စစ်ကိုင်းသတင်း

ကလေးမြို့ ရေဘေးကြောင့် သေဆုံးသူ လေးဦးအထိ ရှိလာ၊

မိုးများပြီး ရေကြီးမြေပြိုတာကြောင့် ကလေး၊ တမူးနဲ့ တီးတိန်နယ်မှာ လမ်းတံတား၊ ဘုရားကျောင်း၊ နေအိမ်နဲ့ စစ်ရှောင်တဲတွေ ရေမျောပါပြီး လူဦးရေ သောင်းချီ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရ၊

ရွှေဥ/MFP၊ စက်တင်ဘာ-၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မိုးသည်းထန် ရွာသွန်းကာ ရေကြီး၊ မြေပြိုတာတွေ ဖြစ်ပွားနေတာ ရက်သတ္တ တစ်ပတ်ကျော်ကြာ ရှိလာပြီး သေဆုံးသူ လေးဦးအထိ ရှိလာသလို သောင်းချီတဲ့ ပြည်သူတွေ ရေဘေးဒုက္ခ ကြုံနေကြရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကျော်အတွင်း မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် မြစ်သာမြစ် အပါအဝင် ကလေးဒေသရှိ မြစ်ချောင်းတွေ ရေမြင့်တက်ကာ ကလေးမြို့ အပါအဝင် ကလေးဒေသထဲ ရေကြီး မြေပြိုတာတွေ ဖြစ်ပွားနေတာပါ။

စက်တင်ဘာ ၆ရက် မနက်ပိုင်း ကလေးမြို့နယ် မြောက်ပိုင်းမှာ ချောင်းရေနဲ့ မျောပါလို့ ရေခဲချောင်း ရောင်းတဲ့ အသက် ၁၅နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသလို ချမ်းသာကျေးရွာ အနီးမှာ အမည် မသိရသေးတဲ့ ပိုင်ရှင်မဲ့ အလောင်းတစ်လောင်း တွေ့ရပြီး စက်တင်ဘာ ၄ရက်ကလည်း ကလေးနယ် မြောက်ပိုင်းမှာ နွားကျောင်းနေတဲ့ အသက် ၂၈နှစ် အရွယ် အမျိုးသားတစ်ဦး မတော်တဆ ချော်လဲပြီး ချောင်းရေအတွင်း မျောပါသေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရေကြီးပြီးတော့ အလောင်းက သုံးလောင်း ထပ်တွေ့ရတယ်။ အားလုံးက ကလေးမြောက်ပိုင်းက လူတွေပဲ” လို့ ကလေးမြို့နယ်မြောက်ပိုင်း ပျဉ်းတောဦးရွာခံ တစ်ဦးက MFP ကို ပြောပါတယ်။

စက်တင်ဘာ ၂ရက်ကလည်း ကလေးမြို့ ပင်လုံရပ်ကွက် ဥပုသ်ချောင်းအနီး နေထိုင်သူ အသက် ၅၀ ကျော် အရွယ် အမျိုးသမီးကြီးတစ်ဦး ကမ်းပါးပြိုကျတာကြောင့် ရေစီးအတွင်း မျောပါသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ကလေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် ငါးခုဖြစ်တဲ့ မင်္ဂလာဥယျာဉ်၊ ညောင်ပင်သာ (ဒေသခံအခေါ် အင်းယားကုန်း)၊ အောင်မင်္ဂလာ (ဒေသအခေါ် ဘဲအင်း)၊ အောင်မေတ္တာ (ဒေသအခေါ် ပြင်သာ) နဲ့ လှိုင်သာယာရပ်ကွက်တွေ ရေမြုပ်နေသလို ညောင်ကုန်း၊ နန်းစောင်းပု (ရွာဟောင်း)၊ ပျဉ်းတောဦး၊ ဖောင်ကူး၊ ထိုမာနဲ့ ဇင်ကလင်း စတဲ့ ကျေးရွာ ခြောက်ရွာလည်း ရေကြီးနစ်မြုပ်၊ မြေပြိုတာတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ကလေးမြို့နယ်အပြင် တမူးမြို့ပေါ်ရပ်ကွက်နှစ်ခု၊ ခမ်းပါတ်မြို့က ရပ်ကွက်တစ်ခုနဲ့ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တို့မှာလည်း ရေကြီးမြေပြိုတာတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေကြီးနစ်မြုပ်တာနဲ့ မြေပြိုကမ်းပြိုတာကြောင့် ကလေးနယ် ချောင်းမြောင်းတွေနဲ့ မြစ်သာမြစ်ဘေးရှိ နေအိမ် အလုံး ၁၀၀ ကျော် ရွှေ့ပြောင်းထားရသလို မြစ်သာဘေး တလျှောက်ရှိ စစ်ရှောင်တဲ ၃၀ ကျော်လည်း ရေမျောပါသွားတယ်လို့ ဆိုပါတယ်။

