မန္တလေးသတင်းအညာမြေ တော်လှန်ရေး

ပုပ္ပားတောင်ခြေ ကျေးရွာတွေကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့နေ၊

ကျောက်ပန်းတောင်းနဲ့ မလှိုင်နယ်ကို စစ်အုပ်စု နှစ်ဖက်ညှစ် စစ်ကြောင်းထိုး၊

ဩဂုတ်လက ကျောက်ပန်းတောင်း၊ တောင်သာနဲ့ မလှိုင်နယ် ကျေးရွာ ၃၀ ကို စစ်အုပ်စု စီးနင်းလုယက် မီးရှို့ပြီးနောက် ယခု တကျော့ပြန် စစ်ကြောင်းထိုးတာဖြစ်၊

Phoenix /MFP၊ စက်တင်ဘာ – ၄

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ခြေရှိ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက စက်တင်ဘာ ၂ ရက်က စတင်ကာ စီးနင်းလုယက် မီးရှို့နေပြီး ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်း ကျောက်ပန်းတောင်းမြို့ အခြေစိုက် စစ်အုပ်စုရဲ့ ခြေမြန်တပ်ရင်း (ခမရ) ၇၈ က ထွက်လာတဲ့ စစ်အုပ်စု၊ ကျောက်ပန်းတောင်နယ် ပွေးကျစ်တိုက်နယ် ရဲစခန်းက စစ်အုပ်စုနဲ့ ပျူစောထီးတွေ ပူးပေါင်းကာ စုစုပေါင်း အင်အား ၃၀၀ လောက်နဲ့ ပုပ္ပါးတောင်ခြေ ကျေးရွာတွေကို စီးနင်းလုယက် မီးရှို့နေတာလို့ ဆိုပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ စက်တင်ဘာ ၂ရက်က ပုပ္ပါးတောင်မကြီးမြောက်ဘက် ပိုဇိုလန် စက်ရုံအနီးရှိ ချိုင်းကျေးရွာကို သေနတ်တွေ ပစ်ခတ်ကာ စီးနင်း ဝင်ရောက်လာပြီး သက်ကြီးရွယ်အိုတွေ အပါအဝင် ရွာခံတွေကို သေနတ်နဲ့ချိန်ရွယ်ပြီး နေအိမ်တွေကနေ ထွက်ခိုင်းခဲ့ကာ ရွာကို မီးရှို့တာလို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“သူတို့သွားသည်နဲ့ တပြိုင်ထည်း ရွာထဲမှာ မီးခိုးလုံးတွေ တက်လာတာပါ၊ ချက်ချင်း မပြန်ခိုင်းဘဲ ရွာထဲက ထွက်လာတဲ့ မီးခိုးတွေကို ရွာအပြင်မှာ ထိုင်ကြည့်ခိုင်းပြီး သူတို့ ရယ်နေကျတာပါ” လို့ ဒေသခံက ပြောပါတယ်။

စစ်အုပ်စုဟာ ချိုင်းကျေးရွာကို မီးမရှို့ခင် နေအိမ်တွေကို ဖောက်ထွင်းကာ တန်ဘိုးရှိပစ္စည်း ခိုးယူ လုယက်ပြီး ရွာအတွင်းရှိ အမျိုးသမီးနှစ်ဦးသာ နေထိုင်တဲ့ အိမ်တစ်အိမ်ကို ဝင်ရောက်ရာမှာလည်း နားကပ်နဲ့ ဖုန်းတွေကို လုယက်ကာ မပေးရင် အိမ်ကို မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ရွာထဲက ခေါ်ထုတ်လာတဲ့ လူဦးရေ ၁၀၀ ခန့်ကို စစ်အုပ်စုက ရွာအပြင်ဘက် ပိုဇိုလန်စက်ရုံ အောက်ခြေရှိ သစ်ပင်အောက် ခေါ်ဆောင်ပြီး လိုချင်တဲ့ ပစ္စည်းတွေကို လုယက်ကာ တောင်ပေါ်ရွာဘက် ဆက်လက် ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ပြန်ထွက်သွားချိန် ရွာခံတွေကို ကျေးရွာအတွင်း ချက်ချင်းပြန်ဝင်ကာ မီးငြှိမ်းခွင့်မပေးဘဲ မီးလောင်နေတာကို ထိုင်ကြည့်ခိုင်းခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ချိုင်းကျေးရွာအတွင်း စစ်အုပ်စု မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ခြောက်လုံး ပြာကျခဲ့ပါတယ်။

