မန္တလေးသတင်း

မန္တလေးမှာ မဲနှိုက်ခိုင်းပြီး တစ်မြို့နယ် ၄၅ ယောက်နှုန်း စစ်သားသစ် စုနေတဲ့အပြင် နေ့စဉ် ပေါ်တာဆွဲနေ၊

မာကျူရီ/MFP၊ စက်တင်ဘာ – ၂၅

မန္တလေးမြို့မှာ တစ်မြို့နယ်ကို လစဉ် လူ ၄၅ ယောက်နှုန်း စစ်သားသစ် စုဆောင်းဖို့ ရပ်ကွက်ထဲ မဲနှိုက်ခိုင်းကာ နံပတ်စဉ် သတ်မှတ်ထားပြီးတဲ့အပြင် မင်းအောင်လှိုင် သစ္စာခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး (အုပ်ကြီး) နဲ့ ပျူစောထီးတွေ (ပျူ)က နေ့ရောညပါ ပေါ်တာပတ်ဆွဲလို့ လူထုကြား စိုးရိမ်မှု မြင့်တက်နေတယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

ကျောင်းသားနဲ့ ဆက်ကြေး ပေးထားသူတွေ အပါအဝင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးမြို့အနှံ့ စစ်အုပ်စုက ဒုတိယအကြိမ် စစ်မှုထမ်းမဲနှိုက်ခိုင်းကာ တစ်ရပ်ကွက်ကို တစ်ယောက်ကနေ အများဆုံး ငါးယောက်နှုန်းအထိ၊ တစ်မြို့နယ်ကို လူ ၄၅ ယောက်နှုန်း စစ်သားသစ် စုဆောင်းဖို့ နံပတ်စဉ် သတ်မှတ် ထားပြီး ဖြစ်ပေမယ့် အုပ်ကြီးနဲ့ ပျူတွေက မြို့အနှံ့ပေါ်တာဆွဲတာတွေလည်း ဆက်လက် ကျူးလွန်နေတာလို့ ဆိုပါတယ်။

“စစ်မှုထမ်းမဲက အုပ်ကြီးတွေ အလှည့်ကျ ပိုက်ဆံရှာဖို့၊ ပါဝါပြဖို့ မဲနှိုက်ထားတာပဲ ရှိသေးတာ၊ ဘယ်လို လာဦးမလဲတော့ မသိဘူး၊ ပိုဆိုးဖို့ပဲ ရှိတယ်၊ အခုတိုင်းဆို မဲစာရင်း အလှည့်ကျရော၊ ပေါ်တာဆွဲတာရော ရတဲ့လူ ခေါ်မဲ့ အနေအထားမှာပါပဲ၊ သတိထား သွားလာကြစေချင်တယ်၊ လူအစားထိုးဖို့အတွက် ပေါ်တာ အရောင်းအဝယ်ဈေးကွက်က ဆက်ရှိနေဦးမှာပဲ” လို့ စစ်အုပ်စု သစ္စာခံ အုပ်ကြီးတွေ၊ ပျူတွေနဲ့ နီးစပ်တဲ့ မန္တလေးမြို့ခံ တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ စက်တင်ဘာ ၂၂ရက်ကနေ ၂၄ရက်အထိ သုံးရက်တာအတွင်း မန္တလေးမြို့ပေါ် ရပ်ကွက် နှစ်ခုက လူငယ်ခြောက်ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး လကုန်ပိုင်းကာလ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ တကျော့ပြန် ပိုမိုဆိုးရွား သောင်းကျန်းလာတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၄ ရက် မနေ့က မနက်ပိုင်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မော်အရှေ့ ရပ်ကွက်က လူငယ် သုံးဦးနဲ့ လူလတ်ပိုင်း နှစ်ဦး၊ စုစုပေါင်း ငါးဦးကို စစ်အုပ်စု အုပ်ကြီးနဲ့ပျူတွေက ပေါ်တာဆွဲ ဖမ်းခေါ်သွားသလို စက်တင်ဘာလ ၂၂ ရက် ညပိုင်းကလည်း အောင်မြေသာစံမြို့နယ်၊ ဉယျာဉ်ကုန်းရပ်ကွက်ထဲ စစ်အုပ်စုက ဧည့်စာရင်း အကြောင်းပြကာ စစ်ဆေးငွေညှစ်ရင်း အသက် ၃၀ ဝန်းကျင် လူလတ်ပိုင်းတစ်ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ မန္တလေးမြို့ခံ မြေပြင်ကင်းထောက် အဖွဲ့ တစ်ခုဖြစ်တဲ့ Voice Of Mandalay (Vomdy) က ဖော်ပြပါတယ်။

မန္တလေးမြို့ပေါ်မှာ ဇူလိုင်လအတွင်း ပေါ်တာဆွဲဖမ်းဆီးခံရသူ ၁၁ ဦး ရှိခဲ့ပြီး ဩဂုတ်လမှာတော့ ၅၅ ဦးအထိ ရှိခဲ့ပါတယ်။ အဲ့ဒီ စာရင်းဟာ မန္တလေးမြို့ခံ မြေပြင်ကင်းထောက် အဖွဲ့ တစ်ခုဖြစ်တဲ့ Voice Of Mandalay (Vomdy) ရဲ့ ဖော်ပြချက်နဲ့ MFP က ရရှိထားတဲ့ အချက်အလက်တွေကို စာရင်းပြုစာ တွက်ချက်ထားတာ ဖြစ်ပြီး လက်တွေ့မြေပြင်မှာ ပေါ်တာဆွဲခံရသူ အရေအတွက် ပိုမို များပြားနိုင်ပါတယ်။

