မကွေးသတင်းအညာမြေ တော်လှန်ရေး

မကွေးနဲ့ရခိုင်အစပ် မင်းတုန်းနယ် ရိုးမတောင်ခြေမှာ စစ်အုပ်စု အင်အား ၃၀၀၀ ဖြည့်တင်း၊

တိုက်ပွဲတွေ ဖြစ်ပြီး စစ်အုပ်စုရဲ့ ကားတစ်စီး အပါအဝင် ခဲယမ်းတွေ ရရှိ၊

အီသာရမ်/MFP၊ ဩဂုတ်-၂၇

မကွေးနဲ့ ရခိုင်အစပ်၊ ရိုးမတောင်ခြေ၊ မင်းတုန်းမြို့နယ်ထဲကို အာဏာသိမ်း စစ်အုပ်စုက ပေါ်တာဆွဲ စစ်သားသစ်တွေ အပါအဝင် ခန့်မှန်းအင်အား ၃၀၀၀ ခန့် ဖြည့်တင်းထားပြီး ရိုးမကို စိုးမိုးထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။

ယခု ဩဂုတ်လ ဒုတိယအပတ်အတွင်း အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ ကလောမြို့ အခြေစိုက် တပ်မ ၅၅ ခေါ် အမှတ် ၅၅ ခြေမြန်တပ်မဌာနချုပ် က စစ်အုပ်စု အင်အား ၃၀၀၀ ခန့်ကို မကွေးတိုင်း၊ အောင်လံမြို့ကတဆင့် မင်းတုန်းမြို့ကို အင်အားဖြည့်ထားတာလို့ ဗမာပြည် ကာကွယ်ရေး တပ် – USBA က MFP ကို ပြောပါတယ်။

မင်းတုန်းမြို့ကို အင်အားဖြည့်တဲ့ စစ်အုပ်စု ၃၀၀၀ ခန့်အနက် အင်အား ၂၀၀၀ ခန့်ဟာ ရခိုင်ရိုးမအခြေရှိ ပြောင်းကျေးရွာဘက် စစ်ကြောင်းထိုး ရောက်ရှိသွာတယ်လို့ USBA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသာချိုက ပြောပါတယ်။

“၁၀၀၀ နီးပါးလောက်က မြို့ပေါ်မှာ ကျန်ပြီး ၂၀၀၀ လောက်ကတော့ ရခိုင်ရိုးမဘက်ကို ဦးတည် ထွက်သွား ပြီးတော့ ရခိုင်ရိုးမ အခြေမှာရှိတဲ့ ပြောင်းကျေးရွာဘက်ကို ရောက်ပါတယ်၊ ပြောင်းကျေးရွာ ဘက်မှာက နောက်တိုး အင်အား ၂၀၀၀ လောက်နဲ့ အရင်အင်အား ၇၀၀ လောက်နဲ့ ၂၇၀၀ လောက် ရှိပါတယ်”

လက်ရှိမှာ ပြောင်းကျေးရွာကနေ စစ်အုပ်စု ခန့်မှန်း အင်အား ၃၀၀ လောက်က ပြောင်းကျေးရွာရဲ့ တောင်ဘက်ရှိ ရွာသစ်ကျေးရွာကို စစ်ကြောင်းထိုးနေတယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာဟာ ရခိုင်ရိုးမခြေမှာ ရှိပြီး ဒီနှစ် မတ်လ ၁ ရက်က ရခိုင်ပြည်ကို ကုန်သည်နေတဲ့ ကုန်ကားတွေ ရပ်ထားတဲ့ နေရာကို စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကားသမားနဲ့ ကုန်သည် ၂၅ ယောက် သေဆုံးထားတဲ့ ကျေးရွာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မင်းတုန်းမြို့ကနေ မင်းလှမြို့နယ်၊ ရှမ်းတပ်ရွာရဲစခန်းဆီ စစ်အုပ်စု ခန့်မှန်း အင်အား ၁၀၀ နဲ့ စစ်ကြောင်းထိုးလို့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ ဩဂုတ် ၂၀ ရက်က စပြီး တစ်ပတ်ခန့်ကြာအောင် ထိတွေ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ကာ စစ်အုပ်စု ၂၀ ကျော် သေ၊ ၃၀ ဝန်းကျန် ဒဏ်ရာရကာ ကားတစ်စီး၊ မီးစက်တစ်လုံးနဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ USBA ပြန်ကြားရေးတာဝန်ခံ ကိုသာချို က ပြောပါတယ်။

ဩဂုတ် ၂၄ ရက်မှာ မင်းတုန်းကနေ စစ်အုပ်စု အင်အား ၂၀၀ ခန့် ထပ်မံ ဖြည့်ကာ ဆက်လက် စစ်ကြောင်းထိုးပြီးနောက် သုံးရက်အကြာမှာ ရှမ်းတပ်ရဲစခန်းကို ရောက်ရှိသွားတယ်လို့ ဆိုပါတယ်။

ရခိုင်ရိုးမကို ထိန်းချုပ်နိုင်ရေး စစ်အုပ်စုက မေလကတည်းက မင်းတုန်းမြို့နယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက် နေတာ ဖြစ်ပြီး အာရက္ခတပ်တော် AA နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းကာ တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုဟာ မင်းတုန်းမြို့နယ်ကို အခြေပြုပြီး အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကြောင်းထိုး ဝင်ရောက်ဖို့ ကြိုးစားနေတာဖြစ်ပြီး ရှေ့ဆက်မတိုးနိုင် ဖြစ်နေတာကြောင့် အခုလို ပေါ်တာဆွဲ စုဆောင်းရရှိလာတဲ့ စစ်သားသစ်တွေနဲ့ အင်အား ဖြည့်တင်းနေတာလို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

မကွေးတိုင်းနဲ့ ချင်းပြည်အစပ်တွေကနေ ရခိုင်ပြည်ကို စစ်အုပ်စုက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာ‌တွေ လုပ်နေတာကြောင့် ပြည်သူတွေ လေကြောင်းအန္တရာယ် ဂရုပြုကြဖို့ အာရက္ခတပ်တော် AA ကလည်း ဩဂုတ် ၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၂၀ရက်နဲ့ ၂၆ရက်ကြား မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်နဲ့ မင်းလှမြို့နယ်ကြား စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို တိုက်ခိုက်ရာက သိမ်းဆည်း ရရှိတဲ့ ကားနဲ့ ခဲယမ်းတွေ/Photo – USBA

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #USBAဗမာပြည်ကာကွယ်ရေးတပ် #ရခိုင်ရိုးမမင်းတုန်း #မကွေး

Related Articles

Back to top button