စစ်ကိုင်းသတင်း

စစ်ကိုင်း ကလေးဒေသမှာ တော်လှန်ရေး ရဲဘော်နှစ်ဦး စစ်အုပ်စုထံ ဘက်ပြောင်းပြီးနောက် စခန်းနဲ့ ကျေးရွာတွေ ဗုံးကြဲခံရ၊

ဂျိုးဖြူ / MFP၊ ဩဂုတ် – ၂၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ တော်လှန်ရေး ရဲဘော်နှစ်ဦး စစ်အုပ်စုထံ ဘက်ပြောင်း သွားပြီးနောက် တော်လှန်ရေး တပ်စခန်းနဲ့ ကျေးရွာတွေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခံနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ကလေးဒေသ အခြေစိုက် ကလေးမြို့ ပြောက်ကျားစီမံချက် – UG အဖွဲ့က ရာဇာထွန်း နဲ့ ကလေးခရိုင် PDF တပ်ရင်း (၂)က လုံးလုံး ဆိုသူတို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက လက်နက်နှစ်လက် ယူဆောင် ထွက်ပြေးကာ စစ်အုပ်စုထံ လက်နက်ချသွားတာလို့ ဆိုပါတယ်။

အဲ့ဒီနှစ်ယောက် စစ်အုပ်စု လက်ထဲရောက်သွားပြီးနောက် ယခုရက်ပိုင်း ကလေးဒေသရှိ တော်လှန်ရေး အင်အားစုတွေရဲ့ တပ်စခန်းနဲ့ အများပြည်သူ နေထိုင်ရာ ကျေးရွာတွေကို စစ်အုပ်စုက ဗုံးပတ်ကြဲသလို လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

“ရာဇာထွန်း၊ ရာဇာမင်း၊ ရာဇာလင်းတို့က ညီအစ်ကို သုံးယောက်ရှိတာ၊ အဲ့ဒီထဲမှာက ရာဇာထွန်းက အကြီးဆုံး။ သူ့ညီနှစ်ယောက်က စစ်တပ်ဘက် ဝင်သွားတာကြာပြီ။ ရာဇာထွန်းက အခုမှ ဝင်တာ။ သူက ရာဇာထွန်းက ဒူချွန်ဘေးမှာ နေတဲ့သူ၊ စစ်ဆင်ရေးပွိုင့်တွေ အကုန် ရောက်ဖူးတယ်။ ဆေးခန်း၊ စာသင်ခန်း တည်နေရာတွေကို သူက အကုန် ရောက်ဖူးတယ်။ သူစစ်တပ်ထဲ ဝင်တော့ ရင်း(၂)က ကလေး လုံးလုံး ကိုလည်း ခေါ်သွားတယ်။ အခုကတော့ တပ်စခန်းနေရာတွေက တည့်တည့်ကြီးတွေကို ပစ်ခံနေရပြီ”

စစ်အုပ်စုထံ ဘက်ပြောင်းသွားတဲ့ ကလေးမြို့ UG အဖွဲ့က ရာဇာထွန်းဟာ ကလေးခရိုင် စစ်ဆင်ရေး တာဝန်ခံ ဒူချွန် ထံမှာ အနီးကပ် နေထိုင်သူတစ်ဦး ဖြစ်ပြီးတော့ စစ်ရေး တည်နေရာပွိုင့်တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ တပ်စခန်း၊ ဆေးခန်း၊ စာသင်ကျောင်းတွေကို ဝင်ထွက်သွားလာဖူးသူ ဖြစ်ပြီး စစ်အုပ်စုက အဲ့ဒီနေရာတွေကို ဗုံးပတ်ကြဲနေတာကြောင့် အသက်အန္တရာယ်နဲ့ လုံခြုံရေး စိုးရိမ်နေရကာ အရေးပေါ် ပြောင်းရွှေ့ထားရတယ်လို့ ဆိုပါတယ်။

“ပြောင်းကြတယ်။ မပြောင်းလို့လည်း မဖြစ်ဘူးလေ၊ လေကြောင်းက တိုက်နေတယ်။ ပျက်စီးတာတွေတော့ မသိရသေးဘူး” လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ကလေးဒေသမှာ အထက်ပါ ရဲဘော် နှစ်ဦး အပါအဝင် လေးလကျော်အတွင်း တော်လှန်ရေးရဲဘော် ၄၀ ကျော် စစ်အုပ်စုထံ ဘက်ပြောင်းခိုလုံသွားပြီး စစ်ဆင်ရေးပွိုင့် တည်နေရာ အပါအဝင် လုံခြုံရေး ဆိုင်ရာ ကိစ္စတွေ မကြာခဏ ပေါက်ကြားနေတယ်လို့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

ကလေးခရိုင် စစ်ရေး တာဝန်ခံရာထူးအဖြစ် ဒူချွန် အသစ် ရောက်ရှိလာပြီးနောက်ပိုင်း တော်လှန်ရေး ရဲဘော်တွေ စစ်အုပ်စုထံ ဘက်ပြောင်းတာတွေ ပိုမိုများပြားလာတာလို့ ဆိုပါတယ်။

