စစ်ကိုင်းသတင်း

စစ်ကိုင်းတိုင်း အထက်ပိုင်း မိုးများပြီး မူးမြစ်ရေတိုးလာနေလို့ ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားကြဖို့လို၊မနက်ဖြန်အထိ မိုးဆက်ကြီးနိုင်တယ်လို့ဆို

MN/MFP ၊ အောက်တိုဘာ – ၁

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဝင်ရောက်ခဲ့တဲ့ ကုန်းတွင်းမုန်တိုင်းငယ် အရှိန်ကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးကြီးပြီး ဒီကနေ့မှာ မူးမြစ်ရေ တိုးလာနေတာကြောင့် မြစ်ကမ်းဘေးတလျှောက်က ပြည်သူတွေ ကြိုတင်ပြင်ဆင်ထားကြဖို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက အချင်းချင်း သတိပေးလာကြပါတယ်။

စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်ထိ မြန်မာနိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ကုန်းတွင်းမုန်တိုင်းငယ် အရှိန်ကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မနေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သဖန်းဆိပ်ဆည် အထက်ပိုင်းမှာ မူးမြစ်ရေတိုးနေသလို ဆည်အောက်ပိုင်းမှာလည်း ရေတိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်းကစပြီး မူးမြစ်ရေ တိုးလာတာဖြစ်ပြီး ညနေပိုင်းအထိ ကမ်းလုံးပြည့် ရေလျှံနေသလို ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ရေကြီးခဲ့တဲ့ မူးမြစ်ရေထက် ပိုများနေတယ်လို့ ပင်လည်ဘူး ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

“မူးမြစ်ရေက တိုးနေတုန်းပါဗျ။ အခု ညနေ လေးနာရီခွဲအချိန်မှာ ဒီနှစ်အတွင်း မူးမြစ်ရဲ့ အမြင့်ဆုံး စံချိန်ကို ရောက်ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဩဂုတ်လက မြစ်ရေထက် သာလွန်သွားပါပြီ။ ဒီနှစ်မိုးကာလအတွင်း အမြင့်ဆုံးရေပါဗျ။ ရေဘေးသင့်ဒေသတွေမှာ ဒီတခါ ရေထပ်မြုပ်ခဲ့မယ်ဆိုရင် ရေနစ်ဧရိယာက ပိုများနိုင်မယ်ထင်ပါတယ်။ မူးမြစ်အောက်ပိုင်းက ပြည်သူတွေ ကြိုတင်သတိထား ပြင်ဆင်ထားကြဖို့ လိုပါတယ်ဗျ”လို့ မူးမြစ်ကမ်းဘေးမှာနေထိုင်တဲ့ ပင်လည်ဘူးနယ် ဒေသခံက ပြောပါတယ်။

မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေမှာပါ နေရာကွက်ကာ မိုးကြီးခဲ့ပြီး ကန့်ဘလူမြို့မှာ မိုးရေချိန် ၂ ဒသမ ၇၆ လက်မ၊ ရေဦးမြို့တို့မှာ ၂ ဒသမ ၃၆ လက်မ အထိ ရွာသွန်းခဲ့တယ်လို့ စစ်အုပ်စုလက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့ အောက်တိုဘာ ၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ အောက်ပိုင်းဒေသတွေမှာ မိုးကြီးခဲ့တာကြောင့် သဖန်းဆိပ်ဆည်အတွင်း ရေဝင်ရောက်မှုပိုများနေသလို ဒီကနေ့ အောက်တိုဘာ ၁ ရက်မှာ ဆည်ရေမှတ် ၅၄၃ ဒသမ ၁၅ ပေ ရှိနေပြီး ရေပိုလွှဲကနေ ရေထုတ်လွှတ်ထားမှုဟာ ကျူးဆက် ၂၆၃၂၅ ထုတ်လွှတ်ထားတယ်လို့ သဖန်းဆိပ်ဆည်က ထုတ်ပြန်ထားပါတယ်။

သဖန်းဆိပ်ဆည်အောက်ပိုင်းမှာလည်း မိုးသည်ထန်စွာ ရွာသွန်းထားတာကြောင့် ဆည်ရေ၊ချောင်းရေတွေကြောင့် မူးမြစ်အတွင်းမှာ ရေတိုးနေတယ်လို့လည်း ရေဦးနယ် ဒေသခံက MFP ကို ပြောပါတယ်။

“မနေ့က မိုးများထားတော့ ချောင်းရေတွေက မူးမြစ်ထဲ ကျတော့ မြစ်ရေတိုးလာတာပေါ့။ မြစ်အောက်ပိုင်းက ညောင်ပင်ဝန်းတို့ မြင်းမူတို့ဘက်တွေတော့ ရေတက်နိုင်တယ်။ သူတို့ဘက်တွေ သတိထားဖို့လိုတယ်”လို့ သူက ဆိုပါတယ်။

