ထီးချိုင့်ကနေ ကသာကို စစ်ကူလာတဲ့စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်အုပ်စုဝင် အများအပြား သေဆုံးကာ တော်လှန်ရေးရဲဘော်နှစ်ဦးကျဆုံး

ခါးခါး /MFP၊အောက်တိုဘာ-၁
ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအစပ် စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့ကနေ အင်းအားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်အုပ်စုစစ်ကြောင်းတွေကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဝင် အများအပြားသေဆုံးပြီး တော်လှန်ရေးရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက MFPကို ပြောပါတယ်။
စက်တင်ဘာ (၂၇)ရက်နေ့ကစတင်ကာ အင်အား ၁၀၀ ကျော်နဲ့ ထီးချိုင့်မြို့ကနေ ကသာမြို့ကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ကသာမြို့၊သံပုရာကျေးရွာအနီးက တောလမ်းမှာ သုံးရက်ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။



ဒီလိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုဝင် အနည်းဆုံး(၁၀)ဦးကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်တယ်။ထိခိုက်သေဆုံးတာက များတယ်။တိုက်ပွဲပြင်းထန်နေဆဲမို့ သေဆုံး ၊ဒဏ်ရာရ အရေတွက်ကတော့ ဆက်အတည်ပြုနေတယ်။” လို့ဆိုပါတယ်။
အဲဒီနောက် တိုက်ပွဲဖြစ်ပွားရာ အနီးတဝိုက်ကို စစ်အုပ်စုက လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ကူကာ သေဆုံးသူစစ်အုပ်စုဝင်တွေရဲ့ ရုပ်အလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို ကသာမြို့ကိုခေါ် သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ထီးချိုင့်-ကသာတောလမ်းတွေမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စုဘက်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းကို စိုးမိုးထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
စစ်အုပ်စုတပ်တွေက ပြီးခဲ့တဲ့ စက်တင်ဘာ(၂၁)ရက်နေ့ကနေ စက်တင်ဘာ (၃၀)ရက်နေ့အထိ စစ်ကိုင်းနဲ့ ကချင်အစပ် ရွှေဘို-မြစ်ကြီးနားကားလမ်းတလျှောက်မှာရှိတဲ့ ကသာ၊အင်းတော်၊ထီးချိုင့် ၊ကောလင်းမြို့နယ်တွေနဲ့ ဟုမ္မလင်းမြို့နယ်၊ ခန္တီး-ဟုမ္မလင်း-မန္တလေးလမ်းပိုင်းရှိ ကျေးရွာနဲ့ ကုန်သွယ်ရေးလမ်းပိုင်းတွေကို နေ့စဉ်ရက်ဆက် ဗုံးပတ်ကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးတွေနဲ့လည်း ရမ်းကားပစ်ခတ်ခဲ့ပါတယ်။
တစ်ပတ်ကျော်ကြာ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ကသာမြို့နယ်က သီလရှင်တစ်ပါးအပါအဝင် ဒေသခံနှစ်ဦး၊ အင်းတော်မြို့နယ်က ဒေသခံတွေ၊ခရီးသွားတွေနဲ့ကုန်သည်တွေ အပါအဝင် ပြည်သူငါးဦး၊ ကောလင်းမြို့နယ်မှာ သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် ဒေသခံလေးဦး၊ ထီးချိုင့်မြို့နယ်မှာတစ်ဦးနဲ့ ဟုမ္မလင်းမြို့နယ်မှာ ရွှေမျှောလုပ်ကိုင်နေသူ အမျိုးသားနှစ်ဦး စုစုပေါင်း (၁၄)ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရသူ အယောက်(၃၀)ကျော်ရှိပြီး အဲဒီထဲက ၁၅ဦးကျော်ဟာ ဦးခေါင်းနဲ့ ဝမ်းဗိုက်တွေမှာ ပြင်းထန်ဒဏ်ရာရခဲ့သလို ခြေ၊လက်ဖြတ်တောက်ရမယ့်သူတွေ ပါဝင်ပြီး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ကာ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာကတဆင့် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းကို ပေါ်တာဆွဲ အဓမ္မစစ်သားစုဆောင်းထားသူတွေကို အသုံးချကာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေခဲ့တာဖြစ်ပြီး ထီးချိုင့် ၊ကသာ ၊အင်းတော်မြို့ပေါ် ရပ်ကွက်တွေကို ထိန်းချုပ်ထားပါတယ်။
ဒီလိုထိန်းချုပ်ပြီးနောက်ပိုင်းမှာ စစ်အုပ်စုဟာ ထွေအုပ်နဲ့ပညာရေး Non-CDM ဝန်ထမ်းတွေကို အဓမ္မ ခေါ်ဆောင်လာကာ ထီးချိုင့် ၊ကသာနဲ့ အင်းတော်မြို့နယ်တွေမှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ အင်းတော်မြို့နယ်အတွင်း ပြန်လည်နေထိုင်ခြင်းမရှိတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ခဲ့သလို ပြန်လည်ဝင်ရောက်နေထိုင်နေတဲ့ အရပ်သားတွေကိုလည်း စစ်သင်တန်းတွေ ပေးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ထွေအုပ်ကနေ လက်နက်တပ်ပေးတာရှိတယ်။အရပ်သားတွေ ကင်းစောင့်ခိုင်းတာလည်းရှိတယ်”
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အုပ်စုက ကုန်သွယ်ရေးလမ်းတွေ ပြန်လည်စိုးမိုးနိုင်ဖို့ ကြိုးစားနေပြီး ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းဖြစ်တဲ့ ထီးချိုင့်၊ကသာမြို့နယ်တွေနဲ့ မုံရွာ-ရွှေဘို -စစ်ကိုင်း-မန္တလေးလမ်းပိုင်းဖြစ်တဲ့ စစ်ကိုင်းနဲ့ရွှေဘိုမြို့နယ်တွေမှာလည်း အင်အားရာချီသုံးကာ နှစ်ဘက်ညှပ် စစ်ကြောင်းထိုးနေပါတယ်။
မတ်လနဲ့ဧပြီလတွေအတွင်းက အင်းတော်နဲ့ ထီးချိုင့်မြို့နယ်တွေကို စစ်အုပ်စု ပြန်လည်ထိန်းချုပ်သွားစဥ် /ဓါတ်ပုံ-စစ်အုပ်စု



