
တရားစခန်းဝင်သူ ၁၂၀ ရှိပြီး ဗုံးထိလို့ ဒဏ်ရာရသူ ဆယ်ချီကာ တချို့ အသက်အန္တရာယ် စိုးရိမ်ရ၊
ဆရာတော်၊ သံဃာတော်တွေ ထိခိုက်မှု မရှိဘဲ တရားစခန်းဝင် ယောဂီနဲ့ ရွာခံတွေ ထိခိုက်တာဖြစ်၊
MN/MFP ၊ ဩဂုတ် – ၂၁
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာ ဘုန်းကြီးကျောင်း ဝါတွင်းကာလ တရားစခန်းကို ဥပုသ်နေ့ ဒီမနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်ရာ သေဆုံးသူ ၁၄ ဦး ရှိလာပြီး ဒဏ်ရာရသူလည်း ဆယ်နဲ့ချီကာ တချို့က အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ တရားစခန်း ဦးဆောင်ကျင်းပသူနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက MFP ကို ပြောပါတယ်။
ဩဂုတ် ၂၁ ရက် (ဝါခေါင်လဆန်း ၈ ရက် ဥပုသ်နေ့) မနက် ၉ နာရီအချိန်မှာ မြောင်မြို့နယ်၊ မြောင်-ပရိမ္မ လမ်းပေါ်ရှိ ဆွဲလွဲအိုကျေးရွာ ဘုန်းတော်ကြီးကျောင်း တရားစခန်းကို စစ်အုပ်စုက မန္တလေးမြို့ တံတားဦး တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးနဲ့ နှစ်ကြိမ်၊ ဗုံးကြဲချ တိုက်ခိုက်တာ ဖြစ်ပါတယ်။
စစ်အုပ်စု ကြဲချတဲ့ ဗုံးတွေဟာ ဘုန်းကြီးကျောင်း တရားစခန်း အမျိုးသား ယောဂီဆောင်၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအနီးနဲ့ လူနေအိမ်တွေပေါ် ကျရောက် ပေါက်ကွဲပြီး ဘုန်းကြီးကျောင်း တရားစခန်းဝင် ယောဂီတွေ၊ လမ်းသွားလမ်းလာ ပြည်သူတွေနဲ့ နေအိမ်တွေထဲမှာ ရှိနေတဲ့ ပြည်သူတွေ ထိခိုက် သေဆုံးကာ လတ်တလော သက်ကြီးပိုင်း အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီးသုံး ဦး၊ စုစုပေါင်း ၁၄ ဦးရဲ့ အလောင်းတွေ တွေ့ရှိထားကာ ဒဏ်ရာရသူ ဆယ်နဲ့ချီရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်နယ် ဆွဲလွဲအိုကျေးရွာမှာ ဝါတွင်းကာလ တရားစခန်း ကျင်းပနေတာ ဖြစ်ပြီး ရွာခံတွေအပြင် အနီးဝန်းကျင် ကျေးရွာတွေက လာရောက် တရားစခန်းဝင်တဲ့ ယောဂီ ၁၂၀ ကျော် ရှိကာ တရားစခန်း နှစ်ရက်မြောက်နေ့မှာ ဗုံးကြဲခံရတာလို့ ဆွဲလဲအိုရွာခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“အခင်းဖြစ်စဉ်က တံတားဦးလေတပ်ကနေ တက်လာပြီဆိုကတည်းက ကျွန်တော်တို့ဘက်ကို (ဂျက်ဖိုက်တာ) ဝဲနေတာ မြင်လိုက်ရတယ်။ ကျွန်တော်တို့က ရွာမှာ တရားစခန်းက နာရီလေးနဲ့ အချိန် အတိအကျ ပြောရမယ်ဆိုရင် ပထမ မနက် ၄ နာရီကနေ ၅နာရီခွဲထိက တရားထိုင်တာပေါ့။ ၆နာရီခွဲကနေ ၇နာရီခွဲထိက အခွေတရားပေါ့။ ၈နာရီကနေ ၉နာရီထိကတော့ သင်တန်းတရား။ အဲဒီ ၈နာရီကနေ ၉နာရီ သင်တန်းတရား အပြီးလေးမှာ လေကြောင်းတိုက်ခိုက်မှု ခံလိုက်ရတာပေါ့ဗျာ။ ကျွန်တော်တို့က ၉နာရီခွဲကနေ ၁၀ နာရီမှာ သီလပေးတရားပွဲ ရှိတယ်။ သီလပေးတရားဆိုတဲ့ အချိန်ဆိုရင် ကျွန်တော်တို့ ရွာက တစ်ရွာလုံး ကုန်မှာပေါ့ဗျာ။ အခုဟာက သင်တန်း တရားလေး ပြီးတဲ့အချိန်မှာ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်သွားတာဗျ”

လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေဟာ သက်ကြီးပိုင်းတွေ ဖြစ်တဲ့ အသက် ၅၀ ကျော်ကနေ အသက် ၈၀ ကျော်အရွယ် အဖိုး၊ အဖွားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်က အခုချိန်ထိ ရေလည်း မသောက်နိုင်ဘူး၊ အစာလည်း မစားနိုင်ဘူးဖြစ်နေတာ။ ဘာဖြစ်လို့ မစားနိုင်တာလဲ ဆိုတော့ ကျွန်တော်ဟာ ဒီဘာသာရေးတွေ လုပ်ဖို့အတွက် ယောဂီတွေကို ကျွန်တော် ခေါ်ခဲ့တာ။ ဒီသင်တန်း (တရားစခန်း) ဖွင့်ဖို့အတွက် ကျွန်တော်ကပဲ ဦးစီးဦးဆောင် လုပ်ခဲ့တာဆိုတော့ ဘာမှကို မစားနိုင် မသောက်နိုင်ဖြစ်ပြီး မျက်စိထဲက မထွက်ဘူး ဖြစ်နေတာ။ ဖိနေတာတွေကို ဆွဲထုတ် ရတာတွေ တခါမှလည်း ဒီလိုမကြုံဘူးခဲ့ဘူး။ ကျွန်တော်တို့မှာ ယောဂီတွေကို ကျွေးဖို့မွေးဖို့ လုပ်ထားတာ အခုမှ တရားစခန်းလေး ကျင်းပတာ နှစ်ရက်မြောက်ပဲ ရှိသေးတာပါ။ သေဆုံးသူတွေကတော့ အခု လောလောဆယ်မှာ ၁၄ ဦးလို့ အတည်ပြုလို့ရတယ်။ အရွယ်တွေကတော့ အသက် ၈၀ ကျော် အဖွားတွေ အဖိုးတွေနဲ့ ၆၀ ကျော် အထက်မှာပဲ ရှိပါတယ်။ ကျွန်တော့်က ယောဂီတွေကို ခေါ်ပြီးတော့ သေစေတော့ ဆိုတဲ့ ပုံစံမျိုးကြီး ဖြစ်သွားတာဆိုတော့ ကျွန်တော် စိတ်မကောင်းဘူးဗျ”လို့ ဆွဲလွဲအိုရွာခံ အမျိုးသားက MFP ကို ပြောပါတယ်။

ဗုံးကြဲမှုကြောင့် သေဆုံး၊ ထိခိုက် ဒဏ်ရာသူတွေထဲမှာ တရားထိုင်နေကြတဲ့ ယောဂီတွေနဲ့ ဥပုသ်နေ့ သီလယူဖို့ လာကြတဲ့ ဒေသခံတွေ ဖြစ်ပြီး ကျောင်းထိုင်ဆရာတော် အပါဝင် သံဃာတော်တွေကတော့ ထိခိုက် သေဆုံးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ကျောင်းထိုင် ဆရာတော်က မသေးဆုံးပါဘူးဗျ။ ကျောင်းက သံဃာတော်တွေ အန္တရာယ်ကင်း ဘေးရှင်း ပါတယ်ဗျ။ ဆရာတော် သေဆုံးတယ်ဆိုတာက လိုင်းပေါ်မှာ ဆိုက်ဝါးတွေ လွှင့်နေကြတာပါ။ အခင်းဖြစ်တဲ့ အချိန်မှာ တရားလာထိုင်ကြတဲ့ ယောဂီတွေနဲ့ ရွာက ဒေသခံတွေပဲ ထိခိုက် နစ်နာခဲ့ကြတာပါ၊ ခံခဲ့ရတာပါဗျ” လို့ ဆွဲလွဲအိုရွာခံက ပြောပါတယ်။

ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်း တရားစခန်းဝင်နေတဲ့ ယောဂီတွေသာမက လမ်းသွားလမ်းလာနဲ့ ကိုယ့်အိမ်ထဲမှာ ကိုယ်နေတဲ့ ရွာခံတွေလည်း ထိခိုက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူတွေထဲမှာလည်း အသက်စိုးရိမ်ရသူတွေ ရှိတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးတဲ့ မြောင် CDSOM ခေါင်ဆောင် ကိုနွေဦးက ပြောပါတယ်။
