စစ်ကိုင်း ကနီနယ်မှာ စစ်အုပ်စုက ရွာခံပြည်သူတွေနဲ့ စစ်ရှောင်ပြည်သူတွေကို ဖမ်းဆီးထား၊

မုံရွာ – ယာကြီး – ကလေးဝလမ်းနဲ့ ချင်းတွင်းမြစ်ကြောင်းမှာ စစ်အုပ်စု နှစ်ဖွဲ့ခွဲ စစ်ကြောင်းထိုး ရန်ပြုနေ၊
သုထက်/MFP၊ ဩဂုတ် – ၁၉
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက် စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စုက မင်းမရွာခံ အမျိုးသား ခြောက်ဦးနဲ့ မုဌောရွာက စစ်ဘေး ရှောင် ပြည်သူတွေကို ဖမ်းဆီးထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဩဂုတ် ၁၆ရက်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က ထွက်လာတဲ့ အင်အား ၁၀၀၀ ခန့်ပါ စစ်အုပ်စုဟာ ကနီနဲ့ ယင်းမာပင်နယ်အစပ်၊ ချောင်းမရွာကို ရောက်ရှိနေပြီး မုံရွာ – ကနီ – ယာကြီး – မင်းကင်း – ကလေးဝ လမ်းတလျှောက် စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
ဩဂုတ် ၁၈ရက် မနက် ၆နာရီခွဲမှာ ချောင်းမရွာထဲ အထိုင်ချထားတဲ့ စစ်အုပ်စုထဲက အင်အား ၂၀၀ လောက်ဟာ မင်းမရွာကို ရုတ်တရက် စီးနင်းပြီးနောက် ရွာခံပြည်သူ အမျိုးသား ခြောက်ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“မင်းမကို ဝင်တဲ့ စစ်ကြောင်းက အမျိုးသား ခြောက်ယောက်ကို ဖမ်းမိသွားတယ်။ အခုထိတော့ ပြန်မလွတ်သေးဘူး”
အဲ့ဒီ စစ်အုပ်စုဟာ မင်းမရွာကတဆင့် ညနေပိုင်းမှာ မုဌောရွာကို ဆက်လက် စီးနင်းပြီးနောက် စစ်ဘေးရှောင်ပြည်သူတွေကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

“ချင်းတွင်းမြစ်ကြောင်းက စစ်ကောင်စီရေယဥ်တွေ ဆင်းလာလို့ ဘုန်းကြီးကျောင်းကို ရှောင်ကြရင်း မြေပြင် စစ်ကြောင်းထိုးတော့ အကုန် ပိတ်မိသွားတာ၊ အခုထိတော့ ပြန်မလွတ်သေးဘူး”လို့ အထက်ပါ ဒေသခံ အမျိုးသားက ထပ်မံ ပြောဆိုပါတယ်။
ချောင်းမရွာထဲ တပ်စွဲထားတဲ့ စစ်အုပ်စုဟာ အဖွဲ့တွေခွဲကာ ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ ဖောက်ထွင်း လုယက်နေတာ ဖြစ်ပြီး ဩဂုတ် ၁၈ရက်မှာ မင်းမ၊ မုဌောရွာတွေကနေ ကနီမြို့ကို သွားတဲ့လမ်းအတိုင်း စစ်ကြောင်းထိုးသလို မုံရွာ – ယာကြီး ကလေးဝ လမ်းပိုင်းအတိုင်း အနောက်ဘက်ကို ဦးတည်ပြီးတာ့လည်း တပြိုင်နက် စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီမြို့ဘက် ဦးတည်တဲ့ စစ်အုပ်စုဟာ မုဌော၊ ငါးဖျက်၊ ပန်းဆိုင်း စတဲ့ ရွာတွေကို စီးနင်းကာ ဖောက်ထွင်း လုယက် ခိုးယူနေပြီး ယာကြီး – ကလေးဝ လမ်းအတိုင်း စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက ၂၆ မိုင် အနီးတဝိုက် ရောက်နေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ စစ်သင်္ဘောတွေ အပါအဝင် စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ် အစီး ၃၀ ကျော်ဟာလည်း ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာပြီး ကနီနယ် မြစ်ရိုးတလျှောက် ကျေးရွာတွကို မုံရွာ နမခကနေ ပါရာမော်တာ – စက်တပ်လေထီး၊ ဂျိုင်အိုကော်ပတာ၊ ဒရုန်းနဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယင်းမာပင်မြို့နယ် အောင်ဇေယျမြို့သစ်နဲ့ ဆားလင်းကြီးမြို့နယ် တရုတ်ပိုင် ဝမ်ပေါင် ကြေးနီ စီမံကိန်းကနေလည်း ချင်းတွင်းမြစ်ကမ်းဘေး မြို့၊ရွာတွေကို လက်နက်ကြီးတွေနဲ့ ရမ်းကား ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စု ရန်ကြောင့် ကနီနယ် ချင်းတွင်းမြစ်ရိုးနဲ့ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက် မြို့၊ရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

ကနီနယ်၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက် စစ်အုပ်စု စစ်ကြောင်းထိုး၊ ရန်ပြုလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #စစ်ကိုင်း #ကနီ #မုံရွာယာကြီးကလေးဝလမ်း