စစ်အုပ်စုဟာ ချိုင်းကျေးရွာသာမက ပုပ္ပါးတိုက်နယ်ရှိ ငါးရံ့ကုန်းနဲ့ တောင်ပေါ် (တောင်)ရွာတွေကိုလည်း စီးနင်း၊ ဖောက်ထွင်းကာ ဆိုင်ကယ်၊ စက်ဘီးနဲ့ တန်ဖိုးရှိ ပစ္စည်းတွေ ခိုးယူလုယက်၊ ဖျက်ဆီးတယ်လို့ လူထုသတင်းကွန်ယက် – မလှိုင်မြို့ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ငါးရံ့ကုန်းကျေးရွာမှာ နေအိမ် ၁၅ လုံးခန့် ဖောက်ထွင်းပြီး ဆိုင်ကယ်နဲ့ တန်ဖိုးရှိပစ္စည်းတွေ ခိုးယူ လုယက်တဲ့အပြင် စစ်ဘေးမရှောင်နိုင်တဲ့ ဒေသခံတွေရဲ့ နားကပ်တွေကိုပါ ချွတ်ယူသွားတယ်လို့ ဆိုပါတယ်။

တောင်ပေါ်(တောင်)ရွာမှာလည်း အလားတူ ပစ္စည်းတွေ ဖောက်ထွင်းလုယက်ပြီး ရွာထဲ ဖမ်းမိတဲ့ ရွာခံတစ်ဦးထံကနေ ရွှေ သုံးကျပ်သား၊ ငွေကျပ် ၁၁ သိန်းနဲ့ ဆိုင်ကယ်ကိုပါ စစ်အုပ်စုက လုယက်သွားတယ်လို့ လူထုသတင်းကွန်ယက် – မလှိုင်မြို့ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ဒေသခံတွေ ပုန်းရှောင်ဖွက်ထားတဲ့ ကားတွေကိုပါ တွေ့မြင်သွားပြီးနောက် အဆိုပါ ကားတွေကို ချောဆွဲကာ ဆက်လက် ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၃ရက်မှာလည်း ပုပ္ပါးတိုက်နယ်ရှိ ဆုံကုန်း၊ ဆင်ဇင်း စတဲ့ ကျေးရွာတွေကို စစ်အုပ်စုက လက်ဆက် စီးနင်းကာ ဖောက်ထွင်းလုယက် မီးရှို့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆင်ဇင်းကျေးရွာကို စက်တင်ဘာ ၄ရက် ဒီမနက်ပိုင်းအထိ စစ်အုပ်စုက စီးနင်းလုယက် မီးရှို့နေဆဲလို့ လူထုသတင်းကွန်ယက် – မလှိုင်မြို့ က ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ မိတ္ထီလာမြို့က ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စုဟာ စက်တင်ဘာ ၁ရက်က စလို့ မလှိုင်မြို့နယ် တောင်ခြမ်းရှိ ကျေးရွာတွေကို စီးနင်းကာ ဖောက်ထွင်းလုယက်၊ မီးရှို့နေသလို ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေနဲ့လည်း ဗုံးပတ်ကြဲနေလို့ ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ စက်တင်ဘာ ၂ရက်က မလှိုင်နယ်တောင်ခြမ်းရှိ၊ ဆည်ကွဲကျေးရွာပေါ်ကို ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ကိုယ့်အိမ်ထဲမှာကိုယ်နေတဲ့ ရွာခံပြည်သူ အသက် ၅၀ ဝန်းကျင် ဇနီးမောင်နှံ ထိမှန်ပြီး ခင်ပွန်းသည် သေဆုံးကာ ဇနီးသည် အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

