မန္တလေးသတင်း

မိတ္ထီလာ မလှိုင်နယ် ထမ္မကြီးရွာ ဥက္ကဌ အပါအဝင် ရွာခံ ၁၂ ဦး သတ်ဖြတ်ခံရ၊

PDF လက်ချက်လို့ စစ်အုပ်စုဘက်က စွပ်စွဲ၊

လှိုင်း / MFP၊ သြဂုတ် – ၃၁

မန္တလေးတိုင်း၊ မိထ္တီလာခရိုင်၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာမှာ ဒီမနက်ပိုင်း ကျေးရွာ ဥက္ကဌ အပါအဝင် ရွာခံ ၁၂ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

သြဂုတ် ၃၁ ရက် ဒီမနက် ၄ နာရီဝန်းကျင်မှာ မလှိုင်မြို့ အရှေ့တောင်ဘက်၊ ထမ္မကြီးကျေးရွာထဲကို ကားလေးစီး၊ ဆိုင်ကယ်တွေနဲ့အတူ လက်နက်ကိုင် ၅၀ ဦးခန့် ဝင်ရောက်လာပြီး စစ်အုပ်စုခန့် ကျေးရွာ ဥက္ကဌ ဦးစိုးလင်းထိုက် အပါအဝင် ရွာခံ ၁၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ စစ်အုပ်စုရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ ဖော်ပြပါတယ်။

သေဆုံးသူတွေဟာ ထမ္မကြီးကျေးရွာ ဥက္ကဌ ဦးစိုးလင်းထိုက်၊ ဦးချစ်စမ်းမောင်နဲ့ ဇနီး၊ ဦးမောင်သိန်း၊ ဦးဇော်နဲ့ သားဖြစ်သူ တစ်ဦး၊ ဦးဝင်းနိုင်နဲ့ ဦးအုန်းမောင်တို့ အပါအဝင် စုစုပေါင်း ၁၂ ဦး ဖြစ်တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

အဲ့ဒီ ထမ္မကြီးကျေးရွာဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး)ကို ထောက်ခံကြတဲ့ ကျေးရွာဖြစ်ပြီး သေဆုံးသူတွေက လက်နက်ကိုင် ပျူစောထီး ဟုတ်၊မဟုတ်ကိုတော့ အတိအကျ မသိဘူးလို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။

“မနက် အစော ၄ နာရီ ဝန်းကျင်လောက်မှာ ရွာထဲကို ဝင်ပြီး သေနတ်တွေနဲ့ ပစ်သတ်သွားတာ။ ထမ္မကြီးရွာနဲ့ မင်းရွာက အရင်ကတည်းက ကြံ့ဖွံ့ အားပေးတဲ့ ရွာတွေ။ ဒီနေ့က လစာထုတ်မယ့်ရက် ဆိုတော့ မြို့ပေါ် တက်မလာကြခင် ဝင်ပြီး ရှင်းသွားတာလို့ သိရတယ်။ လက်နက်ကိုင်ထားလား ဆိုတာကတော့ အသေအချာ မသိရဘူး။ မြို့ပေါ်ကိုတော့ လာကြတယ်။ အခု နောက်ဆက်တွဲကတော့ မသိသေးဘူး။ အခြေအနေကတော့ ဆိုးနိုင်တယ်”

ထမ္မကြီးရွာဖြစ်စဉ် ဖြစ်ပွားပြီးနောက် သြဂုတ် ၃၁ ရက် နေ့လယ်ပိုင်းမှာပဲ မလှိုင်မြို့ အနီးဝန်းကျင်ကို စစ်အုပ်စုက လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောကြပေမယ့် MFP အနေနဲ့ အတည်ပြုနိုင်ဖို့လို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်အုပ်စုက ထမ္မကြီးရွာဖြစ်စဉ်ကို အငြိုးထားကာ ဒေသတွင်း ပြန်လည် သောင်းကျန်း သတ်ဖြတ်မှာကို စိုးရိမ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မလှိုင်မြို့နယ် ထမ္မကြီးကျေးရွာဟာ ရန်ကုန် – မိထ္တီလာ – မလှိုင် – မြင်းခြံလမ်းပိုင်းနဲ့ ရန်ကုန် – မန္တလေး အမြန်လမ်း ကြားထဲမှာ တည်ရှိပြီး ကြံ့ခိုင်ရေးပါတီကို ထောက်ခံတဲ့ ကျေးရွာတစ်ရွာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ့ ထမ္မကြီးရွာ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Guardians Of Mahlaing ကို အွန်လိုင်းကနေတဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ “ဖြစ်စဉ်နဲ့ပက်သက်ပြီး ကျနော်တို့လည်း စုံစမ်းနေဆဲ ဖြစ်လို့ ဘာကိုမှတော့ အတည်ပြုလို့ မရသေးပါဘူးဗျ၊ အဲ့ဒီရွာက မလှိုင်မြို့နယ်ထဲမှာ ပါပေမယ့် တည်နေရာက မိတ္ထီလာမြို့နယ်နဲ့ ပိုနီးတော့ ကျနော်တို့အနေနဲ့ စုံစမ်းတဲ့နေရာမှာ သွားလာရေး အခက်အခဲတွေလည်း ရှိနေပါတယ်ဗျ” လို့ Guardians Of Mahlaing တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မလှိုင်မြို့နယ်ဟာ စစ်အုပ်စု ကြီးစိုးထားတဲ့ မိတ္ထီလာမြို့နဲ့ ထိစပ်နေသလို တော်လှန်ရေးတပ်တွေ လှုပ်ရှားမှု အားကောင်းတဲ့ နွားထိုးကြီး၊ တောင်သာ၊ ကျောက်ပန်းတောင်း စတဲ့ နယ်တွေနဲ့လည်း ထိစပ်နေပါတယ်။

ယခုလတွေအတွင်း မလှိုင်နယ်ထဲ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားသလို စစ်အုပ်စုက ဗုံးကြဲတာ၊ လူသတ်တာ၊ မီးရှို့တာ၊ လုယက်တာတွေလည်း မကြာခဏ ကျူးလွန်နေပါတယ်။

စစ်အုပ်စုဟာ မိထ္တီလာ – မလှိုင်လမ်းပိုင်းမှာရှိတဲ့ မြို့အဝင်အထွက်ဂိတ်တွေမှာ တားဆီးစစ်ဆေး ငွေညှစ်တာ၊ ကျေးရွာတွေကို ဗုံးကြဲတာနဲ့ နေအိမ် မီးရှို့ဖျက်ဆီးတာတွေလည်း လုပ်နေပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းရှိ ကြံ့ခိုင်ရေးပါတီ ထောက်ခံတဲ့ ကျေးရွာတွေက ဒေသခံတွေကို စစ်သင်တန်းပေး၊ လက်နက်ထုတ်ပေးကာ ပြည်သူ့စစ် ခေါ် ပျူစောထီးတွေအဖြစ်  လက်သပ်မွေးထားပြီး ဒေသတွင်း တိုက်ပွဲဖြစ်ချိန် အဲ့ဒီ ပျူစောထီးတွေကို စစ်အုပ်စုနဲ့အတူ စစ်တိုက်ခိုင်း၊ မီးရှို့၊ လုယက်ခိုင်းကာ ခိုးရာပါ ပစ္စည်းတွေကို ခွဲဝေရယူနေတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မလှိုင်ထမ္မကြီးရွာ #မန္တလေး #မိတ္ထီလာ

Related Articles

Back to top button