အခုရက်ပိုင်းတွေအတွင်း မိုးဆက်တိုက်ရွာနေလို့ ကန့်ဘလူခရိုင် ကာဘိုးဆည်အတွင်းကို မိုးရေအများအပြား ဝင်ရောက်နေသလို သဖန်းဆိပ်ဆည်‌ကနေလည်း ရေလွှတ်ထားတာကြောင့် မူးမြစ်ကမ်းကျေးရွာတွေ အထူးသတိထားနေထိုင်ကြဖို့ကိုလည်း တော်လှန်ရေးအဖွဲ့တွေကလည်း သတိပေးထားပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မနက်ဖြန် အောက်တိုဘာ ၂ ရက် မနက်ပိုင်းအချိန်ထိ ခန့်မှန်းချက်တွေအရ နေရာကွက်ပြီး မိုးကြီးနိုင်ပြီး စစ်ကိုင်းအောက်ပိုင်းမှာလည်း နေရာစိပ်စိပ် မိုးဆက်ရွာနိုင်တယ်လို့ စစ်အုပ်စု မိုးဇလက ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အလားတူ မိုးလေဝသ ပညာရှင်ဦးဝင်းနိုင်ကလည်း စစ်ကိုင်းတိုင်း အထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ အောက်တိုဘာ ၁ ရက်ကနေ ၂ ရက်နေ့ထိ နေရာကွက်ကျား မိုးကြီးနိုင်တာကြောင့် မြစ်ရေ မြင့်တက်လာတာ၊ တောင်ကျရေကျဆင်းလာတာနဲ့ ကုန်းမြင့်ပိုင်းတွေမှာ မြေပြိုတာတွေ သတိပြုဖို့ လိုအပ်တယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၅ရက်မှာ မြန်မာနိုင်ငံအထက်ပိုင်းမှာ မိုးများပြီး သဖန်းဆိပ်ဆည်ရေပြည့်မှတ်နီးလာလို့ဆိုကာ စစ်အုပ်စုက ပြည်သူတွေကို အသိမပေးဘဲ ဆည်ရေဖောက်ချခဲ့တာကြောင့် မူးမြစ်ရိုးတလျှောက် မြို့နယ်တွေ ရေကြီးနစ်မြုပ်ခဲ့ပြီး စိုက်ပျိုးမြေဧက သောင်းနဲ့ချီ ရေကြီးနစ်မြုပ်ခဲ့သလို ဒေသခံ ၂၅ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အဆိုပါရေဘေးကြောင့် ပြန်လည်ထူထောင်ရေးတွေ မပြီးသေးခင်မှာ အခုလို မူးမြစ်ရေထပ်တိုးလာတာကြောင့် ပစ္စည်းတွေ ရွှေ့ပြောင်းဖို့ ပြင်ဆင်နေရတယ်လို့ ပြီးခဲ့တဲ့ရေဘေးကို ကြုံတွေ့ခံစားခဲ့ရတဲ့ မြင်းမူနယ် ဒေသခံတဦးက MFP ကို ပြောပါတယ်။

“ပြန်လည်ထူထောင်ရေးကို မလုပ်နိုင်သေးဘူး။ အခုချိန်ထိ ရေတွေက (သီးနှံ)အခင်းတွေထဲ ကျန်နေသေးတယ်။ အခုလည်း ရေက အထက်ပိုင်းမှာတိုးနေတာဆိုတော့ ဒီဘက်ကို မကြာခင်မှာ ရောက်လာတော့မယ်ထင်တယ်။ အခု လူစုပြီးတော့ ပစ္စည်းတွေ ထပ်ရွှေ့ဖို့လုပ်နေရတယ်။ အရင်တခါလို ဆိုးရင် မလွယ်ဘူး။ အခုက ပျက်စီးသွားတဲ့ သီးနှံတွေ ဘာမှကို ပြန်မစိုက်ရသေးဘူး။ ရေက ထပ်တိုးရင် ပိုခက်ကုန်တော့မှာ”လို့သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ရေကြီးမှုတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းက လမ်း၊တံတားတွေ ပျက်စီးခဲ့သလို ကျွဲနွားတိရစ္ဆာန်တွေနဲ့ လယ်ယာသုံးပစ္စည်းတွေနဲ့ စစ်ရှောင်တဲထောင်ချီ ရေထဲမျောပါခဲ့ပြီး ဒေသခံ နှစ်သိန်းခြောက်သောင်းကျော် ရေဘေးသင့်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ အဆိုပါ ရေဘေးသင့် ပြည်သူတွေဟာ အခက်အခဲတွေ ကြုံတွေ့နေရဆဲဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကိုယ်ထူကိုယ်ထနဲ့သာ လုပ်ဆောင်နေကြရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဝင်ရောက်ခဲ့တဲ့ ကုန်းတွင်းမုန်တိုင်းငယ်အရှိန်ကြောင့် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးကြီးပြီး မူးမြစ်ရေတိုးလာနေစဉ်/‌ဓာတ်ပုံ-ဒေသခံ

Related Articles

Back to top button