စစ်ကိုင်းသတင်းအညာမြေ တော်လှန်ရေး

ကျွန်းလှ သဖန်းဆိပ်ဆည် ရွှေမျှောတွေကို စစ်အုပ်စု ထပ်မံ ဗုံးကြဲနေ၊

မနေ့က ဗုံးကြဲခံရမှု သေဆုံးသူ ဒါဇင်နဲ့ချီ တိုးလာပြီး အလောင်းအများစု ရှာမတွေ့သေး၊

ရေပြင်ထဲမို့ ပြေးစရာ၊ပုန်းခိုစရာ မရှိဘဲ စစ်အုပ်စု ဗုံးကြဲသတ်ဖြတ်မှုဒဏ် လည်စင်းခံနေကြရ၊

ဒေါ်လာ/MFP၊ အောက်တိုဘာ – ၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီး ရွှေတူးဖော်လုပ်ကိုင်နေတဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး အာဏာသိမ်း စစ်အုပ်စုက ဒီကနေ့ မနက်ပိုင်းမှာလည်း တိုက်လေယာဉ်တွေနဲ့ သုံးကြိမ် ထပ်မံ လာရောက် ဗုံးပတ်ကြဲ သတ်ဖြတ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

အောက်တိုဘာ ၆ရက် မနက် ၁၁နာရီဝန်းကျင်အချိန် ဟုမ္မလင်းမြို့ကနေ ပျံတက်လာတဲ့ တိုက်လေယာဉ် တစ်စီးနဲ့ သုံးကြိမ် ဗုံးကြဲ၊ပစ်ခတ်တာလို့ ဆိုပါတယ်။

“မနေ့က နေရာတွေပဲ လာကြဲတာ” လို့ ဒေသခံတစ်ဦးက ပြောပြီး ထိခိုက်မှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အောက်တိုဘာ ၅ရက် မနေ့ကလည်း သဖန်းဆိပ်ဆည်အနီးရှိ ရွှေတူးဖော်တဲ့ ဖောင်တွေကို နေ့လည် ၁နာရီကျော်အချိန်မှာ ဟုမ္မလင်းမြို့ကနေ ပျံတက်လာတဲ့ တိုက်လေယာဉ် တစ်စီးနဲ့ ဗုံးကြဲပြီးနောက် ထိမှန်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်နေချိန် ညနေ ၄နာရီခွဲအချိန်မှာ နောက်ထပ် တိုက်လေယာဉ် နှစ်စီးနဲ့ ထပ်မံကာ တရစပ် ဗုံးကြဲသလို ရော့ကတ် (Rocket) တွေနဲ့ပါ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

“ဟုမ္မလင်းတက် ဂျက်ဖိုက်တာ၊ ရော့ကတ်လို့ ပြောရမလား၊ အဲ့ဒါတွေနဲ့ အတွဲလိုက်ပစ်တာ” လို့ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ ရွှေမျောရွှေဖောင်တွေ ဗုံးကြဲခံရမှုမှာ ရွှေဖောင် ၁၀ ဖောင်ထက်မနည်း မီးလောင် ပျက်စီးပြီး ကနဦးမှာ ရွှေဖောင်တွေနဲ့အတူ မီးလောင်သေဆုံးတဲ့ အလောင်းနှစ်လောင်းနဲ့ ဒဏ်ရာရသူ ၃၀ လောက်သာ တွေ့ခဲ့ရာက ထပ်မံ ရှာဖွေချိန် သေဆုံးသူ ၃၀ ကျော်အထိ မြင့်တက်လာတယ်လို့ သတင်းကြားကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ ရွှေဖောင်တွေမှာ ဖောင်တစ်ခုကို လုပ်သား ငါးယောက်၊ ခုနှစ်ယောက် စုဖွဲ့ လုပ်ကိုင်ကြတာ ဖြစ်ပြီး မနေ့က ဗုံးကြဲခံရမှုကြောင့် ရွှေဖောင်တွေရော လူတွေပါ မီးလောင်သေဆုံး၊ ရေမြုပ်သူ ၃၀ လောက် ရှိတယ်လို့ သတင်းထွက်နေပြီး အလောင်းတွေကတော့ ရှာဖွေနေကြဆဲလို့ ဒေသခံတွေက ပြောပါတယ်။

“ဒီမနက်ကြားတာက ၃၀ လောက် သေတယ်လို့ ကြားတယ်။ ၃၀ လုံး အလောင်းမရသေးဘူး၊ ဆည်ရေထဲ မပေါ်လာသေးဘူးလို့ ကြားတယ်။ ဖောင်လုံးကျွတ် ခုနစ်ယောက် သေတာတွေ၊ ငါးယောက် သေတာတွေ ရှိတယ်လို့ ကြားနေရတယ်” လို့ ဒေသခံတစ်ဦးက MFP ကို ပြောပါတယ်။

