မန္တလေးသတင်း

မြင်းခြံ ငါန်းဇွန်မှာ မြို့နယ်တခြမ်း ရေမြုပ်နေချိန် ရေမမြုပ်တဲ့ ရွာတွေကို စစ်အုပ်စု ဗုံးကြဲ၊ စီးနင်း၊ ဖောက်ထွင်း ခိုးယူ၊

တစ်ရွာတည်းတင် ကျပ်သိန်း ၆၀၀ ကျော်ဖိုးပါသွား၊

MN/MFP ၊ ဩဂုတ် – ၂၃

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ ဧရာဝတီနဲ့ မူးမြစ် ရေတက်လို့ မြို့နယ်တခြမ်း ရေကြီးနစ်မြုပ်နေချိန် ရေမမြုပ်တဲ့ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက ဒရုန်းနဲ့ဗုံးကြဲ၊ မြေပြင် စစ်ကြောင်းထိုး စီးနင်းကာ နေအိမ်တွေ ဖောက်ထွင်းပြီးနောက် တန်ဖိုးရှိ ပစ္စည်းတွေ ခိုးယူလုယက်နေ တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ဩဂုတ် ၁၉ ရက်က ငါန်းဇွန်မြို့ပေါ်ကနေ ထွက်လာတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ ငါန်းဇွန်-မြို့သာ ကားလမ်းဘေး ဝဲယာရှိ မကျီးကုန်း၊ ကမ္မ၊ အနောက်တော၊ ဂျို စတဲ့ ကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲ၊ နောက်ရက်မှာ စစ်ကြောင်းထိုး စီးနင်းပြီးနောက် နေအိမ်တွေ ဖောက်ထွင်းကာ ရွှေ၊ ငွေ၊ ဆန်၊ ဆီ၊ အဝတ်အထည်၊ ပဲ၊ နှမ်း စတဲ့ တန်ဖိုးရှိ ပစ္စည်းတွေ လုယက်တာလို့ ဆိုပါတယ်။

“ငါန်းဇွန် (စခ)စစ်ကြောင်းက ရွာသုံးရွာက ပြည်သူပိုင်ပစ္စည်းတွေ သယ်ထုတ်သွားတာ။ အနောက်တော ရွာက ဆန်ပိုင်း နှစ်ပိုင်း၊ ရေတင်စက်၊ နွားစာစဉ်းစက်၊ ရေစုပ်ခရူ၊ ရွှေသုံးကျပ်သား၊ ဆိုင်ကယ်တွေ၊ အသံချဲ့စက်၊ ဖုန်းတွေနဲ့ အဝတ်အစားတွေ သူတို့ ယူလို့ လွယ်တဲ့ ပစ္စည်းတွေ အကုန် ယူသွားတာ။ အနောက်တော တစ်ရွာတည်းတင် ကာလတန်ကြေးက သိန်း ၆၀၀ ကျော်တယ် ပါသွားတာ” လို့ ငါန်းဇွန်နယ်ခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

မကျီးကုန်းရွာမှာလည်း စစ်အုပ်စုက နေအိမ်တွေ ဖောက်ထွင်းကာ တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်း ခိုးယူပြီးနောက် မသယ်နိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“မကျီးကုန်းရွာဆိုရင် လက်ဝတ်လက်စား ရွှေငွေတွေ အတော်လေး ပါသွားတယ်။ အဲဒီရွာဆိုရင် အိမ်ခြေက ၃၀၀လောက် ရှိတာ။ တန်ဖိုးရှိ ယူလို့ရသမျှ လူ အသုံးအဆောင်ပစ္စည်းတွေ အကုန်ယူတာ။ အိမ်တွေကို မွှေနှောက်ပြီးတော့ အဝတ်အစား အကောင်းတွေ ယူတယ်၊ ကျန်တဲ့အဝတ်တွေ အင်ဂျင်ဝိုင်တွေနဲ့ လောင်းထားခဲ့တာ။ အတော်ယုတ်မာတဲ့ (စခ) စစ်ကြောင်းပါ”

စစ်အုပ်စုနဲ့ ပျူတွေဟာ မကျီးကုန်း၊ အနောက်တောနဲ့ ကမ္မကျေးရွာတွေရှိ ရိတ်သိမ်းထားတဲ့ နှမ်းတွေကိုပါ လုယက်သယ်ယူသွားတယ်လို့ အထက်ပါ ​ဒေသခံက ဆက် ပြောပါတယ်။

