မကွေးသတင်းအညာမြေ တော်လှန်ရေး

ပခုက္ကူ မြစ်ခြေမြို့ စစ်အုပ်စု အထိုင်တပ်ကို စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စု အသေအပျောက် များ၊

စစ်အုပ်စုက လေကြောင်းပစ်ကူ ဗုံးကြဲလို့ တော်လှန်ရေးရဲဘော်တွေလည်း အကျအဆုံး ရှိ၊

ပြည်သူတွေပါ ပစ်မှတ်ထား ဗုံးကြဲခံရလို့ ဒေသခံတွေ ထိခိုက်သေဆုံးမှု များပြား၊

အီသာရမ်/MFP၊စက်တင်ဘာ-၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ရှိ အာဏာသိမ်း စစ်အုပ်စုရဲ့ အထိုင်တပ်ဖြစ်တဲ့ အမှတ်(၁) တိရစ္ဆာန် မွေးမြူရေးနဲ့ လေ့ကျင့်ရေးတပ်ကို ဒီမနက်ပိုင်း တော်လှန်ရေးတပ်တွေ စီးနင်းဝင်ရောက် တိုက်ခိုက်ရာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု အသေအပျောက် များတယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

စက်တင်ဘာ ၄ ရက် ဒီနေ့ မနက် ၄နာရီကစပြီး မြစ်ခြေမြို့ရှိ စစ်အုပ်စုရဲ့ အမှတ်(၁) တိရစ္ဆာန် မွေးမြူရေးနဲ့ လေ့ကျင့်ရေးတပ် ဒေသအခေါ် BPI တပ်ကို တော်လှန်ရေးတပ်တွေက စီးနင်း တိုက်ခိုက်တာ ဖြစ်ပြီး စစ်အုပ်စု အများအပြား သုတ်သင်နိုင်ကာ စစ်အုပ်စုဘက်က လေကြောင်းဗုံးကြဲ ပစ်ကူလို့ တော်လှန်ရေး ရဲဘော်တွေလည်း အကျအဆုံး ရှိတယ်လို့ ဆိုပါတယ်။

“မနက်ကတော့ အတော်လေး (တိုက်ပွဲ) ကြမ်းတယ်။ MI-35 (ရဟတ်ယာဉ်)တွေရော Gyrocopter တွေရော၊ ရှယ် ပစ်သွားတယ်၊ ခွေး(စစ်အုပ်စု)တွေလည်း သေတာ မနည်းဘူး၊ နှစ်ဖက် အကျအဆုံးရှိတယ် ပြောရမှာပေါ့” လို့ ဒေသခံသတင်းရင်းမြစ်က MFP ကို ပြောပါတယ်။

စစ်အုပ်စု BPI တပ်နဲ့ ကင်းစခန်းတွေကို တော်လှန်ရေးတပ်တွေက လေးနာရီခန့်ကြာအောင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်အုပ်စုကလည်း စခန်းမကျရေးအတွက် ပခုက္ကူ့မြို့နဲ့ ပုဂံ -ညောင်ဦးမြို့ကနေ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ လေကြောင်း ပစ်ကူပေး ဗုံးကြဲတယ်လို့ ဆိုပါတယ်။

တိုက်ပွဲ ဖြစ်ပွားချိန် ဒေသခံပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး စစ်အုပ်စုက စစ်ရှောင်ပြည်သူတွေကိုပါ လိုက်လံ ဗုံးကြဲသတ်ဖြတ်လို့ ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်၊ ပေါက်တောကျေးရွာနဲ့ အိုင်ကြီးကျေးရွာက ပြည်သူတွေ ထိမှန်ကာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့၊ စုစုပေါင်း လေးဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဂျိုင်ရိုကော်ပတာ ကြဲတဲ့အချိန် သေတာဗျ၊ နေ့လည်ထိတော့ အလောင်း ကောက်မရသေးဘူး၊ ပေါက်တောက နှစ်ဦး အိုင်ကြီးက နှစ်ဦး” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

ပုဂံမြို့ရဲ့ ဧရာဝတီမြစ်တဖက်ကမ်း၊ ပခုက္ကူမြို့နဲ့ မိုင် ၂၀ ဝန်းကျင်အကွာရှိ မြစ်ခြေမြို့မှာ စစ်အုပ်စု အထိုင်စခန်းတွေ အဖြစ် BPI တပ်နဲ့ တိုက်နယ်ရဲစခန်းတွေ ရှိတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ကလည်း မြစ်ခြေမြို့ရှိ စစ်အုပ်စုရဲ့ BPI တပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်အုပ်စု အသေအဆုံး များသလို အရှင်ဖမ်းမိတာတွေ ရှိခဲ့ပါတယ်။

ယခု ၂၀၂၆ ဇွန်လမှာလည်း မြစ်ခြေရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းတွေက စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စု အသေအပျောက် များသလို သုံ့ပန်းတွေလည်း ဖမ်းမိပြီး ရဲစခန်းကိုလည်း သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။

လက်ရှိမှာ ရဲစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက် မီးရှို့ဖျက်ဆီးလိုက်ပြီမို့ မြစ်ခြေမြို့မှာ BPI တပ်တစ်ခုသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

မြစ်ခြေမြို့ရှိ စစ်အုပ်စုဟာ သာမန်အခြေအနေမှာ စခန်းတွေထဲ ခိုအောင်းနေလေ့ရှိပေမယ့် တခါတရံ ပခုက္ကူနဲ့ ပုဂံ-ညောင်ဦးက လာတဲ့ စစ်အုပ်စုနဲ့ ပေါင်းကာ ပြည်သူကို ရန်ပြုသတ်ဖြတ်၊ ငွေညှစ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကနေ ဇွန်လ ၂ ရက်အထိ ပခုက္ကူနဲ့ ပုဂံ-ညောင်ဦးက လာတဲ့ စစ်အုပ်စုနဲ့ မြစ်ခြေက စစ်အုပ်စုတွေ ပေါင်းကာ မြစ်ခြေမြို့ကို စီးနင်းပြီးနောက် ဒေသခံပြည်သူ ၄၀ ခန့်ကို သတ်ဖြတ်ခဲ့သလို မြစ်ခြေစျေးကြီး အပါအဝင် အိမ်ခြေ ၁၀၀၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

၂၀၂၆ ဇွန်လက မြစ်ခြေရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် သိမ်းပိုက်စဉ်/Photo – PDF

MFP ရဲ့ သတင်း၊ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#MFP #မြစ်ခြေ #အညာ #မကွေး

Related Articles

Back to top button