မလှိုင်နယ်ထဲ ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စုဟာ စက်တင်ဘာ ၃ရက်မှာ မလှိုင်နဲ့ ကျောက်ပန်းတောင်း နယ်အစပ်၊ ပုပ္ပါးတောင်မကြီး အရှေ့ဘက်ရှိ ဂွေးညိုဝင်းကျေးရွာထဲ စီးနင်း ဝင်ရောက် တပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဩဂုတ်လ အတွင်းကလည်း ပုပ္ပားတောင်ခြေ အပါအဝင် ကျောက်ပန်းတောင်း၊ တောင်သာ၊ မလှိုင်နယ် တွေထဲ စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စီးနင်းကာ တန်ဖိုးရှိပစ္စည်းတွေ ဖောက်ထွင်းလုယက်ပြီးနောက် နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်အုပ်စု စီးနင်းလုယက် မီးရှို့လို့ ကျောက်ပန်းတောင်း၊ တောင်သာနဲ့ မလှိုင်နယ်ရှိ ကမ္ဘားတဲ(တောင်)၊ ကမ္ဘားတဲ(မြောက်)၊ သုံးအိမ်ကုန်း၊ သီးကုန်း၊ ဒီးဒုတ်ကုန်း၊ ကူလယ်၊ စိတ္တိန်း(တောင်ရွာနဲ့မြောက်ရွာ)၊ ကမ်းဖြူ၊ ကူတော်၊ ချောင်းကြား၊ ကန်လယ်၊ လေးပင်(တောင်၊ မြောက်)၊ ကျောက်ခွက်၊ သီးပင်၊ ဆားကျင်း၊ ဆင်ကျုံး၊ ကျောက်ပြင်ကန်၊ ဇီးစာမြင်၊ အနောက်အုံ၊ စွန်းလွန်း၊ ဖိုးကြွယ်၊ လယ်ဗျား၊ တောင်ရိုးတဲ၊ မိတ်ကုန်း၊ ကျောက်တန်း၊ ကံတွင်းနဲ့ မုံပင် စတဲ့ ကျေးရွာ ၃၀ ဝန်းကျင်က အိမ်ခြေ ရာနဲ့ချီ ပြာကျပြီး ပြည်သူပိုင် တန်ဘိုးရှိ ပစ္စည်းတွေ ဖောက်ထွင်းလုယက်၊ ဖျက်ဆီးခံခဲ့ရပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေး) ထောက်ခံတဲ့ ကျေးရွာတွေက ရွာခံတချို့ကို ပျူစောထီးအဖြစ် လက်သပ်မွေးကာ လက်နက် ထုတ်ပေးထားပါတယ်။ အဲ့ဒီ ပျူတွေကို လစာမပေးဘဲ စစ်အုပ်စုနဲ့အတူ စစ်တိုက်ခိုင်းကာ ဖောက်ထွင်းခိုးယူ လုယက်လို့ရသမျှ ခိုးရာပါပစ္စည်းတွေကို စစ်အုပ်စုနဲ့ ခွဲဝေရာယူစေတာ ဖြစ်ပါတယ်။

ချိုင်းကျေးရွာ အပါအဝင် ပုပ္ပါးတောင်ခြေ ကျေးရွာတွေကို စက်တင်ဘာ ၂ရက်မှာ စစ်အုပ်စု စီးနင်းလုယက် မီးရှို့ဖျက်ဆီးစဉ်/Photo – ဒေသခံ (လူမှုကွန်ယက်)

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #မလှိုင်ကျောက်ပန်းတောင်း #မန္တလေး #ပုပ္ပါး

Related Articles

Back to top button