
ဒေသခံတွေကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထား၊
မောင်သက်/MFP၊ သြဂုတ် – ၂၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တဖက်ကမ်း၊ ယင်းမာပင်နဲ့ ကနီမြို့နယ်ထဲ လက်နက်အားကိုးနဲ့ ရွာစဉ်ပတ်မွှေတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဩဂုတ် ၂၆ရက်က ကျေးရွာ သုံးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သား ပြည်သူတွေကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
သြဂုတ် ၂၅ရက် မနက်ပိုင်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က ထွက်လာတဲ့ ပွိုင့်ဖိုက် စက်သေနတ် တပ်ဆင်ထားတဲ့ ကားနှစ်စီး အပါအဝင် စစ်အုပ်စု အင်အား ၃၀၀ လောက်ဟာ ယင်းမာပင်နဲ့ ကနီမြို့နယ်ထဲ ရွာစဉ်ပတ်မွှေ ဖောက်ထွင်းလုယက်နေတာ ဖြစ်ပြီး မနေ့ကစလို့ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေပါ ကျူးလွန်နေတာလို့ ဆိုပါတယ်။
ယင်းမာပင်နယ် စုန်းချောင်းရွာ၊ သံဘိုရွာ၊ ပန်းတိမ်ပြင်ရွာနဲ့ ကျောက်မှော်ရွာတွေကို စီးနင်းလုယက်၊ နေအိမ်တွေ ဖောက်ထွင်းခိုးယူတဲ့ စစ်အုပ်စုဟာ ဩဂုတ် ၂၆ရက်မှာ ယင်းမာပင်မြို့နယ် ကျောက်ကုန်းရွာ၊ နှောပင်ရွာနဲ့ ကျွန်းပေါ်ရွာရှိ နေအိမ်တွေကို မီးတင်ရှို့ဖျက်ဆီးတာလို့ ဒေသခံတွေက ပြောပါတယ်။
“မီးတောက်က မြင်ရတာ များတယ်၊ ရွာတွေထဲ မဝင်နိုင်သေးတော့ ဘယ်နှစ်အိမ် မီးရှို့သွားတယ်ဆိုတာ အတည်ပြုဖို့ မလွယ်ဘူး၊ ရှို့ခံရတဲ့ရွာထဲက အိမ်တွေဟာ နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်း ရှို့ခံရတာတွေလည်း ဖြစ်နိုင်တယ်” လို့ ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက MFP ပြောပါတယ်။
အဲ့ဒီ နှောပင်၊ ကျွန်းပေါ်နဲ့ ကျောက်ကုန်းကျေးရွာတွေကို စစ်အုပ်စုက ယခင်ကလည်း သုံးကြိမ် မီးရှို့ ဖျက်ဆီးခဲ့ပြီး ဖြစ်ပြီး ယခု ထပ်မံ မီးရှို့ဖျက်ဆီးခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ယင်းမာပင်နယ် ကျောက်မှော်ရွာကနေ ကနီမြို့နယ် နွားခြံကုန်းကျေးရွာအထိ စစ်ကြောင်း ထိုးကာ လမ်းတလျှောက် ကျေးရွာတွေက တန်ဘိုးရှိပစ္စည်းတွေ ဖောက်ထွင်း ခိုးယူပြီးနောက် အထက်ပါ ကျေးရွာ သုံးရွာကို မနေ့က ညနေပိုင်းမှာ မီးရှို့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု စစ်ကြောင်းတစ်ခုဖြစ်တဲ့ Union Liberation Front – ULF ရဲ့ စခန်းတွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တချိန်တည်းမှာပဲ စစ်အုပ်စုဟာ ယင်းမာပင်နယ် စုန်းချောင်းရွာက အမျိုးသား ၁၅ ဦးကိုလည်း ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်မလွှတ်သေးဘူးလို့ ဒေသခံ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။
“စစ်ကြောင်းက ရုတ်တရက်ဆိုတော့ ရှောင်ရင်း ပက်ပင်းတိုးမိသွားတာ၊ အမျိုးသမီးနဲ့ သံဃာ နှစ်ပါး ပြန်လွှတ် ထားခဲ့တယ်၊ အမျိုးသားတွေကိုတော့ ခေါ်သွားတယ်”
အဲ့ဒီ စစ်အုပ်စုဟာ ယင်းမာပင်နဲ့ ကနီနယ်ထဲ ရွာစဉ်ပတ်မွှေကာ ဖောက်ထွင်းလုယက်၊ ခိုးယူ၊ မီးရှို့ပြီးနောက် မနေ့က ညနေပိုင်းမှာ ယင်းမာပင်မြို့နယ် ကျောက်မှော်ရွာထဲ ပြန်လည်ဝင်ရောက်ကာ ညအိပ် တပ်စွဲတယ်လို့ ဆိုပါတယ်။
“စစ်ကြောင်းက ကြာမယ့်သဘော၊ ပွိုင့်ဖိုက်ကား နှစ်စီးပါ ပါတယ်၊ ကနီဖက်မှာလည်း စစ်ကြောင်းက ထိုး နေ တယ်၊ အဲ့ဒီကို သွားပေါင်းမလား စောင့်ကြည့်နေရတယ်”လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

ယင်းမာပင်နဲ့ ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ ဖောက်ထွင်းခိုးယူ၊ မီးရှို့နေတဲ့ စစ်အုပ်စုကို တော်လှန်ရေး တပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်အုပ်စု အသေအပျောက် ရှိတယ်လို့လည်း ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်နဲ့ ကနီမြို့နယ်အတွင်းရှိ နဘူးတော၊ စုန်းချောင်း၊ ပန်းတိမ်ပြင်၊ စည်သူ၊ သံဘို၊ ကျောက်မှော်၊ ကျွန်းပေါ်၊ ကြက်လျာ၊ နှောပင်၊ ကျောက်ကုန်းနဲ့ နွားခြံကုန်း စတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေး နေရတယ်လို့ ဆိုပါတယ်။
ကနီနယ်၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက် ကျေးရွာတွေကိုလည်း စစ်အုပ်စုက ဩဂုတ် ဒုတိယပတ်ကစလို့ စစ်ကြောင်းထိုးကာ ရွာစဉ်ပတ်မွှေ ဖောက်ထွင်းလုယက်၊ မီးရှို့နေသလို တွေ့သမျှ ပြည်သူကို ရန်ပြုလို့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းက ကနီနယ် ကျေးရွာတွေကို စစ်အုပ်စု စီးနင်း လုယက်၊ မီးရှို့ဖျက်ဆီးနေစဉ်/Photo – Pyae Aung Naing FB
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#စစ်ကိုင်း #မုံရွာနမခ #ယင်းမာပင် #ကနီနယ်



