မန္တလေးသတင်း

မိတ္ထီလာ မလှိုင်မှာ စစ်အုပ်စု အပြာဝတ် ၁၂ ယောက် အသတ်ခံရပြီး အလောင်းတွေ မြို့ပေါ် သယ်ချိန် ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်ခံရ၊

ဒရုန်းကြောက်ပြီး စစ်အုပ်စု ဝန်ထမ်းတချို့ ရုံးမဖွင့်လို့ လစာထုတ် နောက်ကျ၊

စစ်အုပ်စုက မလှိုင်နယ်ထဲ အင်အား ၂၀၀ နဲ့ စစ်ကြောင်းထိုး၊ ဗုံးကြဲနေ၊

လှိုင်း / MFP၊ စက်တင်ဘာ – ၁

မန္တလေးတိုင်း၊ မိထ္တီလာခရိုင်၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာရှိ အာဏာသိမ်း စစ်အုပ်စုရဲ့ အပြာယူနီဖောင်းဝတ် လက်နက်ကိုင် ၁၂ ယောက် မနေ့က မနက်ပိုင်း သတ်ဖြတ်ခံခဲ့ရပြီးနောက် အလောင်းတွေ မြို့ပေါ်သယ်ချိန် ဒရုန်းနဲ့ပါ ထပ်မံ တိုက်ခိုက်ခံရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

သြဂုတ် ၃၁ ရက် မနေ့က မနက်ပိုင်း ၄နာရီကျော်အချိန် မလှိုင်မြို့ အရှေ့တောင်ဘက်၊ ထမ္မကြီးကျေးရွာရှိ စစ်အုပ်စုရဲ့ ပြည်သူ့ လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ (ပလကဖ) ခေါ် အပြာယူနီဖောင်းဝတ် လက်နက်ကိုင် ၁၂ ဦး ပစ်သတ်ခံရပြီး အဲ့ဒီ ရုပ်အလောင်းတွေ မလှိုင်မြို့ပေါ် သယ်ယူနေချိန် နေ့ခင်းပိုင်းမှာ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးရုံး – လဝကရုံးအနီး ဒရုန်းနဲ့ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

“ဒရုန်းနဲ့ ဗုံးကြဲသွားတာ။ ဗုံးက တစ်လုံးတည်းပဲ ကြဲသွားတာပါ။ အထက ကျောင်း တောင်ဘက်က မှတ်ပုံတင်ရုံး နားကို ကြဲသွားတာ။ ဆေးရုံနဲ့က သိပ်မဝေးဘူး။ ဒရုန်းပျံသွားတာလည်း တော်တော် နိမ့်တယ်။ ထမ္မကြီးက အလောင်းတွေ မြို့ပေါ်အရောက်နဲ့ ထပ်ပြီး ထိအောင်လို့ ဒရုန်းနဲ့ ဗုံးကြဲတယ်လို့ ထင်တာပဲ။ အနီးနားက ဝန်ထမ်းတွေလည်း ထွက်ပြေးကုန်ကြတာ မြင်လိုက်ကြတယ်တဲ့” လို့ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။

မလှိုင်မြို့နယ် လဝကရုံးအနီး ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စု ဌာနဆိုင်ရာ ဝန်ထမ်းတွေ ကြောက်လန့်ကာ ရုံးတွေမဖွင့်လို့ တချို့တွေ လစာထုတ်ခွင့်မရကြဘူးလို့လည်း ဆိုပါတယ်။

Mobile Banking ရှိတဲ့ ဌာနဆိုင်ရာ ဝန်ထမ်း အများစု လစာထုတ်ယူလို့ ရပေမဲ့ ကျေးရွာတွေကနေ မြို့ပေါ် လစာလာထုတ်ကြသူတွေ လစာထုတ်ယူခွင့် မရခဲ့ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာထဲကို ကားလေးစီး၊ ဆိုင်ကယ်တွေနဲ့အတူ လက်နက်ကိုင် ၅၀ ဦးခန့် ဝင်ရောက်လာပြီး စစ်အုပ်စုခန့် ကျေးရွာ ဥက္ကဌလည်း ဖြစ်၊ အပြာဝတ်ခေါင်းဆောင်လည်း ဖြစ်တဲ့ ဦးစိုးလင်းထိုက် အပါအဝင် အပြာဝတ် ၁၂ ယောက်ကို ပစ်ခတ် သတ်ဖြတ်ခဲ့တာလို့ စစ်အုပ်စုရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ ဖော်ပြပါတယ်။

ထမ္မကြီးကျေးရွာအတွင်း စီးနင်းဝင်ရောက်ပြီး စစ်အုပ်စု အပြာဝတ်တွေကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

