
စစ်အုပ်စု အပြာဝတ် ၁၂ ယောက် သေဆုံးပြီးနောက် မလှိုင်နယ်ထဲ လေးရက်ဆက် စစ်ကြောင်းထိုးနေ၊
လှိုင်း / MFP၊ စက်တင်ဘာ – ၃
မန္တလေးတိုင်း၊ မိထ္တီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ခြမ်းမှာရှိတဲ့ ဆည်တိုကျေးရွာအုပ်စု၊ ဆည်ကွဲကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ရွာခံပြည်သူတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာ ၁ ရက်ကစလို့ စစ်အုပ်စု အင်အား ၂၀၀ ဝန်းကျင်လောက် မိထ္တီလာမြို့ကတဆင့် မလှိုင်မြို့နယ် တောင်ခြမ်း ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေပြီး MI- 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ ဗုံးကြဲသလို ဒရုန်းနဲ့ပါ ကျေးရွာတွေအပေါ် ဗုံးကြဲနေတာလို့ ဆိုပါတယ်။
စက်တင်ဘာ ၂ရက် မနေ့က နေ့လည်ပိုင်း မလှိုင်နယ်တောင်ခြမ်းရှိ၊ ဆည်ကွဲကျေးရွာပေါ်ကို စစ်အုပ်စုက ကာမီကာဇဲ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ရွာခံပြည်သူ အသက် ၅၀ ဝန်းကျင် ဇနီးမောင်နှံ ထိခိုက် ဒဏ်ရာရကာ အမျိုးသား သေဆုံးတယ်လို့ လူထုသတင်းကွန်ရက် – မလှိုင်မြို့က ဖော်ပြပါတယ်။
စစ်အုပ်စုကြဲချတဲ့ ဒရုန်းဗုံးဟာ နေအိမ်ရှေ့ ကျရောက်ပေါက်ကွဲတာ ဖြစ်ပြီး ကိုယ့်အိမ်ထဲမှာကိုယ် နေထိုင်ကြသူတွေ ထိခိုက်တာလို့ ဆိုပါတယ်။
“မနေ့က နေ့လယ်မှာ သြဇာခြံရွာနားမှာ သေနတ်သံတွေက ကြားလိုက်တယ်။ ဆည်တိုရွာနားမှာလည်း ဗုံးကြဲသေးတာ ရှိပေမဲ့ တခြား ထိခိုက်တာတော့ မရှိဘူး။ တိုက်ပွဲဖြစ်တယ်လို့လည်း မကြားမိဘူး၊ ဒီတိုင်း ချသွားတာ။ ညပိုင်းမှာ စစ်တပ်က ဒရုန်းနဲ့ ကြဲသွားတော့ ဆည်ကွဲရွာက လင်မယားနှစ်ယောက် ထိသွားတာ၊ အမျိုးသား ဖြစ်သူကတော့ ဆုံးသွားတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
အဲ့ဒီ့ မိတ္ထီလာဘက်က လာတဲ့ စစ်အုပ်စုဟာ စက်တင်ဘာ ၁ ရက်မှာ မလှိုင်နယ်ရှိ ဆည်တို ရွာမ ဘုန်းကြီးကျောင်း၊ ကသစ်ပင် ဂိုဏ်းထောက်ကျောင်း၊ ဆည်တို – သဲကန် ဘုန်းကြီးကျောင်းတွေမှာ စီးနင်း ညအိပ် တပ်စွဲခဲ့ပြီး စက်တင်ဘာ ၂ ရက်မှာ ယာကြီးကုန်းကျေးရွာ ဘုန်းကြီးကျောင်း၊ သြဇာခြံ ဘုန်းကြီးကျောင်းတွေမှာ ဆက်လက် စီးနင်းညအိပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ စစ်အုပ်စုဟာ တိုက်ပွဲမရှိဘဲ အထက်ပါအတိုင်း ကျေးရွာတွေအပေါ် ရဟတ်ယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၃ ရက်၊ ဒီမနက်ပိုင်းမှာတော့ စစ်အုပ်စုဟာ မလှိုင်နယ်၊ ဆည်တိုရွာအနောက်ဘက်၊ ကျောက်ပန်းတောင်နယ် ပုပ္ပါးတောင်မကြီး အရှေ့ဘက်ရှိ ဂွေးညိုဝင်းကျေးရွာကို စီးနင်း ဝင်ရောက်တယ်လို့ ဆိုပါတယ်။
“ဂွေးညိုဝင်းရွာကို မိထ္တီလာကနေလာတဲ့ စစ်ကြောင်း ရောက်သွားပြီ။ ဂွေးညိုဝင်းရွာက မလှိုင်မြို့နယ် အစွန်က ရွာ၊ ကျောက်ပန်းတောင်းနဲ့ ပိုနီးတယ်။ အခုလည်း ကျောက်ပန်းတောင်း၊ ပုပ္ပါး တောင်မကြီးကနေ ဆင်းလာတဲ့ စစ်ကြောင်းကလည်း တောင်ခြေက ရွာတွေက တန်ဖိုးကြီးပစ္စည်းတွေ အကုန် ယူသွားပြီ။ မိထ္တီလာနဲ့ ကျောက်ပန်းတောင်းက စစ်ကြောင်းနှစ်ကြောင်း ဆုံမလားတော့ မပြောတက်ဘူး” လို့ ဒေသခံတစ်ဦး MFP ကို ပြောပါတယ်။
စက်တင်ဘာ ၂ ရက်၊ မနေ့က နေ့လယ်ပိုင်း ကျောက်ပန်းတောင်းမြို့ အခြေစိုက် စစ်အုပ်စုရဲ့ ခြေမြန်တပ်ရင်း (ခမရ) ၇၈ က ထွက်လာတဲ့ အင်အား ၃၀၀ ဝန်းကျင်ပါရှိတဲ့ စစ်အုပ်စုဟာလည်း ကျောက်တံခါး ကျေးရွာကနေ ပုပ္ပါးတောင်ခြေရှိ ချိုင်းနဲ့ ငါးရံ့ကုန်းကျေးရွာတွေကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေတယ်လို့ လူထုသတင်းကွန်ရက် – မလှိုင်မြို့က ဖော်ပြပါတယ်။
အဲ့ဒီ့ စစ်အုပ်စု စစ်ကြောင်းဟာ ပုပ္ပါးတောင်မကြီး တောင်ခြေရှိ ကျေးရွာတွေကို ဆကလက် စီးနင်းကာ တန်ဘိုးရှိပစ္စည်း ဖောက်ထွင်းလုယက်ပြီး နေအိမ်တွေ မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပုပ္ပါးတောင်မကြီး အခြေကနေ ကျောက်ပန်းတောင်း – မြင်းခြံလမ်းအတိုင်း သွားမလား၊ မလှိုင်ဘက်ကို လာမလား ကတော့ မသိဘူး။ လောလောဆယ်ကတော့ ဒေသခံတွေက ကြောက်နေကြတယ်။ အရင်လ ထဲမှာလည်း (မလှိုင်၊ ကျောက်ပန်းတောင်နဲ့ တောင်သာ) သုံးမြို့နယ်ထဲက ရွာတွေ အကုန် မီးရှို့သွားတာ ဆိုတော့ စိုးရိမ်နေတာပါ” လို့ ပုပ္ပါးဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း ကျောက်ပန်းတောင်း၊ တောင်သာနဲ့ မလှိုင်မြို့နယ် ရွာစဉ်ပတ်မွှေကာ ဆန်၊ ဆီ၊ နှမ်း၊ မြေပဲ၊ စက်ဘီး၊ ဆိုင်ကယ်၊ ကား၊ ထွန်စက် စတဲ့ တန်ဘိုးရှိ ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူပြီးနောက် ကျေးရွာ ၁၀ရွာကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် ကျေးရွာတွေကို စီးနင်းချိန် မထွက်ပြေး၊ မတိမ်းရှောင်နိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ဖမ်းဆီးတဲ့ ပြည်သူတွေ ဆီက ရွှေ၊ ငွေ တန်ဖိုးကြီးပစ္စည်းတွေကိုလည်း လက်နက်ပြ မိုက်ကြေးခွဲ လုယက်ခဲ့ပါသေးတယ်။
ဩဂုတ် ၃၁ရက်က မလှိုင်နယ်၊ ထမ္မကြီးကျေးရွာရှိ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် အပြာယူနီဖောင်းဝတ် စစ်အုပ်စု လက်အောက်ခံ ၁၂ ယောက် အသတ်ခံရပြီးနောက် စစ်အုပ်စုက အခုလို ဒေသတွင်း ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ စစ်ကြောင်းထိုးတာ ဖြစ်ပါတယ်။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အညာ #မလှိုင်မိတ္ထီလာ #မန္တလေး #ကျောက်ပန်းတောင်းပုပ္ပါး