စစ်အုပ်စုက လူငယ်လူရွယ်တွေကို ပေါ်တာစဆွဲတဲ့ ၂၀၂၄ မတ်လနောက်ပိုင်း မန္တလေးမှာ ရပ်ကွက်တိုင်း စစ်မှုထမ်း မဲနှိုက်ခဲ့ရပြီးဖြစ်ပေမယ့် ပြီးခဲ့တဲ့ မေလနဲ့ဇွန်လအတွင်း မင်းအောင်လှိုင်က အသစ်ခန့်လိုက်တဲ့ အုပ်ကြီးတွေ အာဏာပြကာ ယခု စက်တင်ဘာလအတွင်း မန္တလေးမြို့အနှံ့ ဒုတိယအကြိမ် စစ်မှုထမ်း မဲနှိုက်ခိုင်းတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုက မန္တလေးမြို့အနှံ့ လူငယ်လူရွယ်မရှိတဲ့ အိမ်တိုင်းကို စစ်မှုထမ်းကြေး လိုက်လံ ကောက်ခံနေသလို ငွေကြေးတတ်နိုင်တဲ့ မိသားစုတွေကိုလည်း ဆက်ကြေးငွေတောင်းပြီး စစ်မှုထမ်း လူစားထိုးထည့်ပေးတာတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မန္တလေးမြို့မှာ ပေါ်တာဆွဲခံရလို့ ပြန်လည် ရွေးထုတ်ချင်ရင်ဖြစ်စေ၊ စစ်မှုထမ်း မဲပေါက် လို့ လူစားထိုးချင်ရင်ဖြစ်စေ အနည်းဆုံး ကျပ်သိန်း ၁၀၀ လောက်က စတင်ကာ စျေးညှိနှိုင်းကြရပြီး စစ်အုပ်စု တောင်းတဲ့စျေး ပေးကြရတာလို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ၂၀၂၄ မတ်လက စလို့ လစဉ် လူ ၅၀၀၀ နှုန်း စစ်သားသစ် စုဆောင်းတာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ရပ်ကွက်ထဲ မဲနှိုက်ခိုင်း၊ ပေါ်တာဆွဲကာ စုဆောင်း ရရှိလာသူတွေကို တိုက်ပွဲဖြစ်တဲ့ နေရာတွေဆီ ပို့လွှတ်ကာ အသေခံ စစ်သားသစ်အဖြစ် အသုံးချနိုင်ရေး ရက်တိုစစ်သင်တန်း ပို့ချနေပြီး လက်ရှိမှာ စစ်မှုထမ်းအမှတ်စဉ် ၂၈ အထိ သင်တန်းဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။

နိုင်ငံတဝန်း စစ်ပွဲတွေမှာ ရှုံးနိမ့်နေတဲ့ စစ်အုပ်စုဟာ အသေခံ စစ်သားသစ်တွေ ပိုမို လိုအပ်လာတာကြောင့် ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ ပိုမို လုပ်ဆောင်လာသလို အဲ့ဒီ ပေါ်တာဆွဲလာသူတွေကို သင်တန်းပေးတဲ့ နေရာတွေလည်း ပိုမို တိုးချဲ့ ဖွင့်လှစ်လာတယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။

နိုင်ငံတဝန်း ၂၅ နေရာမှာ သင်တန်းပေးနေရာကာ ယခုလပိုင်းအတွင်း မန္တလေးတိုင်း သပိတ်ကျင်းနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့တွေမှာ ပေါ်တာဆွဲ စစ်သားသစ်တွေကို လေ့ကျင့်ပေးတဲ့ သင်တန်းကျောင်းတွေ တိုးချဲ့ဖွင့်လှစ်ခဲ့တာကြောင့် နိုင်ငံတဝန်း သင်တန်းကျောင်း ၂၇ ကျောင်းအထိ ရှိလာတယ်လို့ စစ်မှုထမ်း အပါအဝင် စစ်ဘက်ဆိုင်ရာ ကိစ္စတွေ လေ့လာစောင့်ကြည့်နေတဲ့ အရပ်ဘက် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Myanmar Defense and Security Institute-MDSI က ထုတ်ပြန် ထားပါတယ်။

ပေါ်တာဆွဲ စုဆောင်းခံရပြီးနောက် ထွက်ပြေးဖို့ ကြိုးပမ်းသူတွေကို စစ်အုပ်စုက မရအရ ပြန်လည် ဖမ်းဆီးပြီး တချို့ကို ပစ်သတ်တာ၊ ပြန်လည် ဖမ်းမိတဲ့သူတွေကို အပြင်းအထန် နှိပ်စက် ရိုက်နှက် တာတွေကြောင့် သေဆုံးသူနဲ့ ကိုယ်လက်အင်္ဂါ ထိခိုက်သူတွေ ရှိသလို ထွက်ပြေးဖူးသူတွေကို စစ်အုပ်စုက လစာငွေဖြတ်တောက် ခေါင်းပုံဖြတ်တာပါ ကျူးလွန်နေတယ်လို့ MDSI က ဆိုပါတယ်။

မန္တလေးမှာ စစ်မှုထမ်း မဲနှိုက်ဖို့ ရပ်ကွက်ထဲ မိုက်နဲ့လိုက်အော်နေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။

Related Articles

Back to top button