စစ်ကိုင်းသတင်း

မုံရွာ ဆားလင်းကြီးမှာ စစ်အုပ်စု လေယာဉ်တွေနဲ့ ဗုံးကြဲ၊ တရုတ်ကြေးနီစက်ရုံကနေ လက်နက်ကြီးနဲ့ ထု၊

ဗုံးထိလို့ ပြည်သူ အမျိုးသမီး နှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ များပြားပြီး ဘုန်းကြီးကျောင်းနဲ့ အိမ်တွေ မီးလောင်ပျက်စီး၊

MN/MFP ၊ ဩဂုတ် – ၁၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တဖက်ကမ်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာပေါ် အာဏာသိမ်း စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စင်းနဲ့ ဗုံးကြဲပစ်ခတ်လို့ ပြည်သူ အမျိုးသမီး နှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဩဂုတ် ၁၈ရက် မနေ့က နေ့လယ်ပိုင်း ဆားလင်းကြီးမြို့ မြောက်ဘက်မှာရှိတဲ့ ရေခါးကျေးရွာကို စစ်အုပ်စုက မန္တလေးမြို့ တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာ နှစ်စင်းနဲ့ နှစ်ကြိမ် ဗုံးကြဲပြီးနောက် လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ပါ ပစ်ခတ်တာလို့ ဆိုပါတယ်။

ဒါ့အပြင် လေယာဉ်နဲ့ ဗုံးကြဲပြီးနောက် တရုတ်ပိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဂိတ်စောင့် ပေးနေရတဲ့ စစ်အုပ်စုကပါ အဲ့ဒီ ရေခါးကျေးရွာကို လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့က နေ့လယ်ပိုင်းလောက်မှာ ဖိုက်တာ တစ်စီးနဲ့ အရင် ဗုံးလာကြဲတယ်။ နောက်ထပ် တစ်စီး ထပ်လာပြီးတော့ ကြဲသွားတယ်။ သေဆုံးတာကတော့ အမျိုးသမီး နှစ်ဦးပါ။ တစ်ဦးကတော့ ဒေသခံ နောက်တစ်ဦးကတော့ တခြားရွာကနေ ရေခါးရွာကို ဈေးလာဝယ်တဲ့ အမျိုးသမီး သေဆုံးသွားတာပါ။ လေယာဉ် နှစ်စင်းနဲ့ ဗုံးလာကြဲသွားပြီးတော့ ဝမ်ပေါင် (တရုတ်ကြေးနီစီမံကိန်း) ကနေပြီးတော့ လက်နက်ကြီးနဲ့ ခြောက်လုံး လှမ်းပစ်သေးတယ်။ ဝမ်ပေါင်က လက်နက်ကြီးနဲ့ ထုလို့ မီးလောင် ပျက်စီးတာက အိမ် ခြောက်လုံးလောက် ရှိတယ်။ လေယာဉ်က ရွာပေါ်ကို တခါတည်းလာပြီးတော့ ဗုံးကြဲသွားတာ။ အရင်ကတုန်းကဆို ဗုံးကြဲမယ်ဆိုရင် လေယာဉ်က ဝဲနေသေးတယ်။ အခုက ရောက်တာနဲ့ တခါတည်းကြဲသွားတာ”လို့ ဆားလင်းကြီးနယ်ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

ဗုံးထိမှန်လို့ ရေခါးကျေးရွာက အမျိုးသမီး တစ်ဦးနဲ့ စျေးဝယ်လာတဲ့ လယ်တီကျေးရွာက အမျိုးသမီး တစ်ဦး နေရာမှာတင် သေဆုံးပြီး နောက်ထပ် ဒေသခံပြည်သူ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ဗုံးနဲ့ လက်နက်ကြီး ထိမှန်လို့ ရေခါးကျေးရွာ ဘုန်းကြီးကျောင်း အဆောက်အဦ နှစ်လုံးနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီး၊ မီးလောင်တယ်လို့ ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။

“ကျွန်တော်က ဒဏ်ရာရတဲ့သူတွေ လိုက်ပို့နေတာဆိုတော့ ထိခိုက်ဒဏ်ရာရသူတွေက များတယ်ဗျ။ အနည်းဆုံး ငါးယောက်လောက် ရှိမယ်။ ဒဏ်ရာပြင်းထန်တဲ့ သူတွေလည်း ပါတယ်။ သေဆုံးတဲ့ အမျိုးသမီး နှစ်ဦးကတော့ တစ်ဦးက ရွာထဲမှာ နွားစာစဉ်းနေတဲ့အချိန် ခေါင်းကိုထိပြီး သေဆုံးတယ်။ နောက်တစ်ဦးကတော့ ရွာထဲကို ဈေးဝယ်လာတဲ့အချိန် ထိသွားတာ။ လေယာဉ်နဲ့ ဗုံးကြဲတာက ဘုန်းကြီးကျောင်းထဲက တိုက်နှစ်လုံး ပျက်စီးပြီးတော့ နေအိမ် နှစ်လုံး၊ သုံးလုံးလောက် ထိခိုက် ပျက်စီးတယ်။ အဲဒီလို လေယာဉ်နဲ့ ဗုံးကြဲပြီးတော့ ဝမ်ပေါင်ကနေ လက်နက်ကြီးနဲ့ ခြောက်လုံးလောက် ထုတာ နေအိမ်တွေ ခြောက်လုံးလောက် ထပ်ပြီးတော့ မီးလောင်သွားတယ်။ မီးကလည်း ဒီကနေ့ မနက် ၃ နာရီလောက်ထိ မီးကမငြိမ်းလို့ ထငြှိမ်းနေရတာ။ နောက်ပြီးတော့ ရွာထဲက နွားနှစ်ကောင်လည်း သေသွားတယ်။ အပျက်စီးတွေလည်း အခုထိ ရှင်းလို့ မပြီးသေးဘူး”

စစ်အုပ်စုက လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ရေခါကျေးရွာက ဒေသခံ ပြည်သူတွေ ရွာထဲမနေရဲဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဆားလင်းကြီးနယ် ကျေးရွာတွေကို လေကြောင်း ဗုံးကြဲတာ၊ တရုတ်ကြေးနီစီမံကိန်း ဂိတ်အစောင့် စစ်အုပ်စုက လက်နက်ကြီး ထုတာ၊ မြေပြင်စစ်ကြောင်းထိုးတာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ နေအိမ် မီးရှို့တာတွေ မကြာခဏ ကျူးလွန်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဆားလင်းကြီးနယ် အပါအဝင် နိုင်ငံတဝန်း ပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်း ဗုံးကြဲမှုတွေ နေ့စဉ်ကျူးလွန်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၈ရက်က ဆားလင်းကြီးမြို့နယ် ရေခါးကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲ၊ စက်သေနတ်နဲ့ ပစ်ခတ်ပြီး လက်နက်ကြီးနဲ့ပါ ထုလို့ ထိခိုက်သေဆုံး၊ ပျက်စီးမှုတွေ တွေ့ရစဉ်/Photo – ဒေသခံ (ပေးပို့)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #ဆားလင်းကြီး #တရုတ်ကြေးနီစက်ရုံ #​ရေခါးရွာ

Related Articles

Back to top button