
နိုင်ငံတကာ ထောက်ပံ့ထားတဲ့ ကယ်ဆယ်ရေးလှေတွေကို ဆေးသုတ်၊ ပုံပြောင်းကာ စစ်ရေးမှာ အသုံးချ၊
ရွှေဥ/MFP၊ စက်တင်ဘာ – ၅
အာဏာသိမ်း စစ်အုပ်စုဟာ ပြည်သူပိုင် စက်လှေနဲ့ မော်တော်တွေကို လက်နက်ပြ ချောဆွဲပြီးနောက် မန္တလေးမြို့တဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည် ဗန်းမော်မြို့ဘက် ရေယာဉ် အစီး ၃၀ ကျော် စစ်ကူ ထပ်ပို့နေတယ်လို့ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စက်တင်ဘာ ၅ရက် ဒီမနက်ပိုင်း မန္တလေးမြို့တဆင့် စစ်အုပ်စုရဲ့ ရေယာဉ် ၃၁ စီး ဧရာဝတီမြစ်ကြောင်း အတိုင်း ဆန်တက်လာပြီး ရှေ့ပြေးသင်္ဘော လေးစီးဟာ စဥ့်ကူးမြို့နယ် အနောက်တောင်ခြမ်း၊ ရွာသာအနောက်ဘက် ရောက်ရှိပြီး ကျန်သင်္ဘောတွေဟာ မတ္တရာမြို့နယ်၊ ဘိုးကြီးကျွန်းရွာအနီး ရောက်ရှိကာ ဆက်လက် ဆန်တက်နေတယ်လို့ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က အသိပေး ထုတ်ပြန်ထားပါတယ်။
“ခွေးသင်္ဘောများ ဆန်တက်လာချိန် အထက်ပိုင်းရှိ မြစ်ကမ်းဘေးနေ ပြည်သူများနှင့် ကျွန်းပေါ် နေပြည်သူများ လေကြောင်း၊လက်နက်ကြီး အန္တရာယ် သတိရှိကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်” လို့ ဝက်လက် ပကဖ က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်သင်္ဘောတွေ အပါအဝင် စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ် စုစုပေါင်း ၁၅ စီး မန္တလေးကတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဘက် စစ်ကူပို့ရာ ကချင်လွတ်မြောက်ရေး တပ်မတော် – KIA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက တိုက်ခိုက်လို့ ရေယာဉ် ရှစ်စီး ထိခိုက်နစ်မြုပ်ခဲ့ပါတယ်။
ဗန်းမော်ကို ရေယာဉ် ခုနှစ်စီးသာ ရောက်ရှိပြီး ကျန်တဲ့ ရေယာဉ်တွေ တိုက်ခိုက်နစ်မြုပ်ခံရကာ စစ်အုပ်စု ၂၀၀ နီးပါး ဖမ်းဆီးခံရပြီးနောက် အခုလို မန္တလေးကတဆင့် နောက်တကျော့ စစ်ကူထပ်ပို့တာ ဖြစ်ပါတယ်။
လက်ရှိ မန္တလေးကနေ ဆန်တက်နေတဲ့ ရေယာဉ် အစီး ၃၀ ကျော်အနက် အများစုဟာ ပြည်သူပိုင် ရေယာဉ်တွေကို ချောဆွဲထားတာ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မန္တလေးမြို့ ပေပင်နဲ့ ဂေါဝိန် မြစ်ဆိပ် အပါအဝင် ဆိပ်ကမ်းတလျှောက် ကမ်းကပ်ထားတဲ့ ပြည်သူပိုင် ရေယာဉ်တွေကို ချောဆွဲပြီးနောက် လူနဲ့ လက်နက်တင်ဆောင်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတာ ဖြစ်ပြီး စုစုပေါင်း ရေယာဉ် ၃၁ စီးကို အုပ်စုခွဲကာ ဆန်တက်နေတာမို့ စစ်သင်္ဘောနဲ့ ချောဆွဲခံရတဲ့ ရေယာဉ်အရေအတွက် အတိအကျတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။
ဒါ့အပြင် UNICEF (ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့) အပါအဝင် နိုင်ငံတကာ ကူညီ ထောက်ပံ့ထားတဲ့ ကယ်ဆယ်ရေးလှေတွေကို ဆေးသုတ်၊ ပုံပြောင်းကာ စစ်ရေယာဉ်အဖြစ် အသုံးပြုနေပြီး ဒီမနက်ပိုင်း ဗန်းမော်ကို စစ်ကူပို့မယ့် ရေယာဉ် အစီး ၃၀ ကျော် မန္တလေးကနေ စတင်ထွက်ခွာနေချိန် အထက်ပါ ပုံပြောင်းထားတဲ့ ကယ်ဆယ်ရေး လှေတွေက မြစ်ရိုးတလျှောက် လုံခြုံရေးယူ ကင်းထောက်ပေးနေတာ တွေ့ရတယ်လို့ မြစ်ကမ်းတလျှောက် လှုပ်ရှားနေတဲ့ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
“အခုတက်တဲ့ အသုတ်က လက်နက်ကြီးပစ်တာတော့ မရှိဘူး။ ဒရုန်း ကင်းထောက်တာတွေတော့ ပါတယ်” လို့ ဝက်လက်နယ် မြစ်ကမ်းအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ ရေယာသ်တွေဟာ မန္တလေးကတဆင့် စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်း၊ ကသာ၊ ထီးချိုင့်၊ ရွှေကူမြို့တွေကို ဖြတ်သန်းမှာ ဖြစ်ပြီး လာမယ့် ရက်သတ္တတစ်ပတ်ကနေ ၁၀ရက်အတွင်း ဗန်းမော်နယ်ထဲ ရောက်ရှိနိုင်ပါတယ်။
စစ်အုပ်စုဟာ ဧရာဝတီမြစ်ရေ မြင့်တက်ချိန်တိုင်း ရေယာဉ်တွေ အသုံးပြုကာ မြစ်အထက်ပိုင်း ရှိ စစ်စခန်းတွေ အတွက် လက်နက်ခဲယမ်းနဲ့ စစ်ကူအင်အား ပို့လွှတ်လေ့ရှိပြီး အပြန်ခရီးအတွက် တစ်နှစ်ပတ်လုံး ဖောက်ထွင်းခိုးယူထားတဲ့ ပြည်သူပိုင် ပစ္စည်းတွေကို သယ်ယူလာလေ့ရှိပါတယ်။
စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေ ဆန်ချိန်၊ စုန်ချိန်တိုင်း မြစ်ရိုးတလျှောက် မြို့ရွာတွေကို လေကြောင်းကနေ ဗုံးပတ်ကြဲ သတ်ဖြတ်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ကျူးလွန်လေ့ရှိလို့ မြစ်ကမ်းဘေး ဝဲယာနေ ပြည်သူတွေ အနေနဲ့ စစ်အုပ်စုရဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်ကို သတိပြုကြဖို့ ဒေသခံအချင်းချင်း သတိပေးထားပါတယ်။

မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေ/Photo – ဝက်လက်မြို့နယ် ပကဖ
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#မန္တလေးဗန်းမော် #အညာ #ဧရာဝတီမြစ်ကြောင်း #စစ်သင်္ဘောရေယာဉ်



