
အုပ်ကြီးအသစ်တွေ အာဏာပြပြီး စစ်အုပ်စု အလိုကျစေဖို့အတွက် ပေါ်တာပိုဆွဲပေးနေ၊
Phoenix/MFP ၊ သြဂုတ် – ၂၄
မန္တလေးမြို့မှာ အာဏာသိမ်း စစ်အုပ်စုက ဧည့်စာရင်းစစ်ဆေးတယ်လို့ အကြောင်းပြကာ နေအိမ်တွေထဲ အထိ စီးနင်းဝင်ရောက်ပြီး လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီး၊ စစ်သားသစ် စုဆောင်းတာတွေ ခပ်စိပ်စိပ် လုပ်လာတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးဆိုသူတွေ ပူးပေါင်းကာ ဧည့်စာရင်းစစ်တယ်လို့ အကြောင်းပြပြီး လူငယ်တွေကို ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာ၊ စစ်မှုထမ်းကြေး ဆက်ကြေး ကောက်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
“ပေါ်တာဆွဲတာ ဟုတ်တယ်။ အခုက အပတ်စဥ် ၂၈ အတွက် လူလိုနေလို့တဲ့ ပတ်ဆွဲနေတာ၊ သားသမီး ရှိတဲ့ မိဘတွေ အကုန် စိုးရိမ်နေကြတယ်။ ညဘက် အသွားအလာ ဆင်ခြင်ဖို့ မှာကြတယ်။ ဒါပေမဲ့ အိမ်မှာ၊ အလုပ်မှာ၊ လမ်းမှာ၊ တွေ့ပြီး ခေါ်သွားမှာလည်း စိုးရိမ်နေကြတယ်” လို့ မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်မှာ နေထိုင်သူတစ်ဦးက MFP ကို ပြောပါတယ်။
ဩဂုတ် ၁၈ ရက်ကနေ ၂၄ ရက်အထိ တစ်ပတ်အတွင်း မန္တလေးမြို့ပေါ်မှာ လူငယ် ၁၅ ဦး ထက်မနည်း ဖမ်းဆီး ပေါ်တာဆွဲ ခံရတယ်လို့ ဒေသခံ မြေပြင်ကင်းထောက် Voice Of Mandalay (Vomdy) က ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ လတွေအတွင်း မန္တလေးမြို့မှာ စစ်အုပ်စုက ရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ်တွေ ခန့်ပြီးနောက် အဲ့ဒီ အုပ်ကြီးအသစ်တွေက အာဏာပြကာ စစ်အုပ်စု အလိုကျစေဖို့အတွက် ပေါ်တာ ပိုဆွဲပေးနေတာလို့ မြို့ခံတွေက ပြောပါတယ်။
ယခင် အုပ်ကြီးထံ ဆက်ကြေးပေးထားသူတွေလည်း ပေါ်တာဆွဲခံရတာမျိုး ကြုံနေရပြီး ယခုရက်ပိုင်း မြို့ပေါ် နေရာအနှံ့ ပေါ်တာဆွဲခံနေရတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၁၈ ရက် ညပိုင်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်ထဲ အုပ်ကြီး အဟောင်းက စစ်အုပ်စုနဲ့ ပေါင်းကာ လူငယ်နှစ်ဦးကို ပေါ်တာဝင်ဆွဲသွားပြီး ပေါ်တာဆွဲခံရသူတစ်ဦးဟာ စစ်မှုထမ်း ကင်းလွတ်ဖို့ ကျပ် ၅၅ သိန်း ဆက်ကြေးပေးထားသူ ဖြစ်တယ်လို့ Vomdy က ဖော်ပြပါတယ်။
စစ်အုပ်စု အုပ်ကြီးအသစ်၊ အုပ်ကြီးအဟောင်းနဲ့ ပျူတွေ ပူးပေါင်းကာ မန္တလေးမြို့အနှံ့ ပေါ်တာ ပတ်ဆွဲနေကြပြီး ဩဂုတ် ၁၈ရက်မှာ ခုနှစ်ဦး၊ ၁၉ရက်မှာ တစ်ဦး၊ ၂၀ရက်မှာ လေးဦးနဲ့ ၂၂ရက်မှာ နှစ်ဦး ပေါ်တာဆွဲခံရတယ်လို့ Vomdy က ဖော်ပြပါတယ်။
ဩဂုတ် ၂၃ မနေ့က မနက် ၁၀ နာရီလောက်မှာ မန္တလေးမြို့အစွန်ရှိ ဆိုင်တစ်ဆိုင်ကို စစ်ကားနဲ့ လာတဲ့ စစ်အုပ်စုက စီးနင်းကာ ဝန်ထမ်းတွေကို ယောကျာ်းလေး၊ မိန်းကလေး ခွဲထိုင်ခိုင်းပြီးနောက် ယောကျာ်းလေး နှစ်ယောက်ကို ပေါ်တာဆွဲ ဖမ်းခေါ်သွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ ဆိုင်လိပ်စာနဲ့ ဖြစ်စဉ်အသေးစိတ်ကိုတော့ MFP အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
လာမယ့် စက်တင်ဘာလက စပြီး မန္တလေးမြို့ပေါ် ရပ်ကွက်အလိုက် စစ်သားသစ် လူဦးရေကို လက်ရှိထက် နှစ်ဆ တိုးမြှင့် တောင်းခံဖို့ စစ်အုပ်စုက စီစဉ်နေကြောင်း သတင်းတွေကြားရပြီး လက်ရှိမှာလည်း မြို့ပေါ် နေရာအနှံ့ ဖမ်းဆီး၊ ပေါ်တာဆွဲနေတာကြောင့် ဂရုပြုကြဖို့ Vomdy က သတိပေး ထားပါတယ်။
မန္တလေးမြို့ အပါအဝင် နိုင်ငံတဝန်းမှာ ၂၀၂၄ မတ်လက စလို့ တစ်လကို လူ ၅၀၀၀ နှုန်း စစ်အုပ်စုက စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပြီး စုဆောင်းရရှိလာသူတွေကို ရက်တို စစ်သင်တန်းပေး၊ လက်နက် ထုတ်ပေးကာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေဆီ ပို့လွှတ်ပြီးနောက် စစ်တိုက်ခိုင်းတာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂၇ အထိ ဖွင့်လှစ်ထားပြီး အမှတ်စဉ် ၂၈ အတွက် လူသစ် ရှာဖွေစုဆောင်းနေတာ ဖြစ်ပါတယ်။

မန္တလေးမြို့က ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #ရပ်ကွက်အုပ်ကြီး #မန္တလေး #ပေါ်တာဆွဲ