အဲ့ဒီအဖွဲ့က ဒေသခံတွေ အနေနဲ့ စစ်အုပ်စု လက်အောက် ဝင်ရောက် အလုပ်မလုပ်ဖို့ သတိပေး သွားတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“အဲ့ဒီ့ ၁၂ ယောက်ကို ရှင်းပြီးတော့ တခြားသူတွေကိုလည်း စစ်တပ်ရဲ့ လက်အောက်မှာ အလုပ်မလုပ်ဖို့လို့ သတိပေးသွားတယ်”

ထမ္မကြီးကျေးရွာဟာ ရန်ကုန် – မိထ္တီလာ – မလှိုင် – မြင်းခြံလမ်းပိုင်းနဲ့ ရန်ကုန် – မန္တလေး အမြန်လမ်း ကြားထဲမှာ တည်ရှိပါတယ်။

အာဏာသိမ်း စစ်အုပ်စုကတော့ သြဂုတ် ၃၁ ရက် မနေ့က ညနေပိုင်းမှာပဲ အင်အား ၁၀၀ ဝန်းကျင်နဲ့ ထမ္မကြီးကျေးရွာထဲ စီးနင်း ဝင်ရောက် တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် နောက်ထပ် စစ်အုပ်စု အင်အား ၂၀၀ လောက်ဟာ မိထ္တီလာမြို့ကတဆင့် မလှိုင်မြို့နယ် တောင်ခြမ်းရှိ ကျေးရွာတွေဘက် စစ်ကြောင်းထိုးနေသလို MI-35 တိုက်ခိုက်ရေး ရဟတ်ယာဥ် တစ်စင်းနဲ့လည်း မလှိုင်နယ် တောင်ခြမ်းရှိ ကျေးရွာတွေပေါ် ဗုံးကြဲခဲ့ပြီး ဒေသခံပြည်သူ အထိအခိုက် သတင်းတော့ မကြားရသေးဘူးလို့ လူထုသတင်းကွန်ရက် – မလှိုင်မြို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

အဲ့ဒီ မိထ္တီလာမြို့က ထွက်လာတဲ့ စစ်အုပ်စုဟာ မလှိုင်မြို့နယ် ဆယ်ကြီးကျေးရွာကို တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိဘဲ ရဟတ်ယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်သလို ကျေးရွာထဲမှာ အင်အား အနည်းငယ်နဲ့ တပ်စွဲတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီ စစ်အုပ်စုဟာ မလှိုင်နယ် ဒဟတ်တန်းဘုန်းကြီးကျောင်း၊ ဆည်တို ရွာသစ် ကျောင်းသစ်ကျောင်းနဲ့ ဆည်တိုညောင်ကုန်း (စျေးကုန်း)တွေမှာလည်း တပ်စွဲနေတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် ၂၀၂၄ နှစ်ကုန်ပိုင်းက စလို့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ပြည်သူ့ လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ (ပလကဖ) ခေါ် အပြာယူနီဖောင်းဝတ် လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းထားပြီး ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အဲ့ဒီ အပြာဝတ်တွေရဲ့ ခေါင်းဆောင်အဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။ အပြာဝတ်တွေမှာ ရပ်ကွက်ရုံးနဲ့ ဌာနဆိုင်ရာရုံးတွေမှာ ဂိတ်စောင့်ရတာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာနဲ့ ရပ်ရွာထဲ လှည့်လည် ငွေညှစ်ရတာ စတဲ့ အုပ်ကြီးတွေ ခိုင်းစေတဲ့ အလုပ်တွေ လုပ်ကိုင်ပေးရတာ ဖြစ်ပါတယ်။

မလှိုင်မြို့နယ်ဟာ စစ်အုပ်စု ကြီးစိုးထားတဲ့ မိထ္တီလာမြို့နဲ့ ထိစပ်နေသလို တော်လှန်ရေးတပ်တွေ လှုပ်ရှား အားကောင်းတဲ့ နွားထိုးကြီး၊ တောင်သာ၊ ကျောက်ပန်းတောင်းမြို့နယ်တွေနဲ့ ထိစပ်နေတဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

စစ်အုပ်စုဟာ သြဂုတ်လအတွင်း မလှိုင်၊ တောင်သာနဲ့ ကျောက်ပန်းတောင်းမြို့နယ်ထဲက ကျေးရွာတွေကို ရွာစဥ်လှည့်လည် စီးနင်း၊ လုယက်၊ မီးရှို့ပြီး ပြည်သူပိုင် ရွှေ၊ ငွေ၊ ကား၊ ဆိုင်ကယ်နဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို ဖောက်ထွင်းလုယက်ကာ မိထ္တီလာမြို့ဘက်ကို ခိုးယူသယ်ထုတ်ခဲ့ပါတယ်။

စစ်အုပ်စုရဲ့ အပြာယူနီဖောင်းဝတ် လက်နက်ကိုင်တွေ/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မလှိုင်ထမ္မကြီးရွာ #မန္တလေး #မိတ္ထီလာ

Related Articles

Back to top button