
၁၂ လောင်း တွေ့ထားပြီး ဘုန်းကြီးကျောင်းအပျက်အစီးတွေအောက် ပိနေသူတွေ အများအပြားရှိ၊
မြောင်နယ် ကျေးရွာတွေကို စစ်အုပ်စု နေ့စဉ်ရက်ဆက် ဗုံးကြဲနေ၊
MN/MFP ၊ ဩဂုတ် – ၂၁
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာ ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့ သီလယူတရားနာ နေသူတွေကို ဒီမနက်ပိုင်း အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ ကနဦး အလောင်း ၁၂ လောင်း တွေ့ရှိထားပြီး ကျောင်းဆောင် အပျက်အစီးတွေအောက် ပိနေသူတွေလည်း အများအပြား ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဩဂုတ် ၂၁ရက် မနက် ၉နာရီကျော်အချိန် မြောင်မြို့နယ်ရှိ ကျေးရွာဘုန်းကြီးကျောင်း တရားစခန်းကို မန္တလေးမြို့ တံတားဦးကနေ တက်လာတဲ့ တိုက်လေယာဉ်နဲ့ စစ်အုပ်စု နှစ်ကြိမ် ဗုံးကြဲ ပစ်ခတ်သတ်ဖြတ်တာလို့ ဆိုပါတယ်။
“အသေတွေ များတယ်။ ဒဏ်ရာရသူလည်း များတယ်။ အပုံတွေအောက်မှာ အခုထိ မထုတ်ရသေးဘူး။ ဘုန်းကြီးကျောင်း၊ ဘုန်းကြီးကျောင်း။ တရားစခန်းဘေးဆိုတော့ အကုန်လုံး စုပြုံနေတဲ့နေရာ ဖြစ်နေတာ” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
လတ်တလောမှာ အလောင်း ၁၂ လောင်း တွေ့ထားပြီး ဘုန်းကြီးကျောင်း အပျက်အစီးတွေအောက် ပိနေသူတွေ အများအပြား ရှိကာ ကယ်ဆယ်ရေးလုပ်ဖို့ ကြိုးစားနေဆဲလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ မြောင်နယ်ထဲ နှစ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်တာဖြစ်ပါတယ်။
ဩဂုတ် ၁၉ရက် ည ၇ နာရီဝန်းကျင်ကလည်း မြောင်မြို့နယ် မြောင်-ပရိမ္မ ကားလမ်းဘေးရှိ လှေတင်ဦးကျေးရွာကို တိုက်ပွဲဖြစ်စဉ်မရှိဘဲ စစ်အုပ်စုက တိုက်လေယာဉ် သုံးစင်းနဲ့ သုံးကြိမ် ဗုံးကြဲရာ မြောင် ပညာရေးကွန်ရက် – MEN က စေတနာ့ဝန်ထမ်း ကျောင်းဆရာမတစ်ဦး အပါအဝင် နှစ်ဦး သေဆုံးပြီး ဒေသခံ ၁၆ ဦး ထိခိုက်ဒဏ်ရာ ရတယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ – CDSOM ခေါင်းဆောင် ကိုနွေဦးက MFP ကို ပြောပါတယ်။
မြောင်မြို့နယ်မှာ စစ်အုပ်စုက မြေပြင်တိုက်ပွဲဖြစ်စဉ်မရှိဘဲ ကျေးရွာတွေကို လေကြောင်းကနေ မကြာခဏ ဗုံးကြဲသတ်ဖြတ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ မတ်လအတွင်းက နဘက်ကျေးရွာကို လေကြောင်း ဗုံးကြဲခဲ့တာကြောင့် မွေးကင်းစ ကလေးငယ်(ကျား) အပါဝင် ဒေသခံလေးဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် မတ်လ ၂၃ ရက်မှာလည်း နဘက်ကျေးရွာအနီးက သောင်ကြီးရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသားသုံးဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ဒေသခံ ၂၀ ကျော် ထိခိုက်ဒဏ်ရာတွေရရှိခဲ့သလို နေအိမ်အလုံး ၃၀ မီးလောင်ပြာကျခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

မြောင်နယ် ဘုန်းကြီးကျောင်း ကို စစ်အုပ်စု ဗုံးကြဲခဲ့စဉ်/ Photo – ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း#မြောင်



