စစ်ကိုင်းသတင်း

ရေဘေးကြုံရပြီးနောက် စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေ‌ စားဝတ်နေရေး အခက်ကြုံနေရ၊မျိုးစပါးအပါအဝင် သွင်းအားစုစရိတ်တွေ နှစ်ဆနီးပါးဖြစ်ကာ တောင်သူတွေ ပြန်လည်စိုက်ပျိုးဖို့ ခက်ခဲနေ

MN/MFP ၊ စက်တင်ဘာ – ၁၀

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ကြုံတွေ့ခဲ့တဲ့ ဆိုးရွားလှတဲ့ ရေဘေးကြောင့် လယ်ဧက သောင်းချီရေနစ်မြုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ မိုးစပါးပြန်လည်စိုက်ပျိုးနိုင်တဲ့ တောင်သူအနည်းငယ်သာရှိပြီး စားဝတ်နေရေး ခက်ခဲနေတယ်လို့ ဒေသခံတွေက MFPကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကနေ သြဂုတ်လ ၅ရက်နေ့မှာ ရေလွှတ်ချခဲ့တာကြောင့် မူးမြစ်ရိုးတလျှောက် ကျေးရွာတွေမှာ ကျေးရွာပေါင်း ၂၂၀ ကျော်က ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ လယ်နဲ့ယာသီးနှံ စုစုပေါင်းဧကတစ်သိန်းကျော် ထိခိုက်ပျက်စီးခဲ့တာပါ။

အဲဒီ​ဒေသမှာ ရေဘေးဒဏ်ကိုနှစ်ပတ်နီးပါး ခံစားရပြီးနောက် စပါးစိုက်ဧက သောင်းနဲ့ချီ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ ရေကြီးပြီးနောက်ပိုင်း တချို့ကတောင်သူတွေက အထွက်နှုန်း ဘယ်လောက်ပဲရရလို့ဆိုကာ ပြန်လည်စိုက်ပျိုးနေကြပေမယ့် အများစုကတော့ ရေဘေးနောက်ပိုင်း မျိုးစပါးအပါအဝင် သွင်းအားစုစရိတ်တွေ နှစ်ဆနီးပါး ဖြစ်သွားတာကြောင့် ပြန်လည်စိုက်ပျိုးနိုင်တာမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“ မျိုးစပါးဈေးတွေက အရင်က ငါးသောင်းကနေ အခု တစ်သိန်းကျော်သွားပြီ။ ဓာတ်မြေဩစာတွေ မြေဆီဈေးတွေကလည်း တက်နေတယ်။ နောက်ပြီးတော့ မျိုးစေ့နဲ့ ပျိုးပင်ကလည်း အဓိက လိုအပ်တယ်။ ငွေကြေးမတတ်နိုင်သူ အတော်များများကတော့ ပြန်စိုက်ဖို့မလွယ်တော့ဘူး။ တောင်သူတွေ ဆုံးရှုံးမှုကများလွန်းပါတယ်။ နောက်ထပ်ကို စရိတ်ထုတ်စရာမရှိတဲ့ အခြေအနေဖြစ်သွားတယ်။ တချို့ မတတ်နိုင်ကြသူတွေဆိုရင် ရူးမတတ်ဖြစ်သွားကြတာ။ ဒီဘက်နယ်မှာ တောင်သူတွေရဲ့ မိုးစပါးက စုစုပေါင်း (ဧက)တဝက်ကျော်လောက် ပျက်စီးဆုံးရှုံးသွားကြတယ်”လို့ မိုးစပါး ၁၀ ဧကကျော် ရေနစ်မြုပ်ပျက်စီးသွားခဲ့တဲ့ ဒီပဲယင်းဒေသက တောင်သူတစ်ဦးက MFP ကို ပြောပါတယ်။

ရေဘေးသင့်အညာဒေသမှာ ရေကြီးပြီးနောက်ပိုင်း မျိုးစေ့နဲ့ ဓာတ်မြေသြဇာစျေးနှုန်းတွေအပါအဝင် ၊ စက်သုံးဆီ၊ ကောက်စိုက်စရိတ်၊ ထွန်ယက်ခ စတဲ့ သွင်းအားစုနဲ့ စိုက်ပျိုးစရိတ်တွေကပါ မြင့်တက်နေတာကြောင့် ရေဘေးသင့်တောင်သူများအစုကတော့ ပြန်လည်စိုက်ပျိုးနိုင်တာ မရှိတော့ပါဘူး။ ဝက်လက်မြို့နယ်က တောင်သူတစ်ဦးကတော့ ပြန်လည်စိုက်ပျိုးဖို့ အဆင်မပြေတော့တဲ့အကြောင်း အခုလို ပြောပြလာပါတယ်။

“မျိုးစပါးတွေက ရေကြီးတဲ့အချိန်မှာ အကုန်စိုက်ထားချိန်ဆိုတော့ အကုန်ပါသွားတာ။ အဲဒီတော့ မျိုးစပါးတွေပြန်မဝယ်နိုင်ကြတော့ဘူး။ တချို့ကျတော့လည်း တခြားဒေသကနေ ပြန်ဝယ်ပြီးတော့ စိုက်ကြတာတွေရှိတယ်။ လူစာအတွက် မရတောင်မှ နွားစာအတွက်ရအောင်ဆိုပြီး ပြန်စိုက်ပျိုးကြတာတွေ ရှိတယ်။ ကျွန်တော်တို့ကတော့ ပြန်မစိုက်တော့ဘူး။ ပြန်စိုက်ဖို့ကလည်း အဆင်မပြေဘူး။ မျိုးစပါးတွေကလည်း (ရေနစ်မြုပ်)အကုန်ဆုံးသွားပြီ”လို့ သူကဆိုပါတယ်။

