
Phoenix/MFP၊ စက်တင်ဘာ – ၇
အာဏာသိမ်း စစ်အုပ်စု ကြီးစိုးရာ နေပြည်တော်နဲ့ မိတ္ထီလာမြို့အကြား၊ ရန်ကုန် – မန္တလေး အမြန်လမ်းမှာ ကား အငှားယာဉ်မောင်း အသက် ၃၀ ကျော်အရွယ် အမျိုးသားကို သတ်ဖြတ်ပြီး ကားလုယက်မှု စက်တင်ဘာ ၆ရက်က ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
စက်တင်ဘာ ၆ ရက် ညနေပိုင်းက မိတ္ထီလာမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်း၊ မိုင်တိုင် ၂၇၉/၁ အနီးမှာ အမျိုးသား တစ်ဦးရဲ့ အလောင်းကို တွေ့ရှိလို့ စစ်အုပ်စုက စစ်ဆေးရာ လူသတ်၊ ကားလုယက်မှု ဖြစ်ကြောင်း သိရတာလို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။
အမြန်လမ်းဘေး သေဆုံးသူဟာ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာမှာ နေထိုင်တဲ့ အသက် ၃၄နှစ်အရွယ် ကိုဝင်းကို ဖြစ်ပြီး ကားအငှားဝန်ဆောင်မှု လုပ်ကိုင်သူ ဖြစ်ကာ ဦးခေါင်း ဒဏ်ရာတွေနဲ့ သေဆုံးပြီး သူမောင်းနှင်လာတဲ့ Hyundai Accent အမျိုးအစား အဖြူရောင် ကားလည်း ပျောက်ဆုံးနေတာကြောင့် စစ်အုပ်စုက စုံစမ်းခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၆ရက် ညနေ ၄နာရီကျော်အချိန် ကိုဝင်းကိုရဲ့ မိဘတွေက သားဖြစ်သူထံ ဖုန်းဆက်သွယ်ရာ ကိုဝင်းကို မဟုတ်ဘဲ အမျိုးသားတစ်ဦးက ဖုန်းကိုင်ပြီး မိတ္ထီလာကို ရောက်နေကြောင်းနဲ့ ကားဆရာ အပြင်ခဏ သွားတယ်လို့ ပြောပြီး နောက်တစ်ကြိမ် ဖုန်းဆက်ရာမှာ စက်ပိတ်ထားတယ်လို့ ဆိုပါတယ်။
မိသားစုက စိုးရိမ်ပြီး မိတ္ထီလာမြို့နယ် စစ်အုပ်စု ရဲထံ ဆက်သွယ်ရာက အထက်ပါ အလောင်းတွေ့ချိန် လူသတ်၊ လုယက်မှုဖြစ်ကြောင်း သိရကာ အမှုဖွင့်ထားတယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကိုဝင်းကိုရဲ့ အလောင်းကို မိတ္ထီလာမြို့ ဆေးရုံကြီး ပို့ဆောင်ထားကာ ပျောက်ဆုံးနေတဲ့ Hyundai Accent အမျိုးအစား အဖြူရောင်ကားနဲ့ ကျူးလွန်သူတွေကို ဖမ်းမိရေး စစ်အုပ်စုက ကြိုးစားနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို နေပြည်တော်မှာ ဖမ်းမိထားပြီလို့ စစ်လော်ဘီတွေက သတင်းဖြန့်ပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#မန္တလေး #အညာ #နေပြည်တော်အမြန်လမ်း #မိတ္ထီလာအမြန်လမ်း



