
ရွှေဥ/MFP၊စက်တင်ဘာ-၁၈
စစ်ကိုင်းတိုင်း ၊ဖောင်းပြင်မြို့နယ်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားတစ်ဦး လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက စက်တင်ဘာ(၁၇)ရက် မနေ့က ထုတ်ပြန်ပါတယ်။
အလင်းဝင်ရောက်လာသူဟာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်မဟာ (၇၅၃)မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားကိုဝေလျံဇော်ဖြစ်ပြီး ချောင်းရေကြီးချိန်ကို အခွင့်ကောင်းယူကာ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီလို အလင်းဝင်လာပြီးနောက်မှာတော့ စစ်အုပ်စုတပ်တွေက ဖောင်းပြင်မြို့နယ် ၊ပိုးဇာကုန်းရပ်ကွက်က သူ့ရဲ့နေအိမ်ကို ချိတ်ပိတ်အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
“ဖောင်းပြင်မြို့နယ်တွင် အခြေစိုက်ထားသော SNAတပ် တပ်မဟာ (၇၅၃)မှ တပ်သားဝေလျံဇော်သည် လက်နက်ငယ် တစ်လက်ယူဆောင်လာပြီး အလင်းဝင်ပူးပေါင်းလာခဲ့ပါသည်။၎င်းရဲဘော် အလင်းဝင်လာသည်နှင့် တပြိုင်နက် ဖောင်းပြင်မြို့နယ် ပိုးစာကုန်းရွာရှိသူ၏ နေအိမ်အား စကစမှ ချိတ်ပိတ်သိမ်းဆည်းသည်အား အတည်ပြုပြီးဖြစ်သည်”မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ပါတယ်။
အဆိုပါ SNAတပ်သားကို ဆုကြေးငွေကျပ်သိန်း(၅၀) ပေးအပ်ကာ မိသားစုထံ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်းမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကနေ ၂၀၂၆ ခုနှစ်၊ သြဂုတ်လအထိ (၂) နှစ်ကျော်အတွင်း မိမိအစီအစဥ်နဲ့ စစ်တပ်ကိုစွန့်ခွာ ထွက်ပြေးလာသူ(တပ်ပြေး) (၂၀,၀၀၀)ဦး၊ပြည်သူ့ရင်ခွင်ခိုလှုံသူ (၃,၈၇၄) ဦး၊ သေဆုံး (၂၀,၃၈၃) ဦးနဲ့ ထိခိုက်ဒဏ်ရာရ (၉,၇၉၂) ဦးရှိတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က စက်တင်ဘာ (၁၈)ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်း ၊ဖောင်းပြင်မြို့နယ်မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားတစ်ဦး လက်နက်နဲ့အတူ အလင်းဝင်ရောက်လာစဉ်/ဓာတ်ပုံ- မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်း



