သတင်း

ကလေးမှာ ကမ်းပါးပြိုပြီး အမျိုးသမီးကြီးတစ်ဦး ရေထဲမျောပါသေဆုံး

ရွှေဥ/MFP၊ စက်တင်ဘာ-၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ပင်လုံရပ်ကွက်မှာ စက်တင်ဘာ (၂) ရက်နေ့က မိုးကြီးပြီး ရေကြီးမြေပြိုတာတွေ ဖြစ်ပွားခဲ့ကာ အမျိုးသမီးကြီးတစ်ဦး ရေထဲမျောပါသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကျော်အတွင်း မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ကလေးမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ ကွဲချောင်း (ဒေသခံအခေါ် ကျောက်တလုံးချောင်း)၊ နတ်တံခါးချောင်း၊ ဇီးချောင်း၊ ဥပုသ်ချောင်း၊ ဖောင်ကူးချောင်းနဲ့ မြစ်သာမြစ်ရေတွေ မြင့်တက်လာခဲ့ပြီး မြို့ပေါ်ရပ်ကွက် ငါးခုနဲ့ ကျေးရွာခြောက်ရွာမှာ ရေကြီးမြေပြိုတာတွေ ဖြစ်ပွားနေခဲ့တာပါ။

ဒီလိုရေကြီးမြေပြိုမှုတွေအတွင်း ပင်လုံရပ်ကွက်၊ ဥပုသ်ချောင်းအနီး နေထိုင်သူ အသက် (၅၅) နှစ်ဝန်းကျင် ဒေါ်စန်းစန်းဝင်း ရေထဲမျောပါသေဆုံးခဲ့ပြီး အလောင်းကို ရှာဖွေနေရဆဲဖြစ်တယ်လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

“ဥပုသ်ချောင်းဘေး ရေကြည့်ရင်း ကမ်းပါးပြိုပြီး ရေထဲမျောသွားတာ။ အဲ့ဒီနားမှာက တံတားတစ်ခုရှိတယ်။ တံတားမှာရပ်နေရင်း ကမ်းပါးပြိုပြီး ရေထဲမျောသွားတာ၊ ရေစီးက သန်တော့ အောက်ဘက် မျောသွားတော့တာ။”လို့ သူကဆိုပါတယ်။

ကလေးမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မင်္ဂလာဥယျာဉ်၊ ညောင်ပင်သာ (ဒေသခံအခေါ် အင်းယားကုန်း)၊ အောင်မင်္ဂလာ (ဒေသအခေါ် ဘဲအင်း)၊ အောင်မေတ္တာ (ဒေသအခေါ် ပြင်သာ) နဲ့ လှိုင်သာယာရပ်ကွက်တွေအပြင် ပတ်ဝန်းကျင်ကျေးရွာတွေဖြစ်တဲ့ ညောင်ကုန်း၊ နန်းစောင်းပု (ရွာဟောင်း)၊ ပျဉ်းတောဦး၊ ဖောင်ကူး၊ ထိုမာနဲ့ ဇင်ကလင်းကျေးရွာတို့ ရေနစ်မြုပ်နေခဲ့ပြီးတော့ လူဦးရေသောင်းချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကွဲချောင်း (ဒေသခံအခေါ် ကျောက်တလုံးချောင်း)၊ နတ်တံခါးချောင်း၊ ဇီးချောင်း၊ ဥပုသ်ချောင်း၊ ဖောင်ကူးချောင်းနဲ့မြစ်သာမြစ်အနီး နေထိုင်သူတွေရဲ့ နေအိမ် အလုံး ၁၀၀ ကျော်လည်း ကမ်းပါးပြိုတာကြောင့် ရွှေ့ပြောင်းခဲ့ကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တစ်ပတ်ကျော်မိုးကြီးခဲ့တာကြောင့် ကလေးမြို့နယ်အပြင် တမူးမြို့ပေါ်ရပ်ကွက်နှစ်ခု၊ ခမ်းပါတ်မြို့က ရပ်ကွက်တစ်ခုနဲ့ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တို့မှာလည်း ရေကြီးမြေပြိုတာတွေ ဖြစ်ပွားခဲ့တာပါ။ ခိုင်ကမ်းမြို့က ဘုရားကျောင်းတစ်ကျောင်း၊ နေအိမ်နှစ်လုံး၊ နတ်တံခါးချောင်းဘေးက စစ်ရှောင်တဲ ခြောက်လုံးနဲ့ မြစ်သာဘေး တစ်လျှောက်က စစ်ရှောင်တဲ (၃၀) ကျော်လည်း ရေထဲမျောပါသွားခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။

“ရေတွေက ပြန်တော့ကျသွားပြီ။ ခိုင်ကမ်းဘက်နဲ့ ဥပုသ်ချောင်းဘေး နေတဲ့သူတွေက ကမ်းပါးတွေပြိုလို့ နေလို့မရသေးဘူး။ အမှိုက်တွေ ဒိုက်တွေက ပိတ်နေသေးတော့ ရှင်းလင်းရေးလုပ်နေကြရတုန်း။”

ဒီလိုရေကြီးမြေပြိုတာတွေကြောင့် စိုက်ပျိုးထားပြီးဖြစ်တဲ့ လယ်ဧကထောင်ချီ ရေကြီးနစ်မြုပ်ခဲ့သလို၊ တံတားပေါင်း (၁၀) ခုထက်မနည်းလည်း ရေစီးထဲမျောပါကာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ရေဘေးသင့်ပြည်သူသောင်းချီဟာ ဘေးလွတ်ရာ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ နေထိုင်နေရဆဲဖြစ်ပြီး စားသောက်ရေးအတွက် အလှူရှင်တွေကိုပဲ အားထားနေရတယ်လို့ ရေဘေးသင့်ပြည်သူတစ်ဦးက ပြောပါတယ်။

“ရေတွေကစိုတော့ ထမင်းက ချက်လို့မရသေးဘူး။ ထမင်းထုပ်လာဝေကြတယ်။ အဲ့ဒါစားနေရတယ်။”

စစ်ကိုင်းတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ သြဂုတ်ပထမပတ်အတွင်းက မိုးဆက်တိုက်ရွာသွန်းတာနဲ့ စစ်အုပ်စုက သဖန်းဆိပ်ဆည် ဖောက်ချခဲ့တာကြောင့် ဝက်လက်၊ ဒီပဲယင်း၊ ရွှေဘို၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်းမြို့နယ်အပါအဝင် မြို့နယ်ပေါင်း (၁၄) မြို့နယ် ရေကြီးနစ်မြုပ်ခဲ့ပြီး ဒေသခံအယောက် (၃၀) ကျော် သေဆုံးခဲ့ကာ၊ ပြည်သူနှစ်သိန်းခြောက်သောင်းကျော် ရေဘေးကြုံတွေ့ခဲ့ရပါသေးတယ်။

ကလေးမြို့နယ်အတွင်း တစ်ပတ်ကျော် မိုးဆက်တိုက်ရွာသွန်းလို့ ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်နေစဉ်/ဓာတ်ပုံ-ဒေသခံ

Related Articles

Back to top button