အဲ့ဒီ ရွှေဖောင်တွေ ဗုံးကြဲသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး MFP အနေနဲ့ အသေးစိတ် အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ဆည်ရေပြင်မှာ ဖောင်ဖွဲ့ကာ ရွှေတူးဖော် လုပ်ကိုင်နေကြတာကြောင့် စစ်အုပ်စုက ဗုံးလာကြဲချိန် ပြေးစရာမြေမရှိ၊ ပုန်းခိုစရာ နေရာမရှိဘဲ လည်စင်းခံနေကြရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

သဖန်းဆိပ်ဆည်အနီး ရွှေတူးဖော် လုပ်ကိုင်သူတွေဟာ စစ်ကိုင်းတိုင်း ဒေသအနှံ့က စစ်ဘေးရှောင် ပြည်သူတွေ ဖြစ်ပြီး ကြီးပွားချမ်းသာဖို့အတွက် မဟုတ်ဘဲ နေ့စဉ် စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့အတွက် လာရောက် ရွှေတူးဖော်လုပ်ကိုင်နေကြရသူတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ချမ်းသာဖို့အတွက် မဟုတ်ဘဲ ဝမ်းရေးအတွက် အလုပ်လာလုပ်ကြတဲ့ ရွှေ​ဖောင်မျောအလုပ်သမားတွေ၊ ဒီ အလယ်ပိုင်းကသူတွေက အရမ်း ရေမကူးတတ်ကြဘူး၊ အလုပ်အကိုင် ရှားပါးတော့လည်း ရွှေ​ဖောင် အလုပ်သမား လာလုပ်ကြတာ။ အခုနောက်ပိုင်း စကစ တွေက​ဖောင်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာတော့ ​ဖောင်ကို ကြဲခံရရင် အလုပ်သမားတွေ အသက်ဆုံးရှူံးရတယ်။ ကမ်းမနီး လမ်းမနီး ဝပ်စရာ မရှိတဲ့ ဆည်ရေပြင်ကြီးထဲမှာ ကံကို ယုံပြီး အလုပ်လုပ်ရတယ်။ အရင်လတွေ ကြဲတုန်းကလည်း အသက်ဆုံးရှုံးသူ များတယ်။ ကိုယ်မသေသေးသမျှ ဝမ်းရေးအတွက် ဆက်လုပ်နေရတာ သဘာဝမို့ ကံကိုသာ ယုံကြည်မိကြရတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

သဖန်းဆိပ်ဆည်အနီးရှိ တရားမဝင် ရွှေတူးလုပ်ငန်းတွေကို ဗုံးကြဲရှင်းလင်းခဲ့တယ်လို့ ကန့်ဘလူနယ် ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဝါသဝ က လူမှုကွန်ယက်မှာ အောင်ပွဲခံ သတင်းဖြန့်ပါတယ်။

အဲ့ဒီ သဖန်းဆိပ်ဆည်အနီး စစ်အုပ်စုက နယ်မြေမစိုးမိုးနိုင်လို့ ရွှေတူးဖော်ရေး လုပ်ငန်းတွေကနေ ဆက်ကြေးငွေ မကောက်ခံနိုင်ဘဲ ဖြစ်နေရာ အခုလို ပြည်သူကို ပစ်မှတ်ထားကာ ရွှေမျှောတွေကို ဗုံးပတ်ကြဲနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ရက်ကလည်း ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေတူးဖော်တဲ့ ရွှေမျောဖောင်တွေကို အာဏာသိမ်း စစ်အုပ်စုက တိုက်လေယာဉ်တွေနဲ့ ဗုံးပတ်ကြဲ သတ်ဖြတ်ရာ သေဆုံးသူ ၁၃ဦးနဲ့ အလောင်ရှာမရဘဲ ပျောက်ဆုံးသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

မတ်လနောက်ပိုင်း စစ်အုပ်စုက သဖန်းဆိပ်ဆည်ရှိ ရွှေတူးဖော်ရေး လုပ်ငန်းတွေကို မကြာခဏ ဗုံးပတ်ကြဲနေတာလည်း ဖြစ်ပါတယ်။

ကျွန်းလှ၊ သဖန်းဆိပ်ဆည် ရွှေမျောရွှေဖောင်တွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲလို့ မီးလောင်နေစဉ်/Photo – ဒေသခံ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။

#Mandalay_Free_Press_MFP

#အညာ #စစ်ကိုင်း #သဖန်းဆိပ်ဆည်​ #​ရွှေမျှောရွှေဖောင်

Related Articles

Back to top button