
ဇွန်လက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စုရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ၊
ရွှေဥ/MFP၊ ဩဂုတ် – ၂၈
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်ထဲ ဇွန်လနဲ့ ယခု ဩဂုတ်လအတွင်း အာဏာသိမ်း စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လုယက်၊ မီးရှို့နေပြီး တော်လှန်ရေး တပ်တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းပိုင်းဖြစ်တဲ့ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်း ပြန်လည် စိုးမိုး ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုက ပြီးခဲ့တဲ့ မေလနဲ့ ဇွန်လမှာ မင်းကင်းနယ်ထဲ အင်အားသုံး ထိုးစစ်ဆင်ခဲ့သလို ယခု ဩဂုတ်လမှာလည်း အဲ့ဒီ ကားလမ်းကို ဖွင့်ပွဲ လုပ်ဖို့အတွက် တကျော့ပြန် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။
ဩဂုတ် ၁၅ ရက်က စတင်ပြီး စစ်အုပ်စု အင်အား ၄၀၀ ကျော် ကလေးဝမြို့နယ်ကနေ မင်းကင်းနယ်ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာလို့ တော်လှန်ရေး အင်အားစုတွေက တိုက်ခိုက်ရာ မင်းကင်းနယ်၊ စပ်လျင်ချောင်းနဲ့ သဲယိုင်ကျေးရွာတွေအနီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
“စပ်လျင်ချောင်း (ရွာ)နားမှာ ဝိုင်းပစ်ကြတာ” လို့ မင်းကင်းနယ်ခံ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ ဩဂုတ် ၂၆ရက်မှာ စပ်လျင်ချောင်းကျေးရွာအနီးရှိ ကျော်ရွာကျေးရွာအတွင်း ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ၂၀၂၂ နှစ်ကုန်ပိုင်းက စတင်ကာ သုံးနှစ်ကျော် ခြေမချနိုင်တဲ့ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် မေလနဲ့ ဇွန်လကလည်း မုံရွာမြို့ကတဆင့် အင်အားသုံးကာ ထိုးစစ်ဆင်တာကြောင့် ဇွန်လအတွင်းက ကနီနဲ့ မင်းကင်းနယ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။
ဇွန် ၂၁ရက်က ကနီမြို့နယ်၊ လာပို့ကျေးရွာက ထွက်လာပြီး မင်းကင်းနယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု ခြေမြန်တပ်ရင်း (ခမရ) ၅၅၄က ဒု-တပ်ရင်းမှူး အောင်ကိုကို ဦးစီးတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်အုပ်စုကို ကလေးခရိုင် PDF တပ်ရင်းတွေ ဖြစ်တဲ့ အမှတ် (၇/၈/၉/၁၀/၁၁)တပ်ရင်း ၊ မင်းကင်းမြို့နယ် ပကဖ ၊ ကလေးခရိုင် ဒရုန်းတပ်ဖွဲ့၊ မင်းကင်းမြို့နယ် ပူးပေါင်း တပ်တွေက ကိုးကြိမ်အထိ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ မင်းကင်းမြို့နယ် တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေအတွင်း စစ်အုပ်စု ၂၀ ကျော် သေကာ MA – 3 တစ်လက်၊ ဗုံးသီး၊ ကျည်၊ ယူနီဖောင်း၊ SPS110 Portable Jammer Gun တစ်လက် ၊ မိုင်းရှင်းစက် တစ်လုံး ၊ ဖောကား တစ်စီး၊ စစ်အုပ်စုရဲ့ ခိုးရာပါ ပြည်သူပိုင်ပစ္စည်းတွေ ဖြစ်တဲ့ ရွှေလက်ကောက် တစ်ကွင်း၊ ကား တစ်စီး၊ နွား ကိုးကောင်၊ လှည်း သုံးစီး၊ မီးစက် တစ်လုံး စတာတွေ သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း စစ်အုပ်စု တကျော့ပြန် စစ်ကြောင်းထိုးလို့ မင်းကင်းနယ် အပါအဝင် မုံရွာ – ယာကြီး – ကလးဝ ကားလမ်းတလျှောက် ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကနီနဲ့ မင်းကင်းနယ်မှာ ဇွန်လက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း သိမ်းဆည်းရရှိတဲ့ စစ်အုပ်စုရဲ့ လက်နက်နဲ့ စစ်အုပ်စု ခိုးယူလာတဲ့ ပြည်သူပိုင် ပစ္စည်းတွေ/Photo – မင်းကင်း PDF
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #အညာ #ချင်းတွင်း #မင်းကင်း