“တောင်သူတွေက နှမ်းသိမ်းထားချိန်ဆိုတော့ ရွာသုံးရွာက နှမ်းတွေ အတော်လေး ပါသွားတယ်။ ကာလပေါက်ဈေး ဆိုရင် နှမ်း တစ်တင်းကို ကျပ် တစ်သိန်းနှစ်သောင်း ပေါက်ဈေးရှိတယ်။ သုံးရွာပေါင်း ခန့်မှန်းဆိုရင် နှမ်းက တင်း ၃၀ ကျော်လောက် ပါသွားတယ်လို့ ပြောကြတယ်။ သူတို့(စစ်အုပ်စု) လုယက်သွားတဲ့ ရွာသုံးရွာက ပစ္စည်းစာရင်းတွေ အားလုံးပေါင်းလိုက်ရင် တန်ဖိုးက သိန်း  ၁၀၀၀ ကျော် ရှိတယ်။ မကျီးကုန်း၊ အနောက်တော၊ ကမ္မ အဲဒီရွာတွေကို ဝင်လုသွားတဲ့ စစ်ကြောင်းက ငါန်းဇွန် တနယ်လုံးက စခတွေနဲ့ ပျူတွေလို့ သိထားရတယ်ဗျ။  ဂျိုရွာကို ဝင်တဲ့ စစ်ကြောင်းကတော့ မန္တလေး နန်းတွင်းက လာတဲ့ စစ်ကြောင်းလို့တော့ ပြောတယ်။ သူတို့ကတော့ ဘာမှ လုပ်မသွားဘူး။ တစ်ည အိပ်ပြီးတော့ ပြန်သွားတာ”

စစ်အုပ်စုဟာ ငါန်းဇွန်-မြို့သာ လမ်းဘေးဝဲယာ ကျေးရွာတွေကို စီးနင်းလုယက်ရာမှာ နှစ်ဖွဲ့ခွဲ ဝင်ရောက်တာ ဖြစ်ပြီး ရွာတွေကို မစီးနင်းခင် ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ငါန်းဇွန်-မြို့သာ လမ်းဘေးဝဲယာရှိ ကျေးရွာတွေကို စစ်အုပ်စုက ဩဂုတ် ၁၉ ရက်ကနေ ၂၁ ရက်ထိ သုံးရက်ကြာ စီးနင်းကာ ဖောက်ထွင်းလုယက်၊ ခိုးယူပြီးနောက် ခိုးရာပါ ပစ္စည်းတွေနဲ့အတူ ငါန်းဇွန်မြို့ပေါ် ပြန်ဝင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်ကလည်း ငါန်းဇွန်-မြို့သာ ကားလမ်းဘေးရှိ မကျီးကုန်းနဲ့ ထွန်းသာရွာတွေကို စစ်အုပ်စု စီးနင်းကာ ဖောက်ထွင်းလုယက်၊ ခိုးယူခဲ့သေးတယ်လို့ ဆိုပါတယ်။

ငါန်းဇွန်မြို့နယ်ထဲရှိ စစ်အုပ်စုဟာ ရိက္ခာပြတ်ပြီး ငတ်လာချိန်တိုင်းနဲ့ စစ်အုပ်စု အချိန်းအပြောင်း လုပ်ကာနီး အချိန်တိုင်း ကျေးရွာတွေကို စစ်ကြောင်းထိုး စီးနင်းကာ ဖောက်ထွင်းလုယက်၊ မီးရှို့နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ငါန်းဇွန်မြို့နယ်ဟာ ဧရာဝတီနဲ့ မူးမြစ်တို့ မြစ်နှစ်စင်းဆုံရာ နေရာမှာ တည်ရှိတာကြောင့် မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာ ၂၀ ကျော် ရေကြီးနစ်မြုပ်မှု ကြုံနေရချိန် ရေမမြုပ်တဲ့ရွာတွေကို စစ်အုပ်စုက ဗုံးကြဲ၊  စီးနင်းကာ တန်ဘိုးရှိ ပစ္စည်း ဖောက်ထွင်းခိုးယူ လုယက်နေတာ ဖြစ်ပါတယ်။

ငါးဇွန်နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို ပြီးခဲ့တဲ့ လပိုင်းက တွေ့ရစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #ငါန်းဇွန် #မန္တလေး #မကျီးကုန်းရွာမြို့သာလမ်း

Related Articles

Back to top button