ရေဘေးကြောင့် ကလေး၊ တမူးနဲ့ တီးတိန်မြို့နယ်တွေရှိ တံတား ၁၀ ခု ထက်မနည်းလည်း ရေမျောပါကာ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ခိုင်ကမ်းမြို့က ဘုရားကျောင်း တစ်ကျောင်း၊ နေအိမ်နှစ်လုံး၊ နတ်တံခါးချောင်းဘေးက စစ်ရှောင်တဲ ခြောက်လုံးတို့လည်း ရေမျောပါ ပျက်စီးတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ပြောပါတယ်။

“ရေတွေက ပြန်တော့ ကျသွားပြီ။ ခိုင်ကမ်းဘက်နဲ့ ဥပုသ်ချောင်းဘေး နေတဲ့သူတွေက ကမ်းပါးတွေ ပြိုလို့ နေလို့ မရသေးဘူး။ အမှိုက်တွေ ဒိုက်တွေက ပိတ်နေသေးတော့ ရှင်းလင်းရေး လုပ်နေကြရတုန်း”

ရေဘေးကြောင့် ကလေး၊ တမူးနဲ့ တီးတိန်နယ်က လူဦးရေ သောင်းနဲ့ချီ နေရာရွှေ့ပြောင်းထားရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

ရေဘေးသင့်သူတွေဟာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ နေထိုင်နေရပြီး စားသောက်ရေး အတွက် အလှူရှင်တွေကိုပဲ အားထားနေရတယ်လို့ ရေဘေးသင့်သူ တစ်ဦးက ပြောပါတယ်။

“ရေတွေကစိုတော့ ထမင်းက ချက်လို့မရသေးဘူး။ ထမင်းထုပ်လာဝေကြတယ်။ အဲ့ဒါစားနေရတယ်။”

ရေဘေးကြောင့် ကလေး၊ တမူးနဲ့ တီးတိန်နယ် လယ်ဧကထောင်ချီ ရေနစ်မြုပ်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်ပထမပတ်အတွင်းကလည်း မိုးရွာသွန်းတာနဲ့ စစ်အုပ်စုက သဖန်းဆိပ်ဆည် ဖောက်ချခဲ့တာကြောင့် ဝက်လက်၊ ဒီပဲယင်း၊ ရွှေဘို၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း အပါအဝင် စစ်ကိုင်းတိုင်း မြို့နယ် ၁၄ ခုက လူဦးရေ သိန်းနဲ့ချီ ရေဘေးသင့်ခဲ့ပြီး ဒေသခံ အယောက် ၃၀ ကျော် သေဆုံးခဲ့ပါတယ်။

ကလေးမြို့နယ်အတွင်း မိုးဆက်တိုက်ရွာသွန်းလို့ ရေကြီးမြေပြိုမှုတွေ ဖြစ်ပေါ်နေစဉ်/ဓာတ်ပုံ-ဒေသခံ 

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#စစ်ကိုင်း #ကလေး #ရေကြီးမြေပြို

Related Articles

Back to top button