
အာရုံဆွမ်း ဘုဉ်းပေးရာက အစာအဆိပ်သင့်တာဖြစ်ပြီး အသက်အန္တရာယ် ကင်းရှင်း၊
Phoenix/MFP ၊ သြဂုတ် – ၂၆
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိ ပေါက်စိမ်းသာမဏေကျော် စာသင်တိုက်မှာ သံဃာတော်နဲ့ ကိုရင် အပါး ၁၀၀ နီးပါး အစာအဆိပ်သင့်မှု ဖြစ်ပွားလို့ ဆေးဝါးကုသမှု ခံယူခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
သြဂုတ် ၂၆ ရက် ဒီကနေ့ မနက်ပိုင်း အဆိုပါ ကျောင်းတိုက်ရှိ သံဃာတော်နဲ့ ကိုရင်တွေ မနက် အာရုံဆွမ်း ဘုဉ်းပေးအပြီးမှာ အခုလို အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ နယ်မြေခံ လူမှုကူညီရေး အသင်း ဖြစ်တဲ့ စေတနာမွန်လူမှုကူညီရေးအသင်း (အုန်းချော) တာဝန်ရှိသူ တစ်ဦးက MFP ကို ပြောပါတယ်။
“ဖြစ်စဥ်မှန်ပါတယ်ဗျ၊ အစာအဆိပ်သင့်တာပါ” လို့ စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော) တာဝန်ရှိသူ တစ်ဦးက ပြောပြီး “ဖြစ်ရတဲ့အကြောင်း အတိအကျကို ကျနော်တို့လည်း မပြောတတ်သေးဘူး။ လောလောဆယ်တော့ မနက်စာ အာရုံဆွမ်းက လက်ဖက်ထမင်းနဲ့ ငါးဖယ်သုပ်လို့ ကြားတယ်ဗျ၊ အဲ့ဒါစားပြီး ဖြစ်ကြတယ် ကြားတယ်” လို့ အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။
လက်ရှိမှာ အစာအဆိပ်သင့်မှုကြောင့် ထိခိုက်ခံစားရတဲ့ သံဃာတော်နဲ့ ကိုရင်တွေကို သက်ဆိုင်ရာ ဆေးရုံနဲ့ နေရာအသီးသီးကို ပို့ဆောင်ကုသပေးနေပြီး မန္တလေးဆေးရုံကြီးမှာ ၃၀ ပါး၊ ကျောက်မီး တိုက်နယ်ဆေးရုံမှာ ၄၆ ပါးနဲ့ ဘုန်းကြီးကျောင်းမှာ ၂၀ ပါးခန့် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဆေးရုံနဲ့ နေရာအသီးသီးမှာ ဆေးဝါးကုသမှု ခံယူနေရသူတွေရဲ့ အခြေအနေကတော့ အားလုံး တည်ငြိမ်သွားပြီ ဖြစ်ပြီး စိုးရိမ်စရာ အခြေအနေမရှိတော့ဘူးလို့ အသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပေါက်စိမ်းသာမဏေကျော် စာသင်တိုက်မှာ စာသင်၊စာချ သံဃာတော် စုစုပေါင်း အပါး ၁၆၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

အာရုံဆွမ်း ဘုဉ်းပေးရာက အစာအဆိပ်သင့်လို့ မန္တလေးဆေးရုံကြီး ရောက်ရှိလာတဲ့ ကိုရင်တချို့/ဓာတ်ပုံ – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#စစ်ကိုင်း #MFP #မန္တလေးဘုန်းကြီးကျောင်းအစာအဆိပ်သင့်



