
Phoenix/MFP၊ သြဂုတ် – ၂၈
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်း စစ်အုပ်စုက ကျေးရွာတွေကို ပိတ်ဆို့ စီးနင်းကာ နေအိမ်ပေါ်အထိ ပေါ်တာတက်ဆွဲရုံမက လယ်ယာစိုက်ခင်းတွေအထိပါ ပေါ်တာလိုက်ဆွဲလို့ တောင်သူလယ်သမားတွေ ထွက်ပြေးနေရပြီး လွတ်အောင်မပြေးနိုင်တဲ့ ပျိုးနှုတ်နေသူတစ်ဦး မနေ့က စစ်အုပ်စု လက်ထဲ ပါသွားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စစ်မှုထမ်းအပတ်စဉ်သစ်အတွက် စစ်အုပ်စုက ဝမ်းတွင်းနယ်ထဲ နေ့စဉ် ပေါ်တာ လိုက်ဆွဲနေတာ ဖြစ်ပြီး သြဂုတ် ၂၇ ရက် မနေ့က ဝမ်းတွင်းမြို့နယ် ကုက္ကိုခါးလှ၊ သဲကန်၊ ညောင်ဒိုနဲ့ အင်းကုန်းရွာတွေဘက်ရှိ လယ်ယာ စိုက်ကွင်းတွေထဲအထိ ပေါ်တာလိုက်ဆွဲခဲ့တာလို့ ဆိုပါတယ်။
ဝမ်းတွင်းနယ်၊ ပင်းတလဲ ကျေးရွာဘက်ကနေ လာတဲ့ စစ်အုပ်စုဟာ လယ်စိုက်၊ ပျိုးနှုတ်နေသူတွေကို ပေါ်တာလိုက်ဆွဲတာကြောင့် ကောက်စိုက်သမားတွေနဲ့ လယ်သမားတွေ ကြောက်လန့်တကြား ထွက်ပြေး ခဲ့ကြရတယ်လို့ ဒေသခံ မြေပြင်ကင်းထောက် ဝမ်းတွင်းအသံ – Voice Of Wundwin (VOW) တာဝန်ရှိသူ တစ်ဦးက MFP ကို ပြောပါတယ်။
“လကုန်ရက်ဆိုတော့ စမထ အပတ်စဉ်အသစ်အတွက် လိုက်ဆွဲနေကြတာ။ ဆွဲတာက နေ့တိုင်း လိုက်ဆွဲနေကြတာ။ ပြန်ရွေးလို့ရလာတာ ဒီလထဲတော့ မကြားမိသေးဘူးဗျ။ လူစားလဲ ပေးရတယ်လို့တော့ ကြားတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ထင်တယ်၊ သိန်း ၇၀နဲ့ သာစည်ဘက်က လူတစ်ယောက် ရလို့ သူတို့သား ပြန်ရလာတယ်ဆိုပြီး ကြားမိတယ်” လို့ VOW တာဝန်ရှိသူက ပြောပါတယ်။