ရွှေဘိုနယ်ထဲက တောင်သူတစ်ဦးကတော့ စျေးနှုန်းအမြင့်နဲ့ပဲ မျိုးစပါးထပ်မံ ဝယ်ယူပြီး ပြန်လည်စိုက်ပျိုးထားပေမယ့် ‌နောက်ထပ်တဖန် ရေကြီးလာမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“လယ်တွေက စိုက်ပြီးသားတွေရော စိုက်ဖို့ပြင်ထားတဲ့ ပျိုးပင်တွေပါ ရေထဲမျောပြီးပျက်စီးသွားတာ။ နောက်ထပ် ပျိုးတွေဝယ်ပြီးတော့ စိုက်ထားပြီးသားတွေလည်း နောက်ထပ်ရေထပ်ကြီးလာဦးမှာလားဆိုပြီး ရင်တမမနဲ့ စားဝတ်နေရေးအတွက် စိုက်ထားရတာပေါ့။ အခုစိုက်ထားတာကတော့ နောက်ဆုံးပဲ၊ နောက်ထပ်ရေပြန်တက်လာခဲ့ရင်တော့ လက်မြှောက်နေတော့ရုံပဲလေ။ အရင်းနှီးကလည်း မရှိတော့ဘူး။ အရင်းနှီးရှိလို့ ဝယ်ရင်တောင်မှ စိုက်လို့ပျိုးလို့ အချိန်မရတော့ဘူး”လို့ သူကပြောပါတယ်။

လက်ရှိ ရေကြီးနစ်မြုပ်မှုတွေကြုံတွေ့ခဲ့ရတဲ့ အညာဒေသဟာ ရွှေဘိုခရိုင်ထဲက မြို့နယ်တွေအများဆုံး ပါဝင်ပြီး ရွှေဘိုခရိုင်မှာ နှစ်စဉ် မိုးစပါးစိုက်ဧက သုံးသိန်းခွဲကျော် စိုက်ပျိုးတာဖြစ်တာကြောင့် မူးမြစ်ဘေးက ရေနစ်မြုပ်ခဲ့တဲ့ မိုးစပါးဧကဟာ သိန်းဂဏန်းအထက်ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ စိုက်ဧကဆုံးရှုံးမှုနဲ့ အသေးစိတ်နဲ့ ပတ်သက်ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရရဲ့ တာဝန်ရှိသူတွေထံကို MFP က ချိတ်ဆက်မေးမြန်းထားပေမယ့် အကြောင်းပြန်ကြားသေးတာ မရှိသေးပါဘူး။

အညာဒေသမှာ ရေကြီးနစ်မြုပ်မှုတွေကြောင့် စပါးအပြင် ယာသီးနှံတွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ ပြောင်း၊ ငှက်ပျော၊ သရက်၊ ကွမ်း စတဲ့ သီးနှံစိုက်ခင်းတွေပါ ရေနစ်မြုပ်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ ဒါ့ကြောင့် လယ်ယာမဲ့ လက်လုပ်လက်စား ဒေသခံတွေကလည်း စားဝတ်နေရေးအတော်လေး ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

“တောင်သူတွေက မြေပဲလည်းမလုပ်ရ၊ လယ်တွေလည်း မစိုက်မပျိုးရနဲ့ဆိုတော့ လုပ်ငန်းက ရှားတာလေ။ရေတက်လိုက်တော့ လုပ်ငန်းလုပ်ရမယ့်ဟာတွေက မလုပ်ရတော့ ငွေတိုးယူစားနေရတယ်။ အတော်လေးခက်ခဲပါတယ်။”လို့ ဝက်လက်နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ဘေးဒဏ်ခံနေရတဲ့ အညာဒေသ စစ်ကိုင်း‌တိုင်းမှာ ရေဘေးဒဏ်ပါကြုံတွေ့ ခံစားရပြီးနောက် စပါးစိုက်ဧကတွေ ကျဆင်းသွားတာကြောင့် လာမယ့်နှစ်မှာ စပါးစျေး၊ဆန်စျေးတွေ တက်လာနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားပါတယ်။

သြဂုတ်လ ပထမပတ်အတွင်း သဖန်းဆိပ်ဆည် ရေလွှတ်ချခဲ့တာကြောင့် ကျွန်းလှ၊ ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်၊ အရာတော်၊ မြင်းမူ၊ စစ်ကိုင်း စတဲ့ မူးမြစ်ရိုးတလျှောက်မြို့နယ်တွေထဲက ကျေးရွာပေါင်း ၂၂၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး ရေဘေးကြောင့် ဒေသခံ ၂၅ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိအချိန်မှာ အညာရေဘေးသင့်ဒေသတွေမှာ ရေဘေးနောက်ပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်သေးဘဲ အကူညီတွေ ဆက်လက် လိုအပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ဆိုထားပါတယ်။

သြဂုတ်လရေဘေးကြောင့် ရွှေဘိုခရိုင်အတွင်း ရေကြီးနစ်မြုပ်သွားတဲ့ စပါးခင်းတွေ/ ဓာတ်ပုံ-ဒေသခံ

Related Articles

Back to top button