
ခါးခါး/MFP၊စက်တင်ဘာ-၂၄
စစ်ကိုင်း-ကချင်အစပ် စစ်ကိုင်းတိုင်း ၊ကသာနဲ့အင်အားတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာ ရှိတဲ့ ကျေးရွာတွေကို စစ်အုပ်စုက လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သီလရှင်တစ်ပါး အပါအဝင် လေးဦးသေဆုံးခဲ့ပြီး အရပ်သား ဒါဇင်ချီလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။
စစ်အုပ်စုက စက်တင်ဘာ(၂၃)နေ့ မနက်၁၁နာရီကျော်မှာ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းမှာတည်ရှိတဲ့ အင်းတော်မြို့နယ် နောင်မိုးနဲ့ စက်တောကုန်းကျေးရွာအနီးကို ဗုံး၁၈လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သလို ညပိုင်းမှာလည်း ကသာမြို့နယ် ညောင်ခြေထောက်ကျေးရွာနဲ့ နောင်ပိန်းကျေးရွာတို့ကို Y-12 ၊ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။



အဲဒီဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စက်တောကုန်းကျေးရွာက ကားသမားတစ်ဦးနဲ့ ယာဉ်နောက်လိုက်တစ်ဦးသေဆုံးခဲ့သလို ၊ ညောင်ခြေထောက်ကျေးရွာက သီလရှင်တစ်ပါး ၊နောင်ပိန်းကျေးရွာက အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အရပ်သားဒါဇင်ချီ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“နေ့ခင်းအင်းတော်ကြဲတာကတော့ ကားဆရာနဲ့ စပယ်ယာသေတယ်။ အင်းတော်နောင်ပိန်းရွာ ကြဲတာကတော့ အမျိုးသမီးတစ်ဦးသေတယ်။ ညောင်ခြေထောက်က ဘုန်းကြီးကျောင်းကြဲတာကတော့ မယ်သီလတစ်ဦးသေတယ်”
ဒီလိုဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူဒါဇင်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရသူ ငါးဦးထက်မနည်း ပါဝင်သလို ဆီဘောက်ဆာကားတချို့လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ စစ်အုပ်စုတပ်တွေက ကသာမြို့ပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေသလို ထီးချိုင့်မြို့ပေါ်ကစစ်အုပ်စုကလည်း စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပြီးတော့ ဘယ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးမယ်ဆိုတာ မသိရသေးဘူးလို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ကသာကနေ အင်းတော်လမ်းဘက်တွေကို လက်နက်ကြီးနဲ့ ထုနေတယ်။ထီးချိုင့်က စစ်ကြောင်းကလည်း စစ်ကြောင်းထိုးဖို့ ပြင်နေတယ်။ဘယ်ဘက်လဲဆိုတာကတော့ မသိရသေးဘူး”
အဆိုပါဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်အုပ်စုအကြား တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ အကြောင်းမဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာလည်း လေယာဉ်တွေ အဆက်မပြတ် ပျံဝဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ နိုင်ငံတဝန်း အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ် ကျူးလွန်နေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖေါ်ဝါရီကနေ ၂၀၂၆ ဩဂုတ်လအထိ ငါးနှစ်ကျော်အတွင်း စစ်အုပ်စုက အရပ်သားပြည်သူကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲမှု အကြိမ် ၁၀,၅၀၀ ကျော် ကျူးလွန်ခဲ့ပြီး အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် အရပ်သားပြည်သူ ၆၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။



