
မလှိုင်နယ် ကျောက်တန်းကျေးရွာ အပါအဝင် ငါးရွာ ထက်မနည်း မီးရှို့ ဖျက်ဆီးခံရ၊
လှိုင်း / MFP၊ သြဂုတ် – ၁၉
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ခြေက စတင်ကာ မလှိုင်မြို့နယ်အထိ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊ မီးရှို့ဖျက်ဆီးတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဒီကနေ့ မနက်ပိုင်း ခိုးရာပါ ပစ္စည်းတွေကို မလှိုင်မြို့ထဲ သယ်ပို့နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
သြဂုတ် ဒုတိယအပတ်ကနေ စတင်ပြီး ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ခြေမှာရှိတဲ့ ကျေးရွာ တွေကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးတဲ့ စစ်အုပ်စုဟာ ပုပ္ပါးနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၊ မြင်းခြံခရိုင် တောင်သာမြို့နယ်နဲ့ မိထ္တီလာခရိုင် မလှိုင်မြို့နယ်၊ သုံးမြို့နယ် အစပ်ရှိ ကျေးရွာတွေကို တစ်ရွာဝင် တစ်ရွာထွက် စီးနင်းကာ ဖောက်ထွင်းလုယက်၊ မီးရှို့ဖျက်ဆီးတာ ဖြစ်ပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ဩဂုတ် ၁၉ရက် ဒီကနေ့ မနက်ပိုင်းမှာတော့ မလှိုင်မြို့နယ် ကျောက်တန်းကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ခိုးရာပါ ပစ္စည်းတွေကို မလှိုင်မြို့ထဲ သယ်ပို့နေတာလို့ ဆိုပါတယ်။
“မနက်က ကျောက်တန်းရွာပေါ်ကို စက်တပ်လေထီး (Paramotor) နဲ့ ချတယ်။ မိတ်ကုန်းရွာကနေ ထွက်လာပြီး ကျောက်တန်းရွာ အစပ်က တောတိုက် (လယ်စောင့်တဲ)တွေကို မီးရှို့သွားတယ်။ ရှေ့က ရှို့၊ နောက်က ငြှိမ်းရတာပေါ့။ နောက်တော့ ရွာတောင်ပိုင်းက ရွာလမ်းမကြီးဘေးက အိမ်တွေကို ထပ် ရှို့ သွားတာ၊ အိမ်ခြေ ၂၀ ဝန်းကျင် ပါသွားတယ်။ စစ်တပ်စစ်ကြောင်းကလည်း အနီးမှာ ရှိနေသေးတော့ ရွာထဲ ပြန်မဝင် ရဲကြသေးဘူး” လို့ မလှိုင်မြို့နယ်၊ ကျောက်တန်းကျေးရွာခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

စစ်အုပ်စု ရန်ကြောင့် မလှိုင်မြို့နယ်ထဲက မုံပင်၊ ကျောက်တန်း၊ ကံတွင်း၊ ညောင်မြင့်၊ မိတ်ကုန်း၊ လယ်ဗျား၊ တောင်ရိုးတဲနဲ့ ဖိုးကြွယ် စတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေး နေကြရတယ်လို့ ဆိုပါတယ်။
“အခု မီးရှို့ခံရတဲ့ ရွာတွေက လက်နက်ကိုင်တပ်တွေလည်း မရှိဘူး။ တိုက်ပွဲလည်း မရှိဘူး။ မြို့နဲ့က လမ်း ကောင်း တော့ နီးတယ်။ မြို့ပေါ်မှာလည်း စစ်တပ်က နေရာတွေ ဖြန့်ပြီး နေရာယူထားကြတာ။ မြို့ပေါ်မှာ တိုက်ပွဲ ဖြစ်မှာကိုလည်း စိုးရိမ်နေကြတယ်” လို့ မလှိုင်မြို့ခံ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။
လက်ရှိမှာ မလှိုင်နယ် ကျောက်တန်းနဲ့ ကံတွင်းကျေးရွာထဲ စစ်အုပ်စု အင်အား ၂၀၀ ဝန်းကျင် အထိုင်ချ တပ်စွဲထားပြီး ကျန်တဲ့ အင်အား ၃၀၀ ဝန်းကျင်ကတော့ ခိုးရာပါ ပစ္စည်းတွေနဲ့အတူ မလှိုင်မြို့ပေါ် ပြန်ဝင်သွားတယ်လို့ ဆိုပါတယ်။
မလှိုင်မြို့ပေါ်ရှိ ရွှေမုဌောဘုရားကြီး၊ ရတနာဦးဘုန်းကြီးကျောင်း၊ လေသာဘုန်းကြီးကျောင်းနဲ့ ရွှေကျင် ဘုန်းကြီးကျောင်းတွေမှာ စစ်အုပ်စုက အထိုင်စခန်းချ တပ်စွဲထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မလှိုင်မြို့ပေါ် ရောက်လာတဲ့ စစ်အုပ်စုဟာ ရွာစဥ်ပတ်မွှေ ဖောက်ထွင်းရရှိလာတဲ့ ခိုးရာပါပစ္စည်းတွေကို တဆင့်ပြန်လည် ရောင်းချနေတယ်လို့လည်း လူထုသတင်းကွန်ရက် – မလှိုင်မြို့က ဖော်ပြပါတယ်။
အဲ့ဒီ့ ပုပ္ပါး၊ ကျောက်ပန်းတောင်း၊ တောင်သာနဲ့ မလှိုင်နယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ သြဂုတ် ၁၄ ရက်က စလို့ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ခြေနဲ့ တောင်သာနယ်ရှိ ဒီးဒုတ်ကုန်းရွာက နေအိမ် ၁၆ လုံး၊ သုံးအိမ်ကုန်းရွာက နေအိမ် ၁၈ လုံး၊ သီးကုန်းရွာက နေအိမ် ၂၂ လုံး၊ ကမ္ဘားတဲ(တောင်)ရွာက နေအိမ် ၁၈ လုံး၊ ကမ္ဘားတဲ(မြောက်) ရွာက နေအိမ် ၃၁ လုံး၊ သရက်ချိုကုန်းရွာက နေအိမ် ရှစ်လုံးတို့ကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
ဒါ့အပြင် တောင်သာမြို့နယ်က စွန်းလွန်းကျေးရွာ၊ မလှိုင်မြို့နယ်ထဲက ဖိုးကြွယ်၊ လယ်ဗျား၊ တောင်ရိုးတဲ၊ မိတ်ကုန်း၊ ကျောက်တန်း၊ မုံပင်နဲ့ ကံတွင်းကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးနေပြီး မီးလောင်ပြာကျတဲ့ အိမ်ခြေစာရင်းတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ အထက်ပါ ကျေးရွာတွေကို စီးနင်းရာမှာ ဆန်၊ ဆီ၊ ရွှေ၊ ငွေ၊ စက်ဘီး၊ ဆိုင်ကယ် စတဲ့ ပြည်သူပိုင် တန်ဘိုးရှိ ပစ္စည်းမှန်သမျှ ဖောက်ထွင်းခိုးယူ လုယက်ပြီးမှ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပြီး မသယ်နိုင်တဲ့ ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ခြေရှိ ကျားနေအိုင့်ကျေးရွာနဲ့ မလှိုင်မြို့နယ်ရှိ ကျောက်တန်းနဲ့ မိတ်ကုန်း ကျေးရွာတွေကို စစ်အုပ်စု မီးရှို့ဖျက်ဆီးနေစဉ်/Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #ပုပ္ပါး #တောင်သာကျောက်ပန်းတောင်းမလှိုင်ရွာမီးရှို့