ဝမ်းတွင်းနယ်မှာ ယခုတစ်ပတ်အတွင်း လူငယ် ခုနှစ်ဦးထက်မနည်း ပေါ်တာဆွဲခံရတယ်လို့ သတင်းကြားပြီး သြဂုတ် ၂၆ ရက်က ဝမ်းတွင်းနယ် မြောက်ဇချမ်းကုန်းရွာက အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး ဝမ်းတွင်းမြို့ပေါ်ရှိ သူငယ်ချင်းဆီ အလည်သွားစဥ် ပေါ်တာဆွဲ ခံလိုက်ရသလို သြဂုတ် ၂၃ ရက်ကလည်း နဘဲကန်ကျေးရွာမှာ အလုပ်လာလုပ်တဲ့ လက်ပက်ကုန်း ရွာသား လူငယ် နှစ်ဦးနဲ့ ကန်ပတ်လည်နဲ့ မင်းကန်ရွာက လူငယ် နှစ်ဦးတို့ ပေါ်တာဆွဲခံရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သြဂုတ် ၂၄ ရက်ကလည်း ဆုံကုန်းရွာက လူငယ်တစ်ဦး ဖမ်းဆီးပေါ်တာဆွဲခံရတယ်လို့ VOW က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ ဝမ်းတွင်းနယ်မှာ လစဉ်လတိုင်း ပေါ်တာဆွဲနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ သင်္ကြန်ကာလကတော့ ရက် ၁၀၀ စီမံကိန်း ကာလက စတင်ပြီး ပေါ်တာ မဆွဲတော့ဘဲ လေးလတစ်ကြိမ် တစ်ရွာကို တစ်ယောက်နှုန်း လူကောက်မှာ ဖြစ်ကာ ပေါ်တာမဆွဲတော့ဘူးမို့ ရွာတိုင်းက ဆက်ကြေးပေးကြဖို့ စစ်အုပ်စုက ချော့မော့စည်ရုံးကာ ဆက်ကြေးကောက်ခဲ့တယ်လို့ ဆိုပါတယ်။
“သင်္ကြန်ကာလ မတိုင်ခင်ကလည်း ကျတော်တို့ မြို့နယ်ထဲ တအားဆွဲတာကနေ သင်္ကြန်ပြီး ရက် ၁၀၀ စီမံကိန်း စကတည်းက ရွာတစ်ရွာမှာ လေးလတစ်ကြိမ် လူတစ်ဦး ပေးရမယ် လုပ်လိုက်တာလေ။ အဲဒါကနေ မဆွဲတော့ဘူး ထင်တာ၊ ခု တအား ပြန်ဆွဲနေပြန်ပြီ၊ ရှေ့တန်းမှာ ရှုံးနေတာ နေမှာပေါ့ ” လို့ VOW တာဝန်ရှိသူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကတော့ စစ်အုပ်စုဟာ ဝမ်းတွင်းမြို့နယ်ထဲ ကျေးရွာတွေကို ပိတ်ဆို့စီးနင်းကာ အိမ်ပေါ်အထိ ပေါ်တာတက်ဆွဲခဲ့ပြီးနောက် ယခု ဩဂုတ်မှာ လယ်ယာစိုက်ခင်းတွေအထဲ ပေါ်တာ လိုက်ဆွဲတာလို့ ဒေသခံတွေက ပြောပါတယ်။

ဝမ်းတွင်းနယ်ဟာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ ကြီးစိုးထားတဲ့ မိတ္ထီလာခရိုင်ထဲ ပါဝင်ပြီး မိတ္ထီလာမြို့ ပေါ်နေ စစ်အုပ်စုနဲ့ ပျူတွေက လူလိုတိုင်း ဝမ်းတွင်းနယ်ထဲ ပေါ်တာလာဆွဲလေ့ ရှိတယ်လို့ ဆိုပါတယ်။
ဝမ်းတွင်း အပါအဝင် မိတ္ထီလာနယ်အတွင်းက ပေါ်တာဆွဲ စုဆောင်းလို့ ရသမျှ လူတွေကို မိတ္ထီလာမြို့ရှိ ခမရ ၁၁၃ ခေါ် အမှတ် ၁၁၃ ခြေမြန်တပ်ရင်းထဲ စုဆောင်းထားရှိပြီးနောက် ရှမ်းပြည် ဟိုပုံးမြို့ဘက် ပို့လွှတ်ကာ စစ်သင်တန်းပေးတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ မတ်လက စလို့ နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို စစ်သားသစ် စုဆောင်းနေတာ ဖြစ်ပါတယ်။
စစ်သင်တန်းအပတ်စဉ် တစ်ခုကို အနည်းဆုံး လူ ၅၀၀၀ နှုန်း စုဆောင်းကာ ရက်တိုစစ်သင်တန်းပေးတာ ဖြစ်ပြီး လက်ရှိမှာ စစ်မှုထမ်း အပတ်စဉ် ၂၇ အထိ ဖွင့်လှစ်ထားပြီးဖြစ်ကာ အပတ်စဉ် ၂၈အတွက် လူစုနေတာ ဖြစ်တယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။
နိုင်ငံတဝန်း ပေါ်တာဆွဲ စစ်သားသစ်စုဆောင်းတာတွေကို ရနိုင်သမျှနည်းနဲ့ ဆက်လုပ်မယ်လို့ မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။
စစ်အုပ်စုဟာ နိုင်ငံတဝန်း စစ်သားသစ် စုဆောင်းရာမှာ ငွေကြေးတတ်နိုင်သူတွေကို လူမခေါ်ဘဲ ငွေသာ ညှစ်ပြီး အခြေခံ လူတန်းစား ဆင်းရဲသားတွေကို အဓိက ပစ်မှတ်ထား စစ်သားသစ် စုဆောင်းနေတာလည်း ဖြစ်ပါတယ်။

ဝမ်းတွင်းမြို့နယ် အပါအဝင် မိတ္ထီလာနယ်ထဲ ပေါ်တာဆွဲ၊ ငွေညှစ်တာတွေ အဓိက လုပ်နေတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#အညာ #မန္တလေး #မိတ္ထီလာဝမ်းတွင်း #ပေါ်တာဆွဲစစ်သားသစ်စု



