မုံရွာ – ယာကြီးလမ်း ကနီနယ်မှာ စစ်အုပ်စုက သုံးမိုင်တစ်ဂိတ်နှုန်း ဂိတ်ဖွင့်၊

ဂိတ်အစောင့် စစ်အုပ်စုအတွက် ငွေနဲ့ဆန် ဆက်ကြေးတောင်းပြီး မပေးရင် ရွာမီးရှို့မယ်လို့ ခြိမ်းခြောက်၊
စစ်အုပ်စု ရန်ကြောင့် ကနီနယ် ကျေးရွာ ၄၀ကျော် စစ်ဘေးရှောင်နေရတာ သုံးလကျော် ရှိလာ၊
ရွှေဥ/MFP၊ စက်တင်ဘာ – ၄
စစ်ကိုင်းတိုင်း၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းတလျှောက် စစ်ရှုံးလို့ သုံးနှစ်ကျော်ကြာ ခြေမချ နိုင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်း ကားလမ်းကို ပြန်လည် သိမ်းပိုက် ပြီးနောက် သုံးမိုင်ခန့်မှာ တစ်ဂိတ်နှုန်း ဂိတ်အသစ်တွေ တိုးချဲ့ချထားပြီး လမ်းဖွင့်ပွဲ လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးရဲ့ အရေးကြီးတဲ့ လမ်းပိုင်းဖြစ်တဲ့ မုံရွာ – ယာကြီး – ကလေးဝ လမ်းကို ၂၀၂၂ နှစ်ကုန်ပိုင်းက စတင်ကာ တော်လှန်ရေးတပ်တွေက စိုးမိုးထိန်းချုပ်ထားလို့ စစ်အုပ်စု သုံးနှစ်ကျော်ကြာ ခြေမချနိုင်ဘဲ ဖြစ်ခဲ့ပြီး ယခုနှစ် သင်္ကြန်ကာလနောက်ပိုင်း စစ်အုပ်စုက ပြန်လည် ထိုးစစ်ဆင်ကာ ဇွန်လမှာ လမ်းပိုင်းတလျှောက် ပြန်လည် ခြေချနိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အဲ့ဒီ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းကို အပြည့်အဝ စိုးမိုးထိန်းချုပ်နိုင်ရေး စစ်အုပ်စုက ဩဂုတ်လဆန်းမှာ မုံရွာကကနေ တစ်ဖွဲ့၊ ကလေးဝမြို့ကနေ တစ်ဖွဲ့၊ အင်အားထောင်ချီ သုံးကာ နှစ်ဘက်ညှပ် စစ်ကြောင်းထိုးနေပြီး မုံရွာကတဆင့် ကနီမြို့နယ်အတွင်း ရောက်လာတဲ့ စစ်အုပ်စုက ယာကြီးလမ်းဘေးတလျှောက် သုံးမိုင်ခန့်မှာ တစ်ဂိတ်နှုန်း ဂိတ်စခန်းတွေ တိုးချဲ့ တည်ဆောက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
“ငါးမိုင် (တစ်ဂိတ်နှုန်း) မဟုတ်ဘူးနော်။ သူတို့ ခုလောလောဆယ် ချထားတာက သုံးမိုင်တစ်ဂိတ်လောက် ချထားတဲ့ အနေအထား ရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မုံရွာ – ကနီ – ယာကြီး – မင်းကင်း – ကလေးဝမြို့နယ်တွေကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းကို ဩဂုတ်လအတွင်း တကျော့ပြန် နှစ်ဖက်ညှပ် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုအနက် ကလေးဝမြို့နယ်က လာတဲ့ အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းဟာ မင်းကင်းနယ် ကြာပင်နဲ့ ကျော်ရွာအနီးက လမ်းမမှာ တပ်စွဲထားပြီးတော့ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ က လာတဲ့ အင်အား ၁၀၀၀ ခန့်ပါ စစ်ကြောင်းကတော့ ကနီနဲ့ မင်းကင်းနယ်အစပ် ၃၃မိုင်ကျေးရွာနား ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီမြို့နယ်အတွင်း ရောက်ရှိနေတဲ့ စစ်အုပ်စုဟာ ဘန်ဘွေးကျေးရွာ သာမက တရော်ကျင်း၊ ချောင်းမ၊ အောင်မင်္ဂလာ၊ ၂၄မိုင်၊ ၂၈မိုင်၊ ၃၃မိုင် စတဲ့ ကျေးရွာတွေအနီး ရွာစဉ်အလိုက် သုံးမိုင်တစ်ဂိတ်နှုန်းခန့် တပ်စခန်းတွေ တိုးချဲ့တည်ဆောက်နေတာလို့ ကနီနယ်ခံတစ်ဦးက MFP ကို ပြောပါတယ်။
“ဘန်ဘွေး(ရွာ)အနောက် တရော်ကျင်း(ရွာ)၊ အရင်တုန်းက တရော်ကျင်းမှာ မဟုတ်ဘူး၊ အခုက တရော်ကျင်းဘေး ထိုင်ထားတယ်။ နောက် ချောင်မ(ရွာ)ဘေး ထိုင်ထားတယ်။ နောက်ပြီးတော့ အောင်မင်္ဂလာ(ရွာ) ဂိတ်ထိုင်ထားတယ်။ နောက် ၂၄ မိုင်(ရွာ)၊ ၂၄ မိုင် ဂိတ်ထိုင်ထားတယ်။ ၂၄ မိုင်၊ ၂၈ မိုင် ရှိတယ်။ နောက် မိုင် ၃၀(ရာ)၊ ၃၃ မိုင်၊ ၃၃ မိုင် ရှိတယ်”
ကနီနယ်၊ ယာကြီးလမ်းပေါ်မှာ ယခင်က ဘန်ဘွေးရွာအနီးမှာသာ စစ်အုပ်စု ဂိတ်ရှိခဲ့ရာက လက်ရှိမှာ ဂိတ်စခန်း ခြောက်ခုထက်မနည်း တိုးချဲတည်ဆောက်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုးချဲ့တည်ဆောက်နေတဲ့ ဂိတ်တွေမှာ စစ်ကိုင်းမြို့ တပ်မ ၃၃ ခေါ် စစ်အုပ်စုရဲ့ အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်ကနေ မုံရွာမြို့ နမခကို ပို့ထားတဲ့ ပေါ်တာဆွဲ စစ်သားသစ်တွေ အပါအဝင် ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင် စတဲ့ နယ်တွေက ရောက်လာတဲ့ စစ်အုပ်စုက ဂိတ်စောင့်မယ်လို့လည်း သတင်းကြားရကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ဂိတ်စခန်း တိုးချဲ့တည်ဆောက်နေတဲ့ စစ်အုပ်စုက အနီးဝန်းကျင် ငါးမိုင်ပတ်လည်ကို စစ်ကြောင်းထိုးတာ၊ ဒရုန်းနဲ့ လုံခြုံရေး ထောက်လှမ်းတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကားလမ်းဘေးဝဲယာမှာ ရှိတဲ့ ဒေသခံတွေကိုလည်း နေရပ်ပြန်လည်နေထိုင်ဖို့ စစ်အုပ်စုက ခြိမ်းခြောက်ဟောပြော စည်းရုံးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက ဒေသခံတွေကို ကိုယ့်အိမ်ကိုယ်ယာ ပြန်နေကြဖို့ ခြိမ်းခြောက်၊ ချော့မော့ စည်းရုံးနေပြီး သူတို့ စစ်အုပ်စုကို မတော်လှန်ဖို့နဲ့ PDFကို မထောက်ပံ့ဖို့ ပြောဆိုကာ ကျွဲစာ၊နွားစာတွေကိုလည်း သယ်ယူခွင့်ပြုမှာ ဖြစ်ကြောင်း ပြောဆိုတယ်လို့ ဆိုပါတယ်။

