သတင်း

အမရပူရမှာ မိုးကြီးပြီး ကမ်းပါးပြိုလို့ နေအိမ်ငါးလုံးပျက်စီးပြီး ၂၁ လုံး အန္တရာယ်ရှိနေ

Phoenix/MFP၊ အောက်တိုဘာ ၁

မန္တလေးတိုင်း၊ အမရပူရမြို့နယ် ဥယျာဉ်တော်ကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းပြီး ဒုဋ္ဌဝတီမြစ်ကမ်းပါး ပြိုကျတာကြောင့် နေအိမ်ငါးလုံး ထိခိုက်ပျက်စီးသွားပြီး နောက်ထပ် ၂၁ လုံးလည်း အန္တရာယ်ရှိတဲ့ အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးလုပ်ဆောင်နေသူတွေက MFPကိုပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဝင်ရောက်ခဲ့တဲ့ ကုန်းတွင်းမုန်တိုင်းငယ်‌အရှိန်ကြောင့် မန္တလေးတိုင်းအတွင်း အချို့နေရာတွေမှာ မိုးကြီးခဲ့ပြီး စက်တင်ဘာလ ၃၀ရက်နေ့ နေ့လည်ပိုင်းမှာ အမရပူရမြို့နယ်၊ ဥယျာဉ်တော်ကျေးရွာ ဒုဋ္ဌဝတီမြစ်ကမ်းပါးက နေအိမ်တွေ ပြိုကျပျက်စီးခဲ့တာပါ။

“လက်ရှိကတော့ ငါးအိမ်ပါသွားတယ်။ ကျန်တဲ့အိမ်တွေထဲက စိုးရိမ်ရတဲ့ဟာက ကျနော်တို့ မျဉ်းတားထားတဲ့အထဲမှာ ၂၁ လုံးရှိသေးတယ်။ ဒါတွေကတော့ မပြိုသေးဘူးပေါ့။ အန္တရာယ်ရှိ အဆောက်အအုံဆိုပြီး တားထားတာ။ လောလောဆယ်တော့ သူတို့ကို ကူညီထောက်ပံ့ထားတဲ့ ငွေကြေးနဲ့ ပြန်စုဆောင်းပြီးမှ ပြန်ဝယ်နိုင်ကြတော့မှာ။ ဒီနေရာက ပြောရရင် သူတို့က အိမ်ဆုံးရှုံး၊ မြေဆုံးရှုံးဖြစ်သွားတဲ့ ဘဝတွေဖြစ်သွားတာ” လို့ ဒေသခံလူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက MFP ကို ပြောပါတယ်။

ကမ်းပါးပြိုကျမှုကြောင့် ဒေသခံခုနှစ်ဦး ထိခိုက်ခဲ့ပေမယ့် စိုးရိမ်ရတဲ့လူနာ မရှိသေးဘူးလို့ ဆိုပါတယ်။ ဆက်လက်ပြီး အန္တရာယ်ရှိနေအိမ် ၂၁ လုံးက ပြည်သူတွေကိုလည်း ဘုန်းကြီးကျောင်းကို အရေးပေါ် ရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။

ကမ်းပါးပြိုကျချိန်မှာ ကလေးတွေက ကျောင်းသွားနေချိန်ဖြစ်သလို လူကြီးတွေကလည်း အလုပ်သွားနေကြတာကြောင့် ထိခိုက်မှုနည်းခဲ့တာဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးက ပြောပါတယ်။

“မီးသတ်တွေတော့ အထိုင်ချထားတာရှိတယ်။ ကယ်ဆယ်ရေးတဲတွေ ဘာတွေဆောက်ပေးထားတာရှိတယ်။ တစ်လုံးက အလုံးလိုက်ပါသွားတာ၊ ကျန်တဲ့အလုံးတွေက အနောက်ခြမ်းတွေကနေ ပါသွားတာ။ ကလေးတွေ ကျောင်းသွားနေတဲ့အချိန်၊ လူကြီးတွေ အလုပ်သွားနေတဲ့အချိန်မို့ သိပ်မထိခိုက်ဘူး။ ယာယီတဲလေးတွေနဲ့တော့ ဘုန်းကြီးကျောင်းမှာ ထားပေးထားတယ်” လို့ အဆိုပါဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျိုက်ထိုမြို့အနီးက ဖြတ်ကျော်လာတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ စက်တင်ဘာလ ၂၉ ရက်မှာ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အားလျော့ကာ ပဲခူးတိုင်း၊နေပြည်တော်၊မန္တလေးတိုင်း၊မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်ခဲ့ပြီးနောက် ဒီရက်ပိုင်းအတွင်း အဲဒီဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးခဲ့ပါတယ်။

စက်တင်ဘာ၃၀ရက် နေ့လည်ပိုင်းက မန္တလေးတိုင်း၊ အမရပူရမြို့နယ် ဥယျာဉ်တော်ကျေးရွာမှာ မိုးကြီးပြီး ကမ်းပါးပြိုကျလို့ ပျက်စီးသွားခဲ့ရတဲ့ နေအိမ်တွေ/ ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေး

Related Articles

Back to top button