ကလေးခရိုင် စစ်ရေးတာဝန်ခံ ဒူချွန်ဟာ စစ်ဆင်ရေးကာလအတွင်းမှာပဲ လောင်းကစားနဲ့ အပျော်အပါး လိုက်စားတာ၊ စစ်ရေးနဲ့ အုပ်ချုပ်ရေးမှာ အားနည်းလစ်ဟင်းမှုတွေ ရှိလာတာနဲ့ ရဲဘော်တချို့ ထိခိုက် ကျဆုံးချိန်မှာတောင် အလောင်းအစားမပျက်၊ အသောက်အစား မပျက် နေထိုင်တာတွေကြောင့် တော်လှန်ရေး ရဲဘော်တချို့က စိတ်ပျက်အားလျော့ကာ စစ်အုပ်စုထံ ဘက်ပြောင်းကြတာမျိုး ဖြစ်နိုင်တယ်လို့ ကလေးခရိုင်အခြေစိုက် PDF တပ်ရင်း၊ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လက်ရှိမှာ ကလေးမြို့နယ်အတွင်း စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်နေပြီး သြဂုတ် ၁၆ရက်က ကလေးမြို့နယ် ကျောက်ဖူးကျေးရွာကို စစ်အုပ်စုက လက်နက်ကြီး ထုလို့ ရွာခံပြည်သူ အမျိုးသား တစ်ဦး သေဆုံးသလို သြဂုတ် (၁၂) ရက်ကလည်း ချောင်းခွကျေးရွာကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲလို့ ရွာခံပြည်သူ အမျိုးသမီးတစ်ဦး သေဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။

ကလေးမြို့နယ် အပါအဝင် ကလေး – တမူး လမ်းတလျှောက် စစ်ရှုံးထားတဲ့ မြို့၊ရွာတွေ ပြန်ရရေး အတွက် စစ်အုပ်စုက ပေါ်တာဆွဲ စုဆောင်းထားတဲ့ စစ်သားသစ်တွေ အသုံးချကာ အသေခံ ထိုးစစ်ဆင်လို့ ပြီးခဲ့တဲ့ လတွေအတွင်း ကလေးဒေသမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်အုပ်စုက မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါတဲ့ ကလေး-တမူးလမ်းကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် သြဂုတ် ၁၅ ရက်ကစလို့ အင်အား ၄၀၀ ကျော်၊ စစ်ယာဉ်တန်းတွေနဲ့အတူ ကလေး-ဂန့်ဂေါလမ်း ပြန်ရရေး ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

အဲ့ဒီ ကလေး-ဂန့်ဂေါလမ်းဘက် ဦးတည်ထိုးစစ်ဆင်တဲ့ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ သြဂုတ် (၁၅) ရက်က ကလေးမြို့နယ်တောင်ပိုင်း၊ နတ်ချောင်းနဲ့ ချောင်းခွကျေးရွာအတွင်းမှာ တိုက်ပွဲဖြစ်ကာ စစ်အုပ်စု အသေအပျောက် ရှိသလို ကလေးခရိုင် PDF တပ်ရင်း (၁) တော်လှန်ရေးရဲဘော်တစ်ဦးနဲ့ Local-PDF တပ်ဖွဲ့ဝင် တစ်ဦး၊ နှစ်ဦး ကျဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် ကလေးမြို့နယ်ရှိ ထောက်ကြန့်၊ ထိုမာ၊ ကြာအင်း၊ သာယာကုန်း၊ နတ်ချောင်း၊ နတ်မြောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစို၊ ရန်ကြီး‌အောင်၊ ၆ မိုင်၊ ကံသာ၊ ကံကြီး၊ နန်းစောင်းပု၊ ကံသာယာ၊ မော်လိုက်ကလေး၊ ကြံစက်ကုန်း၊ ရာဇဂြိုလ် စတဲ့ ကျေးရွာ ၃၀ ကျော်က ပြည်သူတွေ နေအိမ်မှာ မနေဝံ့ဘဲ တောတောင်အတွင်း စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ နှစ်နဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပြီး ဆေးဝါးနဲ့ အစားအသောက်တွေ လိုအပ်နေတယ်လို့ အကူအညီပေးသူတစ်ဦးက ပြောပါတယ်။

ကလေးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတွေ သုံးနှစ်ကြာ စိုးမိုးထိန်းချုပ်ထားတဲ့ ကလေးမြို့နယ် မြောက်ပိုင်းရှိ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးရဲ့ အရေးပါတဲ့ ကလေး-တမူး အာရှလမ်းမကြီး အပြင် ကလေးမြို့နယ် တောင်ပိုင်းရှိ နတ်ချောင်း၊ နတ်မြောင်း၊ ထောက်ကြန့်၊ ကြာအင်း စတဲ့ ကျေးရွာတွေကိုပါ ယခုလတွေအတွင်း စစ်အုပ်စုက ပေါ်တာဆွဲ စစ်သားသစ်တွေကို အသေခံ တိုက်ခိုက်ခိုင်းကာ ပြန်လည် သိမ်းပိုက် ထိန်းချုပ်သွားပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း#ကလေး-ဂန့်‌ဂေါလမ်း#စစ်ကြောင်းထိုး

Related Articles

Back to top button