မန္တလေးသတင်း

မန္တလေး ရွှေကျင်ဂိတ်မှာ စစ်အုပ်စုက ခရီးသွားတွေကို မျက်နှာစကန်ဖတ် စစ်ဆေးတဲ့စနစ် စတင်၊

မေမြို့ အဝင်အထွက်တွေမှာ မျက်နှာစကန်ဖတ် စစ်ဆေးတာ နှစ်လကြာ ရှိလာ၊

ထင်လင်း/MFP၊ ဩဂုတ် – ၂၃

မန္တလေးမြို့ အဝင်အထွက် ဂိတ်တစ်ခုဖြစ်တဲ့ မြို့ရဲ့မြောက်ဘက် မန္တလေး – မတ္တရာ – မိုးကုတ် ကားလမ်းပေါ်ရှိ ရွှေကျင်ငွေညှစ်ဂိတ်မှာ အာဏာသိမ်း စစ်အုပ်စုက ခရီးသွားလာသူတွေကို မျက်နှာ စကန်ဖတ် (Scan) စစ်ဆေးတဲ့စနစ် စတင်ပြုလုပ်နေပြီလို့ မန္တလေးမြို့ခံတွေက ​MFP ကို ပြောပါတယ်။

ယခု ဩဂုတ်လအတွင်း ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က စတင်ကာ မန္တလေးမြို့အထွက် ရွှေကျင်ငွေညှစ်ဂိတ်မှာ စစ်အုပ်စုက မျက်နှာစကန်ဖတ် စစ်ဆေးတဲ့စနစ် အသုံးပြုတာ ဖြစ်ပြီး ခရီးသွားလာသူတွေထဲက လူငယ်တွေကို အဓိကထား စစ်ဆေးနေတာလို့ ဆိုပါတယ်။

“လောလောဆယ် မန္တလေးမြောက်ဘက် ရွှေကျင်ဂိတ်မှာ စသုံးနေတာ နှစ်ပတ်လောက်ရှိပြီ၊ ပြင်ဦးလွင် ဝက်ဝံဂိတ်ဘက်မှာ လုပ်နေတာလည်း နှစ်လလောက် ရှိပြီ၊ မြို့တောင်ဘက်ကိုတော့ မရောက်လို့ ဒီစနစ် လုပ်မလုပ် မသိရသေးဘူး” လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စု အနေနဲ့ သူတို့ အာဏာသိမ်းတာကို ဆန့်ကျင်သူတွေကို ပစ်မှတ်ထားကာ ဖမ်းဆီး၊ ငွေညှစ်နိုင်ဖို့ ကြိုးစားတာ ဖြစ်နိုင်ပြီး သတိထားဖို့ လိုတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

“အဓိက Black List (စစ်အုပ်စုက အမည်ပျက်စာရင်းသွင်းထားသူ) စစ်တာပဲ။ ကျွန်တော့်မျက်နှာကို စကန်ဖတ်တော့ ဘာပေါ်လာဦးမလဲလို့၊ ဘာမှတော့ မပေါ်ဘူး”လို့ မန္တလေးမြို့ခံ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးကလည်း ပြောပါတယ်။

မန္တလေးမှာ မြို့အဝင်အထွက် ဂိတ်လေးခုရှိပြီး မန္တလေး – စစ်ကိုင်း၊ ရတနာပုံတံတားထိပ်၊ နှာပေါက်မှာလည်း စစ်အုပ်စုက ခရီးသွားတွေကို လက်နက်ပြ မိုက်ကြေးခွဲတာ၊ ဖမ်းဆီးငွေညှစ် ပေါ်တာဆွဲတာတွေ ပိုမိုဆိုးရွားလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် မန္တလေးမြို့တွင်းမှာလည်း စစ်အုပ်စုက လမ်းသွားလမ်းလာတွေကို ပိုမိုတင်းကြပ် စစ်ဆေးတာတွေ လုပ်နေပြီး လက်နက်ပြမိုက်ကြေးခွဲ ငွေညှစ်တာ၊ ဆင်းရဲသား အလုပ်သမားတွေကို ပစ်မှတ်ထား ပေါ်တာဆွဲတာတွေ ပိုလုပ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့ မြောက်ဘက်အထွက်၊ ရွှေကျင်ဂိတ်ကို ပြီးခဲ့တဲ့ လပိုင်းတွေက တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#MFP #မန္တလေး #မျက်နှာScanဖတ်စစ်ဆေး #ရွှေကျင်ဂိတ်

Related Articles

Back to top button