စစ်ကိုင်းသတင်း

မြောင် ဘုန်းကြီးကျောင်း တရားစခန်း ဗုံးကြဲခံရမှု သေဆုံးသူ ထပ်တိုးကာ ၁၅ ဦး ရှိလာ၊

ဒဏ်ရာရသူ ၂၇ ဦး ရှိပြီး ဝမ်းဗိုက်ပွင့်ထွက်သူတွေ အပါအဝင် တချို့ စိုးရိမ်ရကာ ကုသဖို့ ကြိုးစားနေ၊

MN/MFP ၊ ဩဂုတ် – ၂၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာ ဘုန်းကြီးကျောင်းမှာ နှစ်စဉ်ကျင်းပမြဲ ဝါတွင်းကာလ တရားစခန်းကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ ၁၄ ဦး ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရသူ ၂၇ ဦး ရှိခဲ့ပြီး အဲ့ဒီ ဒဏ်ရာရသူတွေထဲက အဖွားတစ်ဦး ဒီမနက်ပိုင်း ဆုံးပါးသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဩဂုတ် ၂၁ ရက်၊ ဝါခေါင်လဆန်း ၈ ရက် ဥပုသ်နေ့ မနက်ပိုင်း ၉နာရီကျော်အချိန် မြောင်မြို့နယ်၊ မြောင်-ပရိမ္မ လမ်းပေါ်ရှိ ဆွဲလဲအိုကျေးရွာ ဘုန်းကြီးကျောင်းကို အဓိက ပစ်မှတ်ထားပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုက မန္တလေးမြို့ တံတားဦးကနေ တက်လာတဲ့ တိုက်လေယာဉ်နဲ့ ဗုံးတွေကြဲတာ ဖြစ်ပါတယ်။

စစ်အုပ်စု ကြဲချတဲ့ ဗုံးတွေဟာ ဆွဲလဲအိုရွာ ဘုန်းကြီးကျောင်း တရားစခန်း အမျိုးသား ယောဂီဆောင်၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအနီး လူနေအိမ်တွေပေါ် ကျရောက် ပေါက်ကွဲပြီး ဘုန်းကြီးကျောင်း တရားစခန်းဝင် ယောဂီတွေနဲ့ ရွာခံပြည်သူတွေကို ထိမှန်ပြီး သက်ကြီးပိုင်း အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီးသုံး သုံးဦး၊ စုစုပေါင်း ၁၄ ဦး ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရသူ ၂၈ ဦး ရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့သူတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေကို ဆေးဝါးကုသပေးနိုင်ဖို့ ကြိုးစားရင်း ဩဂုတ် ၂၃ ရက် ဒီကနေ့ မနက်အစောပိုင်းမှာ ဝမ်းဗိုက်ပေါက်ကာ ဒဏ်ရာ ပြင်းထန်တဲ့ သက်ကြီးပိုင်း အမျိုးသမီး တစ်ဦး ဆုံးပါးတာလို့ မြောင် CDSOM အဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ပြောပါတယ်။

“ဒီကနေ့ မနက် ၁၂ ကျော်လောက်က ဆေးရုံမှာ ဆုံးသွားတာ။ သူက ဆေးရုံကို ပို့တဲ့ အချိန်ကတည်းက အသည်းက ပါမလာတော့ဘူး။ နောက်ပြီးတော့ ဗိုက်ထဲက အူတွေကလည်း ပြတ်သွားတာဆိုတော့ ပြန်ဆက်ဖို့ကလည်း မလွယ်တော့တာပေါ့။ အခု တစ်ယောက် ထပ်တိုးလာတာဆိုတော့ (သေဆုံးသူ)  ၁၅ ယောက် ဖြစ်သွားတာပေါ့။ နောက်ထပ် (ဒဏ်ရာရထားသူ) အမျိုးသား တစ်ဦးလည်း ဗိုက်ပွင့်ပြီး အူတွေ ထွက်ထားတာတော့ ရှိသေးတယ်။ သူကတော့ ရိုးရိုးဗိုက်ပွင့်ပြီး အူထွက်နေတာ။ အခုဆုံးတဲ့ အမျိုးသမီးကတော့ ဗိုက်ပွင်ရုံတင် မဟုတ်ဘူး၊ အသည်းကလည်း ပြတ်ထွက်သွားတာ၊ ဆေးရုံကို ပါမလာတော့ဘူး။ ဘယ်ရောက်သွားမှန်း မသိဘူး”

