
Phoenix/MFP၊ စက်တင်ဘာ – ၅
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မုတ္တောကြီးကျေးရွာကို ဒီမနက်ပိုင်း အာဏာသိမ်း စစ်အုပ်စုက စီးနင်းလုယက်ပြီးနောက် အသက် ၂၀ အရွယ် မသန်စွမ်း အမျိုးသမီးတစ်ဦးနဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးတို့ကို ပစ်သတ်ခဲ့သလို ၁၅နှစ်နဲ့ အသက် ၂၀အရွယ် လူငယ်နှစ်ဦးကိုလည်း ဖမ်းခေါ်သွားတယ်လို့ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
စက်တင်ဘာ ၅ ရက် ဒီကနေ့ မနက် ၅ နာရီကျော်အချိန် မင်းဘူးမြို့နယ်၊ မုတ္တောကြီးကျေးရွာကို စစ်အုပ်စုက စီးနင်းလုယက်ပြီးနောက် ရွာထဲကနေ ထွက်ပြေးတဲ့ ပြည်သူတွေကို လိုက်လံဖမ်းဆီးကာ အထက်ပါအတိုင်း အသန်စွမ်း မိန်းကလေးနဲ့ ကလေးတစ်ဦးတို့ကို ပစ်သတ်ခဲ့သလို နောက်ထပ် ကလေးတစ်ဦးလည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
“နွားရှစ်ကောင်၊ လှည်းလေးစီး၊ တခြားပစ္စည်းတွေပါ ယူသွားတယ်။ ရိက္ခာ ဝင်ယူပြီး ထွက်ပြေးသူတွေကို ပစ်တာ” လို့ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
မုတ္ထောကြီးကျေးရွာကို စီးနင်းကာ ပြည်သူကို ရန်ပြုသတ်ဖြတ်၊ ခိုးယူတဲ့ စစ်အုပ်စုဟာ ခြေလျင်တပ်ရင်း (ခလရ) ၈၈ က ဖြစ်ပြီး အင်အား ၈၀ လောက်နဲ့ ရွာကို စီးနင်းတာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF၊ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
စစ်အုပ်စု လက်ချက်နဲ့ အသက် ၂၀ အရွယ် မသန်စွမ်းအမျိုးသမီးဟာ ဝမ်းဗိုက်မှာ ကျည် နှစ်ချက်နဲ့ ရင်အုံမှာ တစ်ချက် ထိမှန်ကာ သေဆုံးတာ ဖြစ်ပြီး အသက် ၁၃ နှစ်အရွယ် ကလေးဟာလည်း လည်ပင်းမှာ ကျည် နှစ်ချက်နဲ့ ခြေထောက်မှာ နှစ်ချက် ထိမှန်ကာ သေဆုံးတာလို့ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
ဒဏ်ရာရတဲ့ ကလေးငယ်ဟာ အသက် ခုနှစ်နှစ်အရွယ်သာ ရှိသေးပြီး ဒဏ်ရာပြင်းထန်ကာ အသက် အန္တရာယ် စိုးရိမ်ရတာကြောင့် ဆေးကုသနိုင်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက ဖမ်းခေါ်သွားသူ နှစ်ဦးဟာ ရွာခံပြည်သူ အသက် ၁၅ နှစ်အရွယ် ကလေးငယ်နဲ့ အသက် ၂၀ အရွယ် လူငယ်တစ်ဦးတို့ ဖြစ်ပြီး နေ့ခင်းပိုင်းအထိ ပြန်မလွတ်လာသေးဘူးလို့ ဆိုပါတယ်။
မုတ္တောကြီးကျေးရွာကို စီးနင်းကာ လူသတ်၊ လုယက်တဲ့ စစ်အုပ်စုဟာ ပေါင်းရွာဘက်ကို ထွက်သွားပြီ ဖြစ်ပေမယ့် ရွာခံတချို့ ကြောက်ရွံ့ကာ စစ်ဘေးရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းဘူးမြို့နယ် ခလရ ၈၈ ထဲနေ စစ်အုပ်စုဟာ ဒေသတွင်း မကြာခဏ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ ဖောက်ထွင်းခိုးယူနေတာလို့ မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။
အဲ့ဒီ ခလ၇ ၈၈ ထဲနေ စစ်အုပ်စုဟာ ဇွန်လ ၁၅ ရက်ကလည်း မင်းဘူး(စကု)မြို့နယ် မန်းချောင်းတလျှောက်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ ဖောက်ထွင်းခိုးယူတာတွေ လုပ်ခဲ့သလို ဒေသခံ ၃၀ ကျော်ကို ဖမ်းဆီးကာ ငွေနဲ့ ပြန်ရွေးထုတ်ခိုင်းခဲ့ပြီး မဲချောင်းနဲ့ ပေါင်ရွာက ဒေသခံပြည်သူ သုံးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။



