
ရွှေဥ/MFP၊စက်တင်ဘာ-၄
စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အစပ် ကလေး၊တမူးနဲ့ တီးတိန်မြို့နယ်တွေမှာ တစ်ပတ်ကျော်ကြာ မိုးအဆက်မပြတ်ရွာသွန်းနေလို့ ရေကြီးမြေပြိုတာတွေဖြစ်ပြီး ဘုရားကျောင်း၊နေအိမ်တွေနဲ့ စစ်ရှောင်တဲတချို့ ရေထဲမျောပါခဲ့သလို လူဦးရေသောင်းချီလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်ကျော်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ၊ကလေး-တီးတိန်-တမူးသုံးမြို့နယ်ကို ဖြတ်သန်းစီးဆင်းရာ မြစ်ချောင်းတွေဖြစ်တဲ့ ကွဲချောင်း (ဒေသခံအခေါ် ကျောက်တလုံးချောင်း) ၊နတ်တံခါးချောင်း၊ဇီးချောင်း၊ဥပုသ်ချောင်း၊ဖောင်ကူးချောင်း၊ပါဟဲချောင်း ၊ငါလ်ဇောင်းချောင်းနဲ့ မြစ်သာမြစ်ရေတွေ မြင့်တက်လာပြီး အဆိုပါမြို့နယ်သုံးခုက မြို့ပေါ် ရပ်ကွက်တွေနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ ရေကြီးမြေပြိုတာတွေ ဖြစ်ပွားနေခဲ့တာပါ။



ကလေးမြို့နယ်က မြို့ပေါ်ရပ်ကွက် ငါးခု၊ကျေးရွာခြောက်ရွာ ၊တမူးမြို့နယ်က ရပ်ကွက်နှစ်ခုနဲ့ ခါမ်းပတ်မြို့က ရပ်ကွက်တစ်ခု ၊တီးတိန်မြို့နယ်အတွင်းက ခိုင်ကမ်းမြို့တို့မှာ ရေကြီးမြေပြိုတာတွေ ခံစားနေရပြီး ဒေသခံသောင်းချီ ဘေးလွတ်ရာကို တိမ်းရှောင်နေထိုင်နေကြရတာ ဖြစ်ပါတယ်။
ကလေးမြို့နယ်အတွင်းမှာတော့ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မင်္ဂလာဥယျာဉ်၊ညောင်ပင်သာ(ဒေသခံခေါ် အင်းယားကုန်း )၊အောင်မင်္ဂလာ (ဒေသအခေါ်ဘဲအင်း )၊အောင်မေတ္တာ(ဒေသအခေါ် ပြင်သာ)နဲ့ လှိုင်သာယာရပ်ကွက်တွေနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ညောင်ကုန်း ၊နန်းစောင်းပု (ရွာဟောင်း )ပျဉ်းတောဦး ၊ဖောင်ကူး၊ထိုမာ ၊ဇင်ကလင်းကျေးရွာတွေ ရေနစ်မြုပ်နေခဲ့တာပါ။ တမူးမြို့နယ်အတွင်းမှာတော့ စန္ဒကူး၊ မြို့မရပ်ကွက်နဲ့ ခမ်းပါတ်မြို့ အမှတ်(၁)ရပ်ကွက်တို့ ရေနစ်မြုပ်ခဲ့ပြီး၊တီးတိန်မြို့နယ်မှာတော့ ခိုင်ကမ်းမြို့မှာ ရေကြီးမြေပြိုတာတွေ ဖြစ်ခဲ့ပါတယ်။
ခိုင်ကမ်းမြို့က ဘုရားကျောင်းတစ်ကျောင်း ၊နေအိမ်နှစ်လုံး ၊နတ်တံခါးချောင်းဘေးက စစ်ရှောင်တဲ ခြောက်လုံး ၊မြစ်သာဘေးတလျှောက်က စစ်ရှောင်တဲ (၃၀)ကျော် ရေထဲမျောပါသွားခဲ့ပြီး စိုက်ပျိုးထားပြီးဖြစ်တဲ့ လယ်ဧကထောင်ချီလည်း ရေကြီးနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ နီးစပ်ရာကျေးရွာတွေကို ရွှေ့ပြောင်းထားရတယ်လို့ ကလေးမြို့မြောက်ပိုင်းက ကယ်ဆယ်ရေးလုပ်ဆောင်နေသူ ဒေသခံတစ်ဦးက ပြောပါတယ်။
“နန်းစောင်းပု(ရွာဟောင်း)ညောင်ကုန်းအဲ့ဒီဘက်တွေကတော့ ရေရောက်တယ်။ရေကြီးတယ်။ ပျဉ်းတော်ဦးကတော့နန်းစောင်းပုကြားတဲ့ကြီးတယ်။ခိုင်ကမ်းဘက်တော့ရေကြီးတော့ ဘုရားကျောင်းတွေ ရေထဲမျောသွားတယ်။စစ်ဘေးရှောင်တဲတွေရေထဲမျောသွားတာတယ်။ရေများသွားတော့ တခြားနေရာ ပြန်ရွှေ့ရတာတွေရှိတယ်။ရေကမနေ့က ပြန်ကျသွားတယ်။ဒီနေ့မိုးပြန်ရွာနေတယ်”
လက်တလောမှာ မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာတွေမှာ ရေအနည်းငယ် ပြန်ကျသွားပြီဆိုပေမယ့် မိုးဆက်လက်ရွာသွန်းနေတာကြောင့် ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေကြသေးတယ်လို့ ဆိုပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးပြီးနောက် ကျွဲ ၊နွား ၊ကြက်၊ဝက်၊ဘဲစတဲ့ အိမ်မွေးတိရစ္တာန်ထောင်ချီကိုလည်း ဆက်လက်သယ်ယူပေးနေတယ်လို့ ကလေးမြို့၊ ညောင်ကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“လူတွေအရင်သယ်ကြရတော့ ကျွဲ ၊နွားတွေက ဒီအတိုင်းထားခဲ့ရတာတွေရှိတယ်။ရေကဒလဟောဆိုတော့ ဆိုင်ကယ်တွေက ရေမြုပ် ၊စက်ပစ္စည်းတွေက ရေမျော ၊နွားတွေက ဒီအတိုင်းထားကြရတယ်။ ခုထိ သယ်နေကြရတုန်း”လို့ သူကဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ သြဂုတ်ပထမပတ်အတွင်းမှာ မိုးဆက်တိုက်ရွာသွန်းတာနဲ့ စစ်အုပ်စု သဖန်းဆိပ်ဆည် ဖောက်ချခဲ့တာကြောင့် ဝက်လက်၊ ဒီပဲယင်း၊ ရွှေဘို၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းမြို့နယ်အပါအဝင် မြို့နယ်ပေါင်း (၁၄) မြို့နယ် ရေကြီးနစ်မြုပ်ခဲ့ပြီး ဒေသခံအယောက်(၃၀) ကျော်သေဆုံးခဲ့ကာ၊ ပြည်သူနှစ်သိန်းခြောက်သောင်းကျော် ရေဘေးကြုံတွေ့ခဲ့ရပါသေးတယ်။