“တရွာတည်း မဟုတ်ဘဲနဲ့ ဘေးရွာတွေကလည်း တရားစခန်းဝင်ကြတာ။ အဲဒီတော့ ဒီနေ့ဖြစ်စဉ်မှာ အနည်းဆုံး ငါးရွာ၊ ခြောက်ရွာလောက်က ဒေသခံတွေ ပါကြတယ်၊ သေဆုံးတဲ့အထဲမှာပေါ့။ အခု ဗုံးချ သွားတာက ပထမ တစ်လုံးက အမျိုးသား ယောဂီဆောင်ပေါ်ကို ချသွားတာဆိုတော့ ယောဂီဆောင်ထဲမှာ ရှိတဲ့ အမျိုးသားတွေ သေဆုံးတာက များတယ်။ ပြီးတော့ ဒဏ်ရာရတွေကလည်း အပြင်းထန်တွေ များတယ်။ နောက်ထပ် (ဗုံး)တစ်လုံးကတော့ ဘုန်းကြီးကျောင်းအနီး စာသင်ကျောင်းဘေး အုတ်တံတိုင်းနားမှာ ချသွားတာ။ အဲဒီမှာကတော့ ဆိုင်ကယ်စီးတာတဲ့ တယောက်ကတော့ လူက ခေါင်းက တစီစီ ဖြစ်သွားတယ်။ ဆိုင်ကယ်ကလည်း တစစီ ဖြစ်သွားတယ်။ ပြီးတော့ ဘေးနာက အိမ်ကလည်း နှစ်ယောက် ထပ်ပြီးတော့ သေဆုံးသွားတယ်။ လက်ရှိ သေဆုံးစာရင်း အလောင်း ရထားတဲ့ အခြေအနေအရ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး သုံးဦးရှိပြီ။ ဒဏ်ရာရတွေကလည်း များတယ်၊ အဲဒီလို ဒဏ်ရာရ များတဲ့ အထဲက တချို့က ခြေပြတ်လက်ပြတ်တွေလည်း ပါတယ်။ ဒဏ်ရာအခြေအနေ ပြင်းထန်သူတွေ ပါတယ်ဆိုတော့ နောက်ထပ် ဘယ်လို အခြေအနေတွေ ထပ်လာမယ်ဆိုတာ မသိနိုင်သေးဘူး။ တချို့ကလည်း အသက်ရှင်ဖို့ မသေချာတော့တဲ့ သူတွေလည်း ပါတယ်။ ဒဏ်ရာရ စာရင်းကတော့ အကုန်လုံး ကားပေါ် စုတင်သွားရတာဆိုတော့ အတိအကျ ပြောလို့ မရသေးဘူး”
ဩဂုတ် ၁၉ ရက်ကလည်း မြောင်နယ် ဆွဲလွဲအိုကျေးရွာအနီးရှိ လှေတင်ဦးရွာကို စစ်အုပ်စု ဗုံးကြဲလို့ မြောင်ပညာရေးကွန်ရက် – MEN က စေတနာ့ဝန်ထမ်း CDM ကျောင်းဆရာမတစ်ဦးနဲ့ ဒေသခံ အမျိုးသား တစ်ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

မြောင်မြို့နယ်မှာ စစ်အုပ်စုက မြေပြင်တိုက်ပွဲဖြစ်စဉ် မရှိဘဲ ကျေးရွာတွေကို လေကြောင်းကနေ မကြာခဏ ဗုံးကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ မတ်လအတွင်းက မြောင်နယ် နဘက်ကျေးရွာကို လေကြောင်း ဗုံးကြဲခဲ့တာကြောင့် မွေးကင်းစ ကလေးငယ်(ကျား) အပါဝင် ဒေသခံ လေးဦး သေဆုံးခဲ့ပါတယ်။ မတ်လ ၂၃ ရက်မှာလည်း နဘက်ကျေးရွာအနီး သောင်ကြီးရွာကို စစ်အုပ်စု တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အမျိုးသား သုံးဦးနဲ့ အမျိုးသမီး နှစ်ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရသလို နေအိမ် အလုံး ၃၀ မီးလောင် ပြာကျခဲ့ ပါတယ်။
စစ်အုပ်စုဟာ မြောင်မြို့နယ် ကျေးရွာတွေကို စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာ၊ ဂျက်ဖိုက်တာ စတာတွေနဲ့ မကြာခဏ ဗုံးကြဲနေသလို မြေပြင်ကနေပါ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ဆိုထားပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၂၁ ရက် မနက်ပိုင်း မြောင်မြို့နယ်၊ဆွဲလဲအိုကျေးရွာ ဘုန်းကြီးကျောင်း ဝါတွင်းကာလ တရားစခန်းနဲ့ ဘုန်းကြီးကျောင်းအနီး နေအိမ်တွေကို စစ်အုပ်စု ဗုံးကြဲစဉ် / ဓာတ်ပုံ-ဒေသခံ (ပေးပို့)
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #စစ်ကိုင်း#မြောင် #ဆွဲလဲအိုကျေးရွာဘုန်းကြီးကျောင်း #ဝါတွင်းကာလတရားစခန်း