သေဆုံးသူ ၁၅ ဦးအနက် သုံးဦးဟာ ရွာခံတွေဖြစ်ပြီး ကျန် ၁၂ဦးက တရားစခန်းဝင် ယောဂီတွေ ဖြစ်ကာ ဆွဲလဲအို၊ မကျီးဘုတ်၊ ပေါက်တောအနောက်၊ အညွှန့်ရွာနဲ့ အုတ်နှဲအုတ် စတဲ့ ကျေးရွာတွေကနေ ဝါတွင်းကာလ တရားစခန်းဝင်ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ကြဲချခဲ့တဲ့ ဗုံးဟာ ဘုန်းကြီးကျောင်း တရားစခန်း အမျိုးသား ယောဂီဆောင်ပေါ် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် တရားစခန်းဝင် ယောဂီအမျိုးသားတွေ အထိအခိုက် များခဲ့ပြီး ဒဏ်ရာရသူ ၂၇ဦး မှာလည်း ၁၉ ဦးက အမျိုးသားတွေ ဖြစ်ကာ အမျိုးသမီး ရှစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

ဗုံးဒဏ်ကြောင့် သေဆုံး၊ ထိခိုက်သူတွေဟာ သက်ကြီးပိုင်းတွေဖြစ်တဲ့ အသက် ၅၀ ကျော်အရွယ်ကနေ အသက် ၈၀ ကျော်အရွယ် အဖိုး၊ အဖွားတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။

မြောင်နယ် ဆွဲလွဲအိုကျေးရွာ ဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့ ဝါတွင်းကာလ တရားစခန်းမှာ ယောဂီ ၁၂၀ ရှိတဲ့အနက် စစ်အုပ်စုက ဗုံးကြဲသတ်လို့ ယောဂီ ၄၀ ကျော် သေဆုံး၊ ဒဏ်ရာရတာ ဖြစ်တယ်လို့ တရားပွဲ ဦးဆောင်ကျင်းပတဲ့ ရွာခံ အမျိုးသားကြီးတစ်ဦးက MFP ကို ပြောပါတယ်။

“ကျွန်တော်တို့က ရွာမှာ တရားစခန်းက နာရီလေးနဲ့ အချိန် အတိအကျ ပြောရမယ်ဆိုရင် ပထမ မနက် ၄ နာရီကနေ ၅နာရီခွဲထိက တရားထိုင်တာပေါ့။ ၆နာရီခွဲကနေ ၇နာရီခွဲထိက အခွေတရားပေါ့။ ၈နာရီကနေ ၉နာရီထိကတော့ သင်တန်းတရား။ အဲဒီ ၈နာရီကနေ ၉နာရီ သင်တန်းတရား အပြီးလေးမှာ လေကြောင်းတိုက်ခိုက်မှု ခံလိုက်ရတာပေါ့ဗျာ။ ကျွန်တော်တို့က ၉နာရီခွဲကနေ ၁၀ နာရီမှာ သီလပေးတရားပွဲ ရှိတယ်။ သီလပေးတရားဆိုတဲ့ အချိန်ဆိုရင် ကျွန်တော်တို့ ရွာက တစ်ရွာလုံး ကုန်မှာပေါ့ဗျာ။ အခုဟာက သင်တန်း တရားလေး ပြီးတဲ့အချိန်မှာ လေကြောင်းက တိုက်ခိုက်မှု ပြုလုပ်သွားတာဗျ။ …။ ကျွန်တော့်က ယောဂီတွေကို ခေါ်ပြီးတော့ သေစေတော့ဆိုတဲ့ ပုံစံမျိုးကြီး ဖြစ်သွားတာဆိုတော့ ကျွန်တော် စိတ်မကောင်းဘူး”

ဗုံးထိမှန်လို့ တရားစခန်းဝင် ယောဂီတွေနဲ့ ရွာခံပြည်သူတွေ သေဆုံး၊ ဒဏ်ရာရကာ ကျောင်းဆောင်နဲ့ နေအိမ်တွေ ပျက်စီးခဲ့ပေမယ့် ကျောင်းထိုင်ဆရာတော် အပါအဝင် ရဟန်းသံဃာတော်တွေ ထိခိုက် သေဆုံးမှု မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

“ကျောင်းထိုင်ဆရာတော်က မသေးဆုံးပါဘူးဗျ။ ကျောင်းက သံဃာတော်တွေ အန္တရာယ်ကင်း ဘေးရှင်း ပါတယ်ဗျ။ ဆရာတော် သေဆုံးတယ်ဆိုတာက လိုင်းပေါ်မှာ ဆိုက်ဝါးတွေလွှင့်နေကြတာပါ။ အခင်း ဖြစ်တဲ့ အချိန်မှာ တရားလာထိုင်ကြတဲ့ ယောဂီတွေနဲ့ ရွာက ဒေသခံတွေပဲ ထိခိုက်နစ်နာခဲ့ကြတာပါ၊ ခံခဲ့ရတာပါ” လို့ ဆွဲလွဲအိုရွာခံက ဆိုပါတယ်။

စစ်အုပ်စုဟာ မြောင်မြို့နယ်ထဲက ပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲနေတာ ဖြစ်ပြီး ဩဂုတ် ၁၉ ရက်ကလည်း ဆွဲလွဲအိုကျေးရွာအနီးရှိ လှေတင်ဦးရွာကို ဗုံးကြဲခဲ့ရာ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ တစ်ဦးနဲ့ ဒေသခံ အမျိုးသား တစ်ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

မြောင်မြို့နယ်မှာ မြေပြင်တိုက်ပွဲဖြစ်စဉ် မရှိဘဲ စစ်အုပ်စုက ကျေးရွာတွေကို မကြာခဏ ဗုံးကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ မြောင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း အပါအဝင် အညာဒေသ ပြည်သူတွေကို စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာ၊ ဂျက်ဖိုက်တာ စတာတွေနဲ့ နေ့စဉ် ဗုံးကြဲသတ်ဖြတ် နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဇွန်လကုန်အထိ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုက နိုင်ငံတဝန်းရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်းဗုံးကြဲ ပစ်ခတ်မှု ၁၂,၈၉၆ ကြိမ် ကျူးလွန်ခဲ့ပြီး ဗုံးထိမှန်လို့ အရပ်သား ပြည်သူ ၅,၈၄၆ ဦး သေဆုံးကာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားပိုင် အဆောက်အအုံ ၁,၄၄၈ ခု ပျက်စီးတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ – NUG၊ လူ့အခွင့်အရေဆိုင်ရာ ဝန်ကြီးဌာန- MOHR က ဇူလိုင်လဆန်းမှာ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၂၁ ရက် မနက်ပိုင်း မြောင်မြို့နယ်၊ ဆွဲလဲအိုကျေးရွာ ဘုန်းကြီးကျောင်း ဝါတွင်းကာလ တရားစခန်းနဲ့ ဘုန်းကြီးကျောင်းအနီး နေအိမ်တွေကို စစ်အုပ်စု ဗုံးကြဲစဉ် / ဓာတ်ပုံ-ဒေသခံ (ပေးပို့)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း#မြောင် #ဆွဲလဲအိုကျေးရွာဘုန်းကြီးကျောင်း #ဝါတွင်းကာလတရားစခန်း

Related Articles

Back to top button