မုံရွာ – ယာကြီး – ကလေးဝ ကားလမ်း ပြန်ရရေးအတွက် ပေါ်တာဆွဲ စစ်သားသစ်တွေကို အသုံးချကာ စစ်အုပ်စုက သင်္ကြန်ကာလအပြီး မေလကတည်းက စစ်ကြောင်းထိုးလို့ ကနီမြို့နယ်အတွင်းရှိ တရော်ကျင်း၊ ချောင်းမ၊ ဇီးပင်တွင်း၊ အောင်မင်္ဂလာ၊ သင်းဝံ၊ တွင်းမ၊ သမင်ခြံ၊ မုဒ်ထော၊ အင်းမှော်၊ ၂၄ မိုင်ရွာ၊ ၂၈ မိုင်ရွာ၊ ကသတ်၊ လာပို့၊ အင်ကြင်းပင်၊ ထန်းတပင်၊ ဆယ်ရွာချောင် စတဲ့ ကားလမ်းဘေးတလျှောက် ကျေးရွာ ၄၀ ကျော်က သောင်းချီတဲ့ ဒေသခံ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာ ဖြစ်ပြီး သုံးလကျော်အကြာ ဒီနေ့တိုင် နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မေလက စတင်ကာ ကနီနယ်ထဲ စစ်အုပ်စု စစ်ကြောင်းထိုးတဲ့ ကာလအတွင်း ကနီနယ် ကျေးရွာ ၃၅ ရွာကို စီးနင်းလုယက်ကာ အိမ်ခြေ ၈၀ ကျော် မီးရှို့ဖျက်ဆီးခဲ့သလို အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၁၂ ဦးကိုလည်း သတ်ဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။
စစ်အုပ်စုက ဒေသခံတွေကို ကိုယ့်အိမ်ကိုယ့်ယာ ပြန်နေကြဖို့ ဟောပြောစည်းရုံးနေပေမယ့် ကားလမ်း ဂိတ်အစောင့် စစ်အုပ်စုအတွက် ဆန်နဲ့ငွေကြေး ဆက်ကြေးကောက်တာ၊ ကျေးရွာတွေကို စီးနင်းပြီး ရိက္ခာနဲ့ ပြည်သူပိုင်ပစ္စည်း ဖောက်ထွင်းခိုးယူ တာတွေကတော့ ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပြီး စက်တင်ဘာ ၄ရက် ဒီကနေ့မှာပဲ ယင်းမာမြို့နယ်၊ အရှေ့တောင်ခြမ်းရှိ ကျေးရွာတွေကို စစ်အုပ်စု စီးနင်းကာ မင်းစုကျေးရွာက ပြည်သူပိုင် ပစ္စည်းတွေကို ကားလေးစီးနဲ့ ခိုးယူသယ်ထုတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့လည်း ယင်းမာပင်မှာ ရောက်နေတဲ့ စစ်ကြောင်းက ယင်းမာပင်ရဲ့ အရှေ့တောင်ဘက် သက္ကပု၊ မြို့သစ်၊ သက္ကပု – မင်းစု အဲ့ဒီဘက်ကို ကားလေးစီးနဲ့ ထွက်တယ်။ ပြီးတော့ ရွာထဲက ပစ္စည်းတွေ ဒီ ရုတ်တရက် ဝင်လာတာဆိုတော့ကျတော့ ဟို ရွာဗျ ဟို ပုံမှန်အနေအထားအရဆိုတော့ တောသွား တောသူတောင်သားဆိုတော့ တောသွားဘာညာနဲ့ဆိုတော့ အလစ်အငိုက် မိသွားတယ်။ အဲ့တော့ သူတို့က ဒီ ကျေးရွာမှာ အိမ်မှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေ သယ်ကြတယ်။ ကားလေးစီးနဲ့ သယ်တယ်။ လူဖမ်းတာကတော့ လူကတော့ လာတယ်ဆိုတော့ ပြေးကြတာပေါ့။ ပစ္စည်းတွေတော့ ယူတယ်။ လူဖမ်း တာကတော့ အသေးစိတ်တော့ ကျွန်တော်တို့ မသိရသေးဘူးဗျ။ ဒီ အကောင်တွေ စောစောလေးကမှ ပြန်ဝင်သွားတာ” လို့ ကနီနယ်ခံတစ်ဦးက ပြောပါတယ်။
တချိန်တည်းမှာပဲ မင်းကင်းနယ်မှာတော့ ကားလမ်းဂိတ်စောင့်ရတဲ့ စစ်အုပ်စု ထမင်းစားဖို့အတွက် ဒေသခံ ပြည်သူတွေက တစ်အိမ်ကို ငွေကျပ် ၅၀၀၀ နဲ့ ဆန်တစ်ပြည်နှုန်း ပေးဆောင်ကြဖို့ စစ်အုပ်စုက ဆက်ကြေး ကောက်နေတယ်လို့ ဆိုပါတယ်။
မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းကို မင်းကင်းနယ်မှာ လမ်းဖွင့်ပွဲ လုပ်မှာ ဖြစ်ပြီး ဒေသခံ ပြည်သူတွေ အနေနဲ့ လမ်းဖွင့်ပွဲကို မဖြစ်မနေ တက်ရောက်ကြဖို့၊ ဂိတ်အစောင့် စစ်အုပ်စုအတွက် ဆန်နဲ့ရိက္ခာ ထောက်ပံကြဖို့နဲ့ PDF မထောက်ပံ့ဖို့ လိုက်လံပြောဆိုနေပြီး သူတို့ပြောတာ မလိုက်နာရင် လူတွေကို ဖမ်းဆီးပြီး ရွာတွေ မီးရှို့ပြာချမယ်လို့ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကင်းနယ် ကြာပင်ကျေးရွာရဲစခန်းထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုက ကြာပင်၊ ရေဦး၊ ရွာသာ၊ မန်ကြီးကန်၊ တောင်စာရေး၊ ယင်းမာ၊ ကျောက်တန်း စတဲ့ ကျေးရွာခြောက်ရွာမှာ တစ်အိမ်ကို ငွေကျပ် ၅၀၀၀ နဲ့ ဆန်တစ်ပြည်နှုန်း လိုက်လံ ကောက်ခံနေပြီး မပေးရင် ဖမ်းဆီးမယ်ဆိုလို့ ပြည်သူတချို့ ကြောက်ရွံ့ပေးဆောင်နေကြရတယ်လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။
“တစ်အိမ်ကို ၅၀၀၀ တောင်းတယ်၊ ဆန်တစ်ပြည် တောင်းတယ်။ ရွာထဲလည်း ကင်းလှည့်တယ်။ ကားလမ်း ဖွင့်ပွဲ လုပ်မှာလို့လည်း ပြောတယ်။ ဘယ်နေရာမှာ လုပ်မှာတော့ မသိရဘူး၊ ကျော်ရွာဘက်က တိုက်ပွဲ ဖြစ်နေတာဆိုတော့ ရဲစခန်းရှိတဲ့ ကြာပင်မှာ လုပ်လောက်တယ်။ ရွာထဲကတော့ လူငယ်တွေက မနေရဲကြဘူး ၊ပေါ်တာဆွဲမှာ ကြောက်လို့ ရှောင်နေကြတယ်”
မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းဟာ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းပိုင်း ဖြစ်ပြီး စစ်အုပ်စု အနေနဲ့ အဲ့ဒီ ကားလမ်းကို မထိန်းချုပ်နိုင်လို့ အာဏာသိမ်းပြီး ငါးနှစ်ကြာချိန်အထိ အိန္ဒိယနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်မစနိုင်သေးဘဲ ဖြစ်နေပါတယ်။

ဇွန်လအတွင်းက မင်းကင်းနယ်၊ ကျော်ရွာအနီး၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းပေါ် ပြန်လည် ခြေချနိုင်ပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စုနဲ့ ကနီနယ်က စစ်ဘေးရှောင်ပြည်သူတွေ/Photo – စစ်အုပ်စု၊ ဒေသခံ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#စစ်ကိုင်း #အညာ #မင်းကင်း #မုံရွာယာကြီးကလေးဝလမ်း



