပါးစျေးတွေလည်း တက်နေတယ်။ ဆေးဝါးတွေကလည်း ပြတ်နေတယ်။ ဆန်၊ ဆီ၊ ဆားက အကုန် ခက်ခဲ ကုန်ကြတယ်” လို့ သူက ဆိုပါတယ်။

တော်လှန်ရေးအင်အားစုတွေ သုံးနှစ်ကြာ စိုးမိုး ထိန်းချုပ်ထားတဲ့ ကလေးမြို့နယ် မြောက်ပိုင်းရှိ မြန်မာ-အိန္ဒိယ နယ်စပ် ကလေး-တမူး အာရှလမ်းမကြီး အပြင် ကလေးမြို့နယ်တောင်ပိုင်းရှိ နတ်ချောင်း၊ နတ်မြောင်း၊ ထောက်ကြန့်၊ ကြာအင်း ကျေးရွာတွေကိုပါ စစ်အုပ်စုက ယခုလတွေအတွင်း ပြန်လည် ထိန်းချုပ်သွားတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီး ငါးနှစ်ကျော်ကြာချိန်အထိ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေး မလုပ်နိုင်သေးတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းတွေ ပြန်လည် စိုးမိုး ထိန်းချုပ်နိုင်ဖို့ ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို အသုံးချကာ အသေခံ ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။

ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေကို အသေခံ တိုက်ခိုက်ခိုင်းကာ ကလေး – တမူး လမ်းကို စစ်အုပ်စု ပြန်လည် ထိန်းချုပ်သွားစဉ်/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း#ကလေး-ဂန့်‌ဂေါလမ်း#စစ်ကြောင်းထိုး

Related Articles